တရုတ်နိုင်ငံအရှေ့ပိုင်းက လျှပ်စစ်ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုမှာ ဆန္ဒပြနေကြတဲ့ ထောင်နဲ့ချီတဲ့ အလုပ်သမားတွေဟာ ကုမ္ပဏီအရာရှိတွေက သူတို့ရဲ့ နှစ်ကုန်ဆုကြေးငွေ (ဘွန်းနက်စ်) တိုးပေးဖို့ သဘောတူ လိုက်ပြီးတဲ့နောက်မှာတော့ သုံးရက်ကြာ ဆန္ဒပြပွဲတွေကို ဒီကနေ့ အဆုံးသတ်လိုက်ပါတယ်။
နန်ကျင်းမြို့မှာရှိတဲ့ တောင်ကိုရီးယားပိုင် LG Display ကုမ္ပဏီက အလုပ်သမား ၈ ထောင်လောက်ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က စပြီး အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ကြတာပါ။ တောင်ကိုရီးယား အလုပ်သမားတွေဟာ တရုတ် အလုပ်သမားတွေထက် ဆုကြေးငွေ ၆ ဆ ပိုပြီး ရနေတဲ့အတွက် သူတို့က မကျေမနပ် ဖြစ်ခဲ့ကြတာပါ။
ဒါပေမဲ့ တာဝန်ရှိသူတွေက ဒီ တရုတ် အလုပ်သမားတွေရဲ့နှစ်လစာ လစာအထိ ဆုကြေးငွေကို နှစ်ဆတိုးပေးမယ်လို့ ပြောဆိုခဲ့ပြီးတဲ့နောက် အလုပ်သမားတွေ ပြန်အလုပ်ဆင်းဖို့ သဘောတူခဲ့ကြတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ တရုတ်အလုပ်သမားတွေဟာ လစဉ် ပျမ်းမျှ လစာ ဒေါ်လာ ၂၂၀ လောက် ရကြပါတယ်။
တချိန်တည်းမှာပဲ တရုတ်နိုင်ငံ တောင်ပိုင်းမြို့ ဂွမ်ဂျူး (Guangzhou) က စက်ရုံတစ်ခုမှာလည်း အလားတူ နှစ်ကုန် ဆုကြေးငွေ လျှော့ချမှုကို ကန့်ကွက်တဲ့ အလုပ်သမားတွေရဲ့ ဆန္ဒပြမှုတွေ ဒီကနေ့ဖြစ်ခဲ့တယ်လို့ အမေရိကန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ခုက ပြောပါတယ်။ ဂျပန် ကုမ္ပဏီ Ahresty Corp ရဲ့ ကားပစ္စည်းစက်ရုံက အလုပ်သမားတွေ အင်္ဂါနေ့က အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ကြတယ်လို့ တရုတ်အလုပ်သမား စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။