ကျွန်မက နူးပန်ပါ။ တိုင်းရင်းသားဒေသက သတင်းတွေကို စိုင်းမိဏ်းနဲ့အတူ တင်ဆက်သွားမှာပါ။
ကရင်နယ်စပ်၊ မြဝတီကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်အများစုက နေရပ်ပြန်နေကြပြီး ဘုရားသုံးဆူဘက်မှာတော့ ဒုက္ခသည်တွေ ထပ်ထွက်လာနေပါတယ်။ မြဝတီမှာတော့ ရဲစခန်းအပါအဝင် အစိုးရရုံးတချို့မှာ အပျက်အစီးတွေ ရှိခဲ့ပြီး ပုဂ္ဂလိက အဆောက်အဦးတွေမျာတော့ အပျက်အစီးတွေ သိပ်မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဘုရားသုံးဆူဘက်မှာတော့ ဒုက္ခသည်တွေ ထပ်ထွက်လာနေလို့ အခုဆိုရင် ထိုင်းဘက်မှာ ဒုက္ခသည် ၇ ထောင်ကျော် ရှိနေပါတယ်။ သူတို့ကိုတော့ ထိုင်းအာဏာပိုင်တွေ၊ မွန်ကယ်ဆယ်ရေးအဖွဲ့နဲ့ ထိုင်းအဲန်ဂျီအိုတခုက အကူအညီတွေ ပေးနေပါတယ်။ ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေကတော့ ဂျပန်ရေတွင်းအပါအဝင် နီးစပ်ရာရွာတွေမှာ ခိုလှုံနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီခေါ် ကျားဖြူပါတီက လွှတ်တော် ၄ ရပ်စလုံးမှာ ၁၅၆ ဦးယှဉ်ပြိုင်ခဲ့တာ အနည်းဆုံး ၅၇ ဦး အနိုင်ရနေပါတယ်လို့ သိရပါတယ်။ အမျိုးသားလွှတ်တော်မှာ ၃ ဦး၊ ပြည်သူ့လွှတ်တော်မှာ ၁၈ ဦး၊ ပြည်နယ်လွှတ်တော်မှာ ၃၅ ဦးနဲ့ မန္တလေးတိုင်းဒေသကြီးအတွက် ရှမ်းတိုင်းရင်းသားဝန်ကြီးတဦးတို့ ဖြစ်ပါတယ်။ တဘက်မှာလည်း လွယ်လင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၂ က ရလာတဲ့ရွေးကောက်ပွဲရလဒ်ကို ကျားဖြူပါတီက အတည်မပြုနိုင်တဲ့အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဆီ ကန့်ကွက်စာတင်သွားမယ်လို့ သိရပါတယ်။
ကျားဖြူပါတီခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ကချင်ပြည်နယ်အတွင်း ရွေးကောက် ပွဲကထွက်ပေါ်လာတဲ့ ရလဒ်တွေအပေါ် လုံးဝသဘောမတူတဲ့အကြောင်း ရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်စာတင်ပြသွားမယ်လို့ သိရပါတယ်။ ကျားဖြူပါတီ ရှုံးနိမ့်ခဲ့တဲ့ ကချင်ပြည်နယ်က မြို့နယ်တွေဖြစ်တဲ့ မြစ်ကြီးနား၊ မိုးကောင်း၊ မိုးညှင်း၊ ဖားကန့်နဲ့ ဗန်းမော်မြို့နယ်တွေထဲမှာ မြစ်ကြီးနားကလွဲလို့ ကျန်တဲ့ကိုယ်စားလှယ်တွေ ရှုံးနိမ့်ကြောင်း အတည်ပြုလက်မှတ်ရေးထိုးဖို့ ငြင်းဆန်ခဲ့တယ်လို့ စောသန်းမြင့်က ပြောပါတယ်။
…………
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကလည်း မွန်ပါတီဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မဲဆန္ဒနယ်တွေ အားလုံးက ဆန္ဒမဲတွေကို ပြန်လည်ရေတွက်ပေးဖို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ကို တောင်းဆို လိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို ရွေးကောက်ပွဲအပြီး ၂ ရက်ကြာမှာ ကျင်းပတဲ့ ဗဟိုကော်မတီ အစည်းအဝေးမှာ ပြုလုပ်ခဲ့တာလို့ ပါတီဥက္ကဋ္ဌ နိုင်ဇနူမွန်က ပြောပါတယ်။ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ရွေးကောက်ပွဲမှာ မွန်ပြည်နယ်အတွင်း ၂၉ နေရာ၊ ကရင်ပြည်နယ်အတွင်း ၅ နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲရုံတွေမှာပေးတဲ့မဲတွေကို ရေတွက်ရာမှာ နေရာအားလုံး အနိုင်ရနေခဲ့ပြီး ကြိုတင်မဲတွေပေါင်းလိုက်တဲ့အခါ ၁၅ နေရာမှာပဲ ရတော့တာ ဖြစ်ပါတယ်။
…………
ဘုရားသုံးဆူကို မြန်မာစစ်အစိုးရ စစ်ကူတွေ ရောက်ရှိလာပါတယ်။ ဘုရားသုံးဆူ ဒေသခံ တယောက်က စစ်ကူတွေရောက်လာတာနဲ့ပတ်သက်ပြီး အခုလို ပြောပြပါတယ်။
“ဒီမွန်းလွဲပိုင်း အချိန်လောက်မှာပဲ ရောက်တယ်။ အစိုးရစစ်တပ် တပ်ရင်း ၂ ရင်းလို့ ပြောတယ်။ တရာ့ခြောက်နဲ့ ငါးဆယ့်ရှစ်လို့ ကြားတယ်။ အင်အား ၂၀၀ လောက်ရှိမယ်လို့တော့ ခန့်မှန်းတယ်”
ဒီကနေ့ မနက်ပိုင်း ၇ နာရီကစပြီး ထရပ်ကား ၁၅ စီးနဲ့ ထွက်လာတဲ့စစ်ကူတွေကို လမ်းတဝက် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းမှာ ဒီကေဘီအေ တပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။
ကြားအင်းဆိပ်ကြီးမြို့နယ် အတွင်း တလေ့ခီး၊ တလေ့ထနဲ့ မယ်သရောထ နေရာတွေမှာ တိုက်ပွဲငယ် တွေ ဖြစ်ခဲ့တယ်လို့ ဘုရားသုံးဆူ ဒေသ ဒီကေဘီအေ တပ်မှူး ဗိုလ်မှူးကြီး စောအေဝမ်းက ပြောပါတယ်။
မနေ့ညက ဘုရားသုံးဆူတိုက်ပွဲမှာ မြန်မာဖက်က ၁ ယောက်ကျပြီး ၂ ယောက်ဒဏ်ရာရတယ်လို့ ဒီကေဘီအေဖက်ကပြောပါတယ်။
တဖက်မှာလည်း ကော့ကရိတ်မြို့နယ်အတွင်းမှာရှိတဲ့ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး လက်မခံတဲ့ ဒီကေဘီအေ တပ်မဟာ ၅ အဖွဲ့ရဲ့ဌာနချုပ်စခန်းကို မြန်မာတပ်တွေက မနေ့က သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
အဲဒီတိုက်ပွဲမှာ ဒီကေဘီအေ နဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး ဘုန်းတော်ကြီးတပါးနဲ့ ရွာသားတယောက်ကို စစ်တပ်က ရိုက်နှက်ခဲ့ရာမှာ မောင်ဝင်းလို့ခေါ်တဲ့ ရွာသား သေဆုံးသွားပါတယ်။ ရွာသားနှစ်ယောက်ကိုတော့ စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
ဘုရားသုံးဆူမြို့အတွင်းမှာတော့ အခုချိန်မှာ အရပ်သားတွေ မရှိတော့ပဲ ဒုက္ခသည် တသောင်းကျော်ဟာ ထိုင်းနိုင်ငံနဲ့ အနီးအနားက ကျေးရွာတွေကို ရှောင်တိမ်းသွားကြပါတယ်။
နယ်ခြားစောင့်တပ်အသွင်ပြောင်းခဲ့တဲ့ ဒီကေဘီအေအဖွဲ့တွေကတော့ အခုတိုက်ပွဲတွေက သူတို့နဲ့ မဆိုင်ဘူး သူတို့ တပ်ဖွဲ့တွေကတော့ အေးအေးဆေးဆေးပဲလို့ ပြောပါတယ်။
သက္ကန်းညီနောင် အနီးက ရွှေကုက္ကိုက နယ်ခြားစောင့်တပ်ဖွဲ့ အမှတ် ၁၀၁၉ က တပ်ရင်းမှူး မောင်ဝင်းက အခုလို ပြောပြပါတယ်။
“အခြေအနေဘာမှ မထူးဘူးကော၊ ကျနော်တို့ဘက်မှာ။ ကျနော်တို့ဘာမှမလုပ်ဘူး၊ ကိုယ့်ကုန်းမှာပဲနေတယ်။ ကျနော်တို့က ဘယ်လိုမှ သဘောထား မရှိဘူးကော။ ကုက္ကို ဖက်မှာတော့ အေးအေး ဆေးဆေးပဲ။”
ကရင့်အမျိုးသား အစည်းအရုံး ကေအဲန်ယူအဖွဲ့က အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်ကတော့ ဒီကေဘီအေ တပ်ဖွဲ့တွေ ကေအဲန်ယူဖက် ပြန်လာမယ်ဆိုရင် တံခါးဖွင့်ထားတယ်၊ လူထု ဆန့်ကျင်ရေး မလုပ်ဘူးဆိုရင် အချိန်မရွေးပြန်လက်ခံမယ်လို့ ပြောပါတယ်။