ဗဟိုအာရှဒေသက ခါဂျစ်စတန်နိုင်ငံရဲ့ Manas မြို့က အရပ်ဘက်သုံးလေဆိပ်အနီးမှာ အမေရိကန်ရဲ့ စစ်စခန်းကို ဆက်ပြီးထားရှိဖို့ဟာ အန္တရာယ်ကြီးမားနေတယ်လို့ ခါဂျစ်စတန်သမ္မတ Almazbek Atambayev က အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Robert Blake ကို Bishkek မြို့မှာ ဒီကနေ့ ပြောလိုက်ပါတယ်။
စစ်စခန်းမြေငှားခအဖြစ် အမေရိကန်ဆီက နှစ်စဉ်ရရှိနေတဲ့ အမေရိကန်ဒေါ်လာ သန်း ၁၅၀ ဟာ အရက်ဘက်လေယာဉ်ကွင်းကို စစ်ရေးအတွက် အသုံးချခံနေရမှုနဲ့ နှိုင်းယှဉ်လိုက်ရင် ဘာမှ ထိုက်တန်မှု မရှိဘူးလို့ ခါဂျစ်စတန်သမ္မတ Almazbek Atambayev က သတင်းထောက်တွေကို ပြောပြသွားပါတယ်။
အာဖဂန်နစ္စတန်က စစ်ပွဲအတွက် အမေရိကန်ကန်ရဲ့ စစ်ရေးထောက်ပံ့မှုတွေကို ဒီ ခါဂျစ်စတန်နိုင်ငံ၊ မာနက်စ်မြို့က အမေရိကန်စစ်စခန်းကနေ အရပ်ဘက်လေဆိပ်ကို အသုံးပြုပြီး လုပ်ကိုင်ဆောင်ရွက် နေခဲ့တာပါ။
အီရတ်၊ အာဖဂန်နစ္စတန်က အမေရိကန်နဲ့ စစ်ဆင်တိုက်ခိုက်မှုတွေနဲ့ အီရန်၊ အမေရိကန်ဆက်ဆံရေး ယိုယွင်းလာမှုတွေအပြင် ခါဂျစ်စတန်နိုင်ငံဟာ အမေရိကန်နဲ့ မပြေလည်တဲ့နိုင်ငံတွေကို စစ်ဆင် တိုက်ခိုက်ရာမှာ အသုံးပြုတဲ့မြေအဖြစ် အဖြစ်မခံတော့ဘူးလို့လည်း သမ္မတ Almazbek Atambayev က ပြီးခဲ့တဲ့ နိုဝင်ဘာလက ပြောဆိုခဲ့ပါတယ်။ ဒီနှစ်အတွက် ဒီစစ်စခန်းငှားရမ်းတဲ့ သက်တမ်းစေ့ရင် ထပ်ပြီး ငှားရမ်းတဲ့သက်တမ်းကို မတိုးတော့ဘူးလို့လည်း မစ္စတာ Almazbek Atambayev က ဆိုခဲ့ပါတယ်။
ခါဂျစ်စတန်မှာ ရုရှားရဲ့ စစ်စခန်းတခုလည်း ရှိနေတာကြောင့် ဒီသတင်းဟာ ရုရှားအတွက်တော့ သတင်းကောင်းတခုပဲလို့ လေ့လာသူတွေက ပြောကြပါတယ်။