သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားဒေသ ရွေးကောက်ပွဲသတင်းများ


ကျွန်မက နူးပန်ပါ။ တိုင်းရင်းသားဒေသက သတင်းတွေကို စိုင်းမိဏ်းနဲ့အတူ တင်ဆက်သွားမှာပါ။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ မနေ့ညက ရွေးကောက်ပွဲနဲ့ မြစ်ဆုံရေကာတာ ဆန့်ကျင်တဲ့ ကာတွန်းပုံတွေ တထောင်လောက် မြို့နေရာအနှံ့ကပ်ထားတာကြောင့် အာဏာပိုင်တွေက စာကပ်သူတွေကို လိုက်လံ ရှာဖွေနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ကာတွန်းပန်းချီဆွဲပြီးမှလုပ်တာပေါ့။ တဘက်ကခြင်္သေ့အမှန်နဲ့ ညီမျှခြင်းက ရေကာတာ ဆိုးကျိုး ပေါ့နော်။ ယဉ်ကျေးမှုအမွေအနှစ်တွေ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာတွေ ပျက်စီးကုန်မယ်။ ရေလွှမ်းမှုတွေ နေရာတွေ ပပျောက်ကုန်မယ်။ တော်တော်ကိုဆိုးဝါးတဲ့ ရေနစ်မှုကို အခုရွေးကောက်ပွဲပြီးလို့ရှိရင် ခံစားရမယ်ဆိုတဲ့ ကာတွန်းရုပ်ပုံနဲ့တကွ အဲဒါကိုပုံဆွဲပြီးမှကပ်တယ်”

ပြီးခဲ့တဲ့လကလည်း တကြိမ် ရွေးကောက်ပွဲဆန့်ကျင် စာကပ် လှုပ်ရှားမှုတခုကို မြစ်ကြီးနားမှာ လုပ်သွားခဲ့ပါသေးတယ်။

…………………..

ရခိုင်ပြည်နယ် မုန်တိုင်းသင့်ဒေသတွေမှာ ရွေးကောက်ပွဲ ရွှေ့ဆိုင်းပေးဖို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ရွေးကောက်ပွဲကော်မရှင်ကို တင်ပြ တောင်းဆိုထားပေမဲ့ တုန့်ပြန်ခြင်းမပြုဘဲ အခုအခါမှာတော့ မြေပုံမြို့နယ်က မုန်းတိုင်းဒဏ်ခံရတဲ့ကျေးရွာတချို့မှာ မဲရုံတွေ ဆောက်လုပ်နေပြီ ဖြစ်ပါတယ်။

မုန်တိုင်းဒုက္ခသည်တွေက အခုလက်ရှိမှာ ဆန်၊ အမိုးအကာနဲ့ သောက်ရေတွေကို လိုအပ်နေပြီး အများစုကတော့ ဘယ်ပါတီကိုမှ မဲထည့်ဖို့ စိတ်မဝင်စားကြဘူးလို့ ဒေသခံတွေက ပြောပါတယ်။

----------------------------------------------------

မဲရုံကြီးကြပ်မယ့် ကိုယ်စားလှယ်တွေကို ဆိုင်ရာ တိုင်းရင်းသားဝတ်စုံတွေကိုမဝတ်ဖို့ တားမြစ်ထားတဲ့ အကြောင်း ပြည်နယ် ရွေးကောက်ပွဲကော်မရှင်က မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီရဲ့ ဥက္ကဋ္ဌ နိုင်ဇနူမန်နဲ့ တွေ့ဆုံရာမှာ ပြောခဲ့ပါတယ်။

မွန်၊ ကရင် အစရှိတဲ့ မဲရုံကြီးကြပ်မယ့် ပါတီကိုယ်စားလှယ်တွေဟာ တိုင်းရင်းသားရိုးရာ ဝတ်စုံတွေကို ဝတ်ခွင့်မရပေမယ့် အသေးစားရင်ထိုးတွေကိုတော့ တပ်ခွင့်ရှိတယ်လို့ နိုင်ဇနူမွန်က ပြောပါတယ်။

ရွေးကောက်ပွဲကာလမှာ အာဏာပိုင်တွေက မွန်ပြည်နယ်မှာရှိတဲ့ ရွာသားတွကို မွန်ဝတ်စုံမဝတ်ဖို့ ကျေးရွာဥက္ကဋ္ဌကတဆင့် ညွန်ကြားထားတယ်လို့လည်း ရေးမြို့နယ် ကျေးရွာဥက္ကဋ္ဌတစ်ဦးက ပြောပါ တယ်။

-----------------------------------------

ရှမ်းပြည်မြောက်ပိုင်၊ သိန္နီမြို့နယ်မှာ ပြည်ခိုင်ဖြိုးပါတီက ဒေသခံလူတွေအတွက် ခြင်္သေ့တံဆိပ်ပါတဲ့ မဲ စာရွက်တွေပေါ်မှာ ထောက်ခံမဲ ခြစ်ပေးတဲ့အတွက် ဒီကြိုတင်မဲတွေကိုပယ်ဖျက်ပေးပြီး ရွေးကောက်ပွဲ မှာ အားလုံးမဲပြန်ထည့်ခိုင်းဖို့ ကျားဖြူပါတီက တောင်းဆိုထားပါတယ်။

လာမယ့် ရွေးကောက်ပွဲကို ရှမ်းလက်နက်ကိုင်အဖွဲ့က ဝင်ရောက်နှောင့်ယှက်မယ်ဆိုတဲ့အကြောင်းပြ ချက်နဲ့ ရှမ်းပြည်က မြို့နယ်အတော်များများမှာ အာဏာပိုင်တွေက ခုလို ကြိုတင်မဲတွေ ကောက်ယူနေ တာဖြစ်ပါတယ်။

ကျားဖြူပါတီကို ထောက်ခံမှုများများရှိတဲ့ တောင်ကြီး၊ လွိုင်လင်၊ ပင်လုံ၊ လဲချား၊ မိုင်းကိုင်၊ ကျေးသီး၊ မိုင်းနော်၊ တန့်ယန်း၊ မိုင်းရယ်၊ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း မြို့နယ်တွေမှာ ကြိုတင်မဲ ကောက်ယူနေတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

……………….

ကျွန်မက ချမ်းလွန်ပါ။ အခု မေးမြန်းခန်းတခု ကြားကြရမှာပါ။

ကရင်တိုင်းရင်းသား ပါတီဖြစ်တဲ့ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ စောခင်မောင်မြင့်ကို ရွေးကောက်ပွဲအောင်နိုင်ဖို့ အလားအလာဘယ်လောက်ရှိသလဲ၊ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင်ကော တိုင်းရင်းသားပါတီတွေလို ကိုယ်စားလှယ် နည်းနည်းပဲယှဉ်ပြိုင်တဲ့ ပါတီတွေအနေနဲ့ ဘာတွေ လုပ်နိုင် မှာလဲ ဆိုတာ နိုင်ကွန်းအိမ်က မေးမြန်းထားပါတယ်။

………………….

ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစောခင်မောင်မြင့်က သူတို့ ပါတီအနေနဲ့ ကရင်တိုင်းရင်းသား အခွင့်အရေးတွေကို ကာကွယ်သွားဖို့ အဓိက ရည်မှန်းထားတာ ဖြစ်တယ်လို့ အခုလို စပြောပြပါတယ်။

“အန်ကယ်တို့ပါတီက ပါတီငယ်လေးလဲဖြစ်တယ်။ အောင်မြင်မှုရတဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့ ဖြစ်ပေါ်လာမယ့် ကရင်ပြည်နယ်အစိုးရအဖွဲ့မှာ အမတ်လောင်းတွေအနေနဲ့ပေါ့၊ လွှတ်တော် ကိုယ်စား လှယ်မှာ ပါဝင်ခွင့်ရရှိပြီး ပြောရေးဆိုခွင့်ရှိလာမယ်ဆိုရင် အဓိကကတော့ ကိုယ့်ရဲ့ တိုင်းရင်းသားနဲ့ ကရင်ပြည်နယ်သူ ပြည်နယ်သားအားလုံးရဲ့အရေးကို ကာကွယ်ပေးမယ်။ ရသင့်ရထိုက်တဲ့ အခွင့် အရေးတွေကို အများနည်းတူ ရရှိဖို့ ကြိုးစားပြီးတော့ဆောင်ရွက်ပေးမယ်”

(မေး) ဟုတ်ကဲ့။ အခုရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီနဲ့ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး ပါတီ တို့ဟာ တပြည်လုံးအတိုင်းအတာနဲ့ ကိုယ်စားလှယ်အများဆုံး ဝင်ရောက်ယှဉ်ပြိုင် အရွေးခံမယ် ဆိုတော့ အန်ကယ်တို့တိုင်းရင်းသားပါတီ ကိုယ်စားလှယ်တွေအနေနဲ့ အောင်မြင်မှု ရနိုင်မယ်လို့ ထင်ပါသလား။

“ပြည်ခိုင်ဖြိုးပါတီပေါ့လေ။ ကြံ့ဖွံ့ပါတီနဲ့နှိုင်းယှဉ်ပြီးတော့မှ တိုင်းရင်းသားပါတီတွေအားလုံး မိတ်ဖက် ပြုပြီး ပူးပေါင်းပြီးတော့မှ ယှဉ်ပြိုင်မယ်ဆိုရင်တော့လည်း နည်းနည်း အလားအလာ ရှိနိုင်တယ်ပေါ့။ တပါတီချင်းအနေနဲ့ ယှဉ်ပြိုင်မယ်ဆိုရင်တော့ လက်ရှိကျွန်တေ်တို့ပါတီ အနေအထားအရက ဘယ်လိုမှ ယှဉ်ပြိုင်နိုင်တဲ့အနေအထား မရှိပါဘူး”

(မေး) ဟုတ်ကဲ့။ အန်ကယ်တို့ပါတီက အောင်မြင်မှုရရှိပြီ ထားလိုက်ပါတော့။ လွှတ်တော်မှာ အပြောင်းအလဲဖြစ်ဖို့ တင်ပြခွင့်ရှိနိုင်မယ်လို့ ယုံကြည်ပါသလား။

“အဲတာတော့အန်ကယ်အနေနဲ့ ခန့်မှန်းရခက်လိမ့်မယ်။ ဖြစ်လာတဲ့အခြေအနေအပေါ်မှာ အကောင်းဆုံး ဖြစ်အောင် လွတ်လွတ်လပ်လပ်တင်ပြခွင့်ရှိအောင်ကတော့ အန်ကယ်တို့ ကြိုးစား သွားမယ်လို့တော့ ခံယူထားပါတယ်”

(မေး) တိုင်းရင်းသားနိုင်ငံရေးပါတီတွေအချင်းချင်း လက်တွဲပူးပေါင်းကြဖို့ အစီအစဉ်တွေ ရှိပါသလား ခင်ဗျ။

“ရွေးကောက်ပွဲမတိုင်ခင်မှာကတော့ အချိန်သိပ်မရကြဘူး။ ရွေးကောက်ပွဲပြီးသွားတဲ့အခါမှာ အောင်မြင်မှု ရရှိတဲ့အခြေအနေအပေါ် မူတည်ပြီးတော့ တိုင်းရင်းသားပါတီတွေအားလုံး ပူးပေါင်းပြီး တော့မှ မိတ်ဖက်ပါတီတွေ ပြုရမယ်ဆိုရင်တော့ ဒီထက်ကောင်းတဲ့အင်အားတစ်ခုဖြစ်ပေါ်လာမယ်လို့ ယုံကြည်ထားပါတယ်”

ကရင်တိုင်းရင်းသားပါတီ ဖြစ်တဲ့ ဖလုံ-ဇဝေါ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ စောခင်မောင်မြင့် ပြောပြသွားတာပါ။

XS
SM
MD
LG