ဦးညိုအုန်းမြင့် ။ ။ ဒီခရီးစဉ်က သုံးကြိမ်တိုင်တိုင် ရွှေ့ဆိုင်ထားတဲ့အတွက်ကြောင့် ဒီခရီးစဉ်ကို တရုတ်ဝန်ကြီးချုပ်အနေနဲ့ မဖြစ်မနေ သွားဖို့လိုအပ်တယ်။ နောက်တခုက ရွေးကောက်ပွဲမတိုင်ခင်မှာ မြန်မာစစ်အစိုးရမှာ တာဝန်ရှိနေတဲ့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေနဲ့ ကျန်တဲ့ လူတွေနဲ့ တရုတ်-မြန်မာ ချစ်ကြည်ရေးကို ဆက်ပြီး နောက်အစိုးရလက်ထက်မှာလည်း ပိုပြီးတော့ ဆက်လက်ရှိဖို့ လိုအပ်တယ်လို့ တရုတ်အစိုးရဘက်က ယူဆတယ်လို့ သိရပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ အစောက ပြောခဲ့သလို ဒီခရီးစဉ်က အကြောင်းအမျိုးမျိုးကြောင့် မကြာခဏ ရွှေ့ဆိုင်ထားခဲ့ရတယ့် ခရီးစဉ်လည်း ဖြစ်နေတယ်။ ဒါပေမဲ့ ဒီခရီးစဉ်ရဲ့ timing အချိန်ကာလအနေနဲ့လည်း မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကိစ္စ၊ တခြား နယ်စပ်ဒေသ ပြဿနာ အစရှိတဲ့ အရေးပါတယ့် အခြေအနေတွေနဲ့ တိုက်ဆိုင်နေတယ်ဆိုတော့ အထူးသဖြင့် ဦးညိုအုန်းမြင့် ပြောတဲ့ မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကိစ္စနဲ့ ပတ်သက်လို့ တရုတ်အစိုးရက ဘယ်လိုသဘောထားတွေရှိတယ်လို့ ကြားရပါလဲ။
ဦးညိုအုန်းမြင့် ။ ။ တရုတ်အစိုးရပိုင်းတွင်မက ယူနန်တက္ကသိုလ်က ပါမောက္ခတဦးရဲ့ ပြောကြားချက်အရဆိုရင် သူတို့အနေနဲ့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပပြီးတော့ ဒီရွေးကောက်ပွဲက ထွက်လာတဲ့ရလဒ်က စစ်မှန်ပြီးတော့ အပြည်ပြည်ဆိုင်ရာကနေ လက်ခံနိုင်တဲ့အရာ ဖြစ်သင့်တယ်ဆိုတဲ့အချက်ကို သိရပါတယ်။ တရုတ်အစိုးရရဲ့ အဓိက စိုရိမ်ချက်က ဒီရွေးကောက်ပွဲမှာ အန်အယ်လ်ဒီ လည်းမပါတော့ဘူး။ နောက် လက်ရှိ စစ်အုပ်စုကပဲ ဆက်ပြီး တာဝန်ယူမယ်ဆိုရင် အပြည်ပြည်ဆိုင်ရာရဲ့ ဖိအားတွေက တရုတ်အစိုးရအပေါ် လာရိုက်ခတ်နိုင် တယ်ဆိုတဲ့ အချက်ကိုလည်း သူတို့အနေနဲ့ စိုရိမ်ချက်ရှိတယ်ဆိုတာကိုလည်း သိရပါတယ်။ တရုတ်အစိုးရအနေနဲ့ နယ်စပ်ပြဿနာ၊ ဒီမိုကရေစီပြဿနာ၊ နောက်တခုအနေနဲ့က မြန်မာနိုင်ငံရဲ့ လောလောဆယ် လက်ရှိဖြစ်ပေါ်နေတဲ့ စီးပွားရေး၊ လူမှုရေး ပြဿနာတွေ အပေါ်မှာ သူတို့အနေနဲ့လည်း ဒါ စိုရိမ်သင့်တဲ့အချက်တွေ ဖြစ်တယ်ဆိုတဲ့အချက်ကိုလည်း ကျနော်တို့ သိရပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ရွေးကောက်ပွဲအကြောင်းကို ဆက်ပြောရမယ်ဆိုရင် မကြာသေးခင်က မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်သံအမတ်ကြီးက ရွေးကောက်ပွဲကော်မရှင်နဲ့ သွားရောက်တွေ့ဆုံမှုတွေ လုပ်ခဲ့တယ်လို့ ကြားရပါတယ်။ ဘယ်အကြောင်းတွေ ဆွေးနွေးတယ်ဆိုတာတော့ သတင်းအတိအကျ မသိရပါဘူး။ ဒါပေမဲ့ ဒီ တွေ့ဆုံမှုက မြန်မာနိုင်ငံကို တရုတ်ဝန်ကြီးချုပ် အလည်အပတ်လာရောက်မယ်ဆိုတဲ့ အချိန်နဲ့လည်း နီးစပ်နေတယ်ဆိုတော့ ဘယ်လိုအချက်အလက်တွေ စုဆောင်းနေတယ်လို့ ယူဆရပါသလဲ။
ဦးညိုအုန်းမြင့် ။ ။ တရုတ်အစိုးရရဲ့ အဓိက စိုရိမ်ချက်ကတော့ အန်အယ်လ်ဒီ အနေနဲ့ ပြန်လည်မှတ်ပုံမတင်တဲ့ကိစ္စ ကို အင်မတန် စိုရိမ်ပါတယ်။ အန်အယ်လ်ဒီ အနေနဲ့ ၉၀ ရွေးကောက်ပွဲရလဒ်ကို တဘက်ကကိုင်ထားပြီးတော့ နအဖ အနေနဲ့ ဒီ ၂၀၁၀ ကို မဖြစ်မနေ ကျန်တဲ့ အတိုက်အခံ အင်အားစုဖြစ်တဲ့ အန်အယ်လ်ဒီ မပါနိုင်အောင် အမျိုးမျိုးလုပ်ထားတယ်ဆိုတဲ့အပေါ်မှာ တရုတ်အစိုးရအနေနဲ့ အင်မတန် စိုရိမ်တာကို တွေ့ရပါတယ်။ အဲဒီအတွက်ကြောင့် တရုတ်အစိုးရက တချိန်လုံး ထုတ်ပြောနေတဲ့အထဲမှာ ကျနော်တို့ သတိထား ရမယ့် အချက်ကတော့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလမှာ သက်ဆိုင်တဲ့ အင်အားစုတွေ မပါနိုင်ဘူးဆိုရင် မြန်မာနိုင်ငံရဲ့ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေးအတွက် အများကြီး အခက်အခဲဖြစ်တယ်ဆိုတဲ့အချက်ကို တရုတ်အစိုးရအနေနဲ့ ဒီအပေါ်မှာ စိုရိမ်မကင်း ကြောင့်ကြမှု ရှိတယ်ဆိုတာကို တွေ့ရပါတယ်။ နောက်တခုက အမေရိကန်အစိုးရရဲ့ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Kurt Campbell ခရီးစဉ်အပြီးမှာ တရုတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ်မှာ ထားရှိတဲ့ ပေါ်လစီတွေကို လေ့လာသုံးသပ်တဲ့နေရာမှာ တရုတ်အစိုးရအနေနဲ့ ပြောင်ပြောင်တင်းတင်း မဟုတ်တောင် မဟုတ်တောင်မှ မြန်မာစစ်အစိုးရကို ကျန်တဲ့အင်အားကြီး ကမ္ဘာ့နိုင်ငံကြီးတွေနဲ့ ပူးပေါင်း ဆောင်ရွက်ပြီး မြန်မာနိုင်ငံရဲ့ အခြေအနေကို အတက်နိုင်ဆုံး အကောင်းဘက်ကို ဦးတည်အောင် ကြိုးစားမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ တရုတ်ခေါင်းဆောင်တွေရဲ့ တိုက်တွန်းချက်၊ ပြောကြားချက်တွေက တခြားအနောက်နိုင်ငံတွေလို့ မဟုတ်ဘဲ မြန်မာစစ်အစိုးရကို ဗြောင်ပွင့်ပွင့်လင်းလင်း ဝေဖန်လေ့မရှိဘူးဆိုတာကို ကျနော်တို့ သိပါတယ်။ ဒါပေမဲ့ တခြား လက်သိပ်ထိုး ပြောကြားမှု တွေ ရှိနေတယ်ဆိုတာလည်း ကြားရတယ်ဆိုတော့ ဒီ တရုတ်ခေါင်းဆောင်တွေရဲ့ တိုက်တွန်းပြောဆိုချက်တွေကို မြန်မာစစ်အစိုးရက နားထောင်မှာလား။
ဦးညိုအုန်းမြင့် ။ ။ ပြီးခဲ့တဲ့ တရုတ် ဒု-သမ္မတ ခရီးစဉ်မှာ တရုတ်အစိုးရအနေနဲ့ political development နိုင်ငံရေးတိုးတက်မှု လိုအပ်တယ် ဆိုတဲ့ အချက်ကို ထောက်ရှု့ခြင်းအားဖြင့် တရုတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ နအဖ တဘက်သတ်ပြုလုပ်မယ့် ရွေးကောက်ပွဲအပေါ်မှာ စိုရိမ်ကြောင့်ကြမှုရှိတယ်ဆိုတာကို သူ တရားဝင်ဖော်ထုတ်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် တဘက်မှာ တရုတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံ အပေါ်မှာ တနိုင်ငံတည်းသော အပြည့်အဝ ထောက်ခံတဲ့နိုင်ငံဖြစ်တာကြောင့် တရုတ်အစိုးရ ငြိုငြင်မှုကို နအဖအနေနဲ့လည်း ဒီလို တုံ့ပြန်တဲ့ နေရာမှာ တရုတ်အစိုးရအပေါ် အတတ်နိုင်ဆုံး မိတ်ဆွေကောင်း ပီသတယ်ဆိုတဲ့အချက်ကိုလည်း မြန်မာစစ်အစိုးရ အာဏာပိုင်တွေအနေနဲ့ လိုတယ်။ ဘာကြောင့်လည်းဆိုတော့ မပြသဘူးဆိုရင် တရုတ်အစိုးရက ဒီနေ့ မြန်မာနိုင်ငံရဲ့ စီးပွားရေး နဲ့ သံတမန်ရေး နဲ့ နိုင်ငံရေး ကျောထောက်နောက်ခံမှုက မြန်မာနိုင်ငံရဲ့ အလားအလာကို ကြည့်ခြင်းအားဖြင့် တရုတ်အစိုးရအနေနဲ့လည်း ဒီလို ဖိအားပေးနိုင်တယ်ဆိုတဲ့ အနေအထားတခုလည်း မြန်မာအစိုးရ နားလည်းတယ်လို့ ယုံကြည်ရပါတယ်။ ဒီအတွက်ကြောင့်လည်း နအဖ အနေနဲ့ မချစ်သော်လည်း အောင့်ကာနမ်း ဆိုတဲ့ အနေအထားမျိုးနဲ့ တရုတ်အစိုးရရဲ့ တောင်းဆိုမှုတွေ၊ တရုတ်အစိုးရရဲ့ ဖြောင့်ဖြမှုတွေကို မျက်ကွယ်ပြုဖို့ အခက်အခဲ ရှိတယ်လို့ ကျနော်တို့ သုံးသပ်ရပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ တရုတ်နိုင်ငံအနေနဲ့ အမြဲတမ်းပြောနေတာက အိမ်နီးချင်းနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ဖက်ဘူးလို့ ပြောနေတယ်။ ဒါပေမဲ့လည်း တကယ်တမ်းဆိုရင် မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို သိသိသာသာတမျိုး၊ နောက်ကွယ်ရတမျိုး တိုက်တွန်းပြောကြားမှုတွေ ရှိနေတာတော့ အမှန်ပေါ့။ ဒီနေရာမှာ ကျနော်တို့ နှိုင်းယှဉ်ပြီး ကြည့်ချင်တဲ့အချက်တချက်က အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ သွားတုန်းကဆိုရင် မြန်မာနိုင်ငံမှာ အနာဂတ်မှာ ပါဝင်ပတ်သက်ရမယ့် ပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးပါတီတွေ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပါအဝင် ဒေါ်အောင်ဆန်းစုကြည် တို့နဲ့ တွေ့ဆုံမှုတွေလုပ်တယ်။ အစိုးရအရာရှိတွေနဲ့လည်း တွေ့ပြီး ညှိနှိုင် ဆွေးနွေးမှုလုပ်တယ်။ တရုတ်အစိုးရအနေနဲ့ ဒီလို အရေးပါတယ့်ခရီးစဉ်မှာ မြန်မာနိုင်ငံရဲ့ အနာဂတ်မှာ အရေးပါလာမယ့် နိုင်ငံရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေ၊ အထူးသဖြင့် အန်အယ်လ်ဒီ အဖွဲ့ဝင်တွေ နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့နဲ့ တွေ့ဖို့ မသင့်ဘူးလား။ ဒီကိစ္စကို ဦးညိုအုန်းမြင့်တို့ ပြင်ပကနေ တောင်းဆိုမှုတွေ လုပ်ပေးခွင့်တွေ မရှိဘူးလား။
ဦးညိုအုန်းမြင့် ။ ။ ကျနော်တို့ ပြီးခဲ့တဲ့ နှစ်လကျော်ကျော်လောက်က တရုတ်အစိုးရအပေါ်မှာ တကယ်လို့ တရုတ်အစိုးရဝန်ကြီးရဲ့ ချစ်ကြည်ရေး ခရီးစဉ်မှာ အတိုက်အခံအင်အားစုတွေနဲ့ အနည်းဆုံး သူတို့အနေနဲ့ တရားဝင်ထုတ်ပြောဖို့ တိုက်တွန်းခဲ့တာတွေ ရှိပါတယ်။ နောက်တခုအနေနဲ့ တရုတ်အစိုးရအနေနဲ့ ဖြစ်နိုင်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ အနာဂတ်က ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းရင်းသား အင်အားစုတွေရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုသင့်တယ်ဆိုတဲ့ အချက်ကို ကျနော်တို့ တိုက်တွန်းတဲ့အပေါ်မှာ တရုတ်အစိုးရ အနေနဲ့ လက်ခံစဉ်းစားမယ်ဆိုတဲ့အချက်ကို ကျနော်တို့ တွေ့ရပါတယ်။ ဒါပေမဲ့လည်း အခုနပြောသလို အမေရိကန် ဒီမိုကရေစီနိုင်ငံတွေရဲ့ ပွင့်လင်းတဲ့၊ ဒီမိုကရေစီအပေါ်မှာ ထောက်ခံပြီး တရားမျှတတဲ့ အပြည်ပြည်ဆိုင်ရာ ဆက်ဆံမှုမျိုး တရုတ်အစိုးရမှာ ကျနော်တို့ မတွေ့ရသေး ပါဘူး။ ဒါပေမဲ့ တဘက်မှာ တရုတ်အစိုးရအနေနဲ့ ၁၉၉၀ ရွေးကောက်ပွဲ ပြုလုပ်ချိန်က တရုတ်သံအမတ်ကြီးကိုယ်တိုင် အန်အယ်လ်ဒီရုံးမှာ လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့တာတွေကို ကြည့်ခြင်းအားဖြင့် တရုတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအပေါ်မှာ မျက်ခြေမပြတ်ဘူးလို့ ကျနော်တို့ တွေ့ရပါတယ်။ ဒါပေမဲ့လည်း သူတို့ရဲ့ Bandung မူ (၅) ချက်၊ နောက်တခါ တခြားပြည်ပနိုင်ငံတွေက ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ပါဘူးဆိုတဲ့ အချက်ကို တရုတ်အစိုးရအနေနဲ့ အလေးထားတယ်ဆိုတဲ့ အချက်က အတက်နိုင်ဆုံး နအဖအပေါ်မှာ ဒီလို မျက်နှာမပျက်စေတဲ့ နိုင်ငံရေး၊ ဆက်ဆံရေးမျိုးကို ကျင့်သုံးနေသေးတယ်ဆိုတာကို တွေ့ရတယ်။ ဒါပေမဲ့ တဘက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကိုလည်း အသိအမှတ်ပြုထားတယ်ဆိုတာကိုလည်း တွေ့ရပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ တရုတ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပေါ် ဘယ်လိုသဘေားထားလဲ။ အတိအကျအားဖြင့် ဘယ်လို သဘောထားသလဲ။ ဘယ်လို ဆက်ဆံမှုတွေ ရှိခဲ့သလဲ။
ဦးညိုအုန်းမြင့် ။ ။ အဓိကအားဖြင့် ၁၉၉၀ ခုနှစ်တုန်းကတကြိမ် တွေ့ဆုံခဲ့တာတွေ ရှိခဲ့ပါတယ်။ နောက်တဘက်မှာလည်း တရုတ်အစိုးရ အနေနဲ့ ပညာရှင်အပိုင်းနဲ့ ပတ်သက်ပြီး ကျနော်တို့ ဒီဘက်မှာရှိနေတဲ့ အတိုက်အခံအင်အားစုတွေနဲ့လည်း တွေ့ဆုံဆွေးနွေးမှုတွေလည်း ရှိပါတယ်။ ဒါတွေက အဓိကအားဖြင့် တရုတ်အစိုးရရဲ့ အနှစ် (၂၀) ကာလအတွင်းမှာ တရုတ်အစိုးရအနေနဲ့ အတတ်နိုင်ဆုံး မြန်မာနိုင်ငံရဲ့ အနေအထားတွေအပေါ်မှာ သူတို့ သတိထားဆက်ဆံတာကို တွေ့ရပါတယ်။ ဒါပေမဲ့လည်း နအဖရဲ့ တဘက်သတ်ကျလွန်တဲ့ အနေအထား၊ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွား၊ တရုတ်နိုင်ငံရဲ့ လုံခြုံရေးကို အဓိက ဇောင်းပေးတဲ့အတွက်ကြောင့် အမေရိကန်၊ ကျန်တဲ့ နိုင်ငံတွေလို ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံဆွေးနွေးပြီလို့ အဖြေရှာတဲ့ အနေအထားတော့ မရှိပေမဲ့လည်း မြန်မာစစ်အစိုးရအပေါ်မှာ အင်မတန်မှ သြဇာကြီးတဲ့ နိုင်ငံတနိုင်ငံအဖြစ် သူ့အနေနဲ့ အဲဒီဘက်အခြမ်းမှာ အာရုံစိုက်တာကို တွေ့ရပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ အခု မြန်မာဝန်ကြီးချုပ် ဦးသိန်းစိန်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်အနေနဲ့ အစောပိုင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ ကာလ ကတည်းက အဖွဲ့ရဲ့ ကိုယ်စားလှယ်တွေကို တရုတ်နိုင်ငံ ချစ်ကြည်ရေးခရီးတွေ သွားတယ်၊ အဖွဲ့ခေါင်းဆောင်တွေကို တရုတ်နိုင်ငံသွားပြီး တရုတ်ခေါင်းဆောင်တွေနဲ့ မိတ်ဆက်မှုတွေ လုပ်ထားတယ်ဆိုတာကိုလည်း တွေ့ရပါတယ်။ အခု ပါတီအဖြစ် ပြောင်းလဲလိုက်တဲ့ အခြေအနေမှာ တရုတ်အစိုးရအနေနဲ့ ဒီပါတီအပေါ်ကို ဘယ်လို ဆက်ဆံမှုတွေ လုပ်လာလိမ့်မယ်လို့ မျှော်လင့်ပါသလဲ။
ဦးညိုအုန်းမြင့် ။ ။ အဓိကအနေနဲ့ တရုတ်အစိုးရက ဘယ်သူတက်တက် ငါ့အစိုးရဆိုတဲ့ ပေါ်လစီ သုံးမှာကို ကျနော်တို့ စိုရိမ်တကြီး စောင့်စား နေရတဲ့ အနေအထားမှာ ရှိပါတယ်။ ဒါပေမဲ တဘက်မှာ မြန်မာနိုင်ငံမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တဘက်သတ် အနိုင်ရတာမျိုး၊ မတရား အနိုင်ယူသွားတာမျိုး ပုံသဏ္ဍာန်မှာ တရုတ်အစိုးရအနေနဲ့ နိုင်ငံရေးအရ ထောက်ခံပေမယ့် တဘက်မှာ ဖြစ်ပေါ်လာမယ့် မြန်မာနိုင်ငံရဲ့ မတည်ငြိမ်အနေအထားတွေ၊ မြန်မာနိုင်ငံရဲ့ ဒီနေ့ လက်တွေ့ကြုံနေရတဲ့ အခြေခံ လူထုရဲ့ လိုအပ်ချက်တွေ၊ ရေအရ မီးအဆုံး ဒီလို ကိစ္စမျိုးတွေကို မစောင့်ရွက် မနိုင်မခြင်း။ မြန်မာနိုင်ငံရဲ့ အစိုးရက တည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတခုကို မဖော်ထုတ်နိုင်ဘူး၊ မဖော်ဆောင်နိုင်ဘူးဆိုတာ တရုတ်အစိုးရအနေနဲ့ ကောင်းကောင်း သဘောပေါက်ပါတယ်။ ဒီအတွက်ကြောင့် သူတို့ရဲ့ အဓိက ဒီအချိန်မှာ အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့ တရုတ်အစိုးရ အာဏာပိုင်တွေ နဲ့ တရုတ်ပညာရှင်တွေက မကြာခဏဆိုသလို ထောက်ပြဆွေးနွေးလာတဲ့ အချက်ကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးကာလမှာ ဒီမိုကရေစီ နဲ့ တိုင်းရင်းသားအင်အားစုတွေ၊ နအဖ စစ်အုပ်စုနဲ့ပါ အမျိုးသားရင်ကြားစေ့ရေး အခြေခံနဲ့ တွေ့ဆုံဆွေးနွေးမှု တခုဖြစ်လာအောင် တရုတ်အစိုးရအနေနဲ့ ဆောင်ရွက်နိုင်မယ်လို့ ကျနော်တို့ ယူဆပါတယ်။ အဲဒီလို အချက်အလက်တွေကိုလည်း ကျနော်တို့ကို အသိပေးလာတဲ့အချက်တွေကို ကြည့်ခြင်းအားဖြင့် တရုတ်အစိုးရရဲ့ ရပ်တည်ချက်က လွန်ခဲ့တဲ့ နှစ် (၂၀)၊ လွန်ခဲ့တဲ့ (၁၀) နှစ်က မြန်မာနိုင်ငံအပေါ်၊ မြန်မာစစ်အစိုးရအပေါ် ထားရှိသလို မရှိတော့ဘူးဆိုတာကို ကျနော်တို့ တွေ့ရပါတယ်။
တရုတ်နိုင်ငံ ဝန်ကြီးချုပ် ဝမ်ကျားပေါင် (Wen Jiabao) အနေနဲ့ ပြီးခဲ့တဲ့ ဧပြီလအတွင်း ချင့်ဟိုင်ပြည်နယ် (Qinghai) မှာ မြေငလျင်ကြီးလှုပ်လို့ ဖျက်သိမ်းခဲ့ရတဲ့ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံ ခရီးစဉ်ကို ဒီလ မေလကုန်ပိုင်းမှာ ပြန်လည်စတင်ဖို့ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ မြန်မာနိုင်ငံအတွက်တော့ အရေးပါတဲ့ တရုတ်နိုင်ငံ ခေါင်းဆောင်ကြီးတဦးရဲ့ ခရီးစဉ်ဟာ အလွန်အရေးကြီးပါတယ်။ တရုတ်နဲ့ မြန်မာနိုင်ငံကြား ကုန်သွယ်ရေး၊ စီးပွားရေး၊ နိုင်ငံတကာ သံတမန်ရေးရာများအပြင် အဓိက လက်တလော အရေးပါတယ့် အကြောင်းအရာတခုကတော့ မြန်မာနိုင်ငံမှာ ဒီနှစ်အတွင်း ကျင်းပပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲကို တရုတ်နိုင်ငံက ဘယ်လိုသဘောထားမလဲဆိုတဲ့ ကိစ္စဖြစ်ပါတယ်။ ဒီအကြောင်းအရာများနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံရေးရာများနဲ့ နီးစပ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) နိုင်ငံခြားရေးရာတာဝန်ခံ ဦးညိုအုန်းမြင့် ကို ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။