ရွေးကောက်ပွဲကို မဝင်ဖို့ သပိတ်မှောက်ခဲ့ကြတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ရွေးကောက်ပွဲမဲဆွယ်စည်းရုံးတဲ့ ကာလတွေက စလို့ မဲပေးကြတဲ့နေ့အထိ မဲမသမာမှုတွေ၊ မဲလိမ်မှုတွေရှိခဲ့တာတွေ တနိုင်ငံလုံး အတိုင်းအတာနဲ့ ထွက်ပေါ် နေတဲ့ ကိစ္စတွေအပေါ် NLD က စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး ဥပဒေလမ်းကြောင်းအရ လုပ်ဆောင်စရာရှိတာတွေကို လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ဒီကနေ့ NLD ရုံးချုပ်မှာ ကျင်းပခဲ့တဲ့ ဗဟိုကော်မီတီအစည်းဝေးမှာ အခုလို ဆုံးဖြတ် လိုက်တာဖြစ်တယ်လို့ NLD ခေါင်းဆောင် ဦးဝင်းတင်က ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
ရွေးကောက်ပွဲမှာ NLD က ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုဘူးလို့ ဆုံးဖြတ်ပြီး တရားဝင် နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခွင့် မရှိတော့တဲ့ နောက်ပိုင်း NLD ရုံးချုပ်မှာ ပထမဆုံးအကြိမ်ကျင်းပတဲ့ ဗဟိုကော်မီတီ အစည်းဝေးမှာ အဲန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင်အဖွဲ့က အခုလို ဆုံးဖြတ်ခဲ့ကြတာပါ။
NLD အနေနဲ့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခြင်းမရှိပေမယ့်လည်း အခုလို မဲမသမာမှုတွေ ဖြစ်နေတာကို ဒီအတိုင်း လက်ပိုက်ကြည့် နေရင် မြန်မာ့နိုင်ငံရေးအတွက် အကျိုးယုတ်စေတာကြောင့် ဒီကိစ္စကို ဥပဒေလမ်းကြောင်းအတွင်းက လုပ်လို့ရတဲ့နည်းလမ်းတွေကို အသုံးပြုပြီး လုပ်သွားမယ်လို့ NLD ခေါင်းဆောင် ဦးဝင်းတင်က ပြောပါတယ်။
“ရွေးကောက်ပွဲမှာ မဲမသမာမှုတွေပေါ့ဗျာ၊ မဲလိမ်မှုတွေ၊ မဲညစ်မှုတွေ နောက်ပြီးတော့ ကြိုတင်မဲတွေနဲ့ မတရား အနိုင်ယူမှုတွေ ရှိခဲ့ တယ်။ အဲဒီရှိတာတွေ အကုန်လုံးဟာ ရွေးကောက်ပွဲကို သပိတ်မှောက်ထားတဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက် ကျနော်တို့နဲ့ မဆိုင်သော်ငြား လည်း ဒါဟာ ဘာပဲပြောပြော ဗမာပြည်နိုင်ငံရေးလောကအတွက်၊ သို့မဟုတ်လည်း ဗမာပြည်နိုင်ငံရေးလုပ်ငန်းများအတွက် ဒါ အကျိုး ယုတ်စေတဲ့အချက်များဖြစ်တယ်။ ဗမာ့နိုင်ငံရေးလောကမှာ ဒီလို မသမာမှုတွေ၊ မဲလိမ်မှုတွေ ရှိမယ်ဆိုလို့ရှိရင် ဗမာပြည်နိုင်ငံရေး လောကဟာ ပျက်စီးချင်တိုင်း ပျက်စီးသွားတော့မယ်လို့ ကျနော်တို့က သတ်မှတ်တယ်။ အဲဒီတော့ ကျနော်တို့ကိုယ်တိုင်ကနေပြီးတော့ ရွေးကောက်ပွဲမဝင်တဲ့အတွက် ကျနော်တို့နဲ့ သက်ဆိုင်ခြင်းမရှိသော်ငြားလည်းပဲ ဒီလုပ်ငန်းတွေကို ကျနော်တို့က လိုက်ရှာရမယ်၊ စုဆောင်းရမယ်၊ ရှာဖွေစုဆောင်းပြီးတော့၊ လေ့လာပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် နက်နက်ရှိုင်းရှိုင်းနဲ့ ထိရောက်တဲ့လေ့လာမှုတွေ၊ အစီရင်ခံစာတွေကို ထုတ်ရမယ်။ ဒီလို ကျနော်တို့က သုံးသပ်ပါတယ်။ အဲဒါကြောင့် ကျနော်တို့က ရွေးကောက်ပွဲ မသမာမှုတွေနဲ့ ပတ်သက်ပြီးတော့ ကော်မတီတွေ ဘာတွေ ဖွဲ့ပြီးတော့ တာဝန်ပေးပါတယ်”
“ဒီရွေးကောက်ပွဲမသမာမှုတွေကို ဖော်ထုတ်ဖို့အတွက် ကော်မတီဖွဲ့တယ်ဆိုတော့ ကော်မတီဖွဲ့ပြီးတော့ ပြီးသွားပြီလား။ ဘာတွေ ဆက် လုပ်ဖို့ အစီအစဉ်ရှိလဲ”
“အချက်အလက်တွေ ရှာဖွေစုဆောင်းမယ်။ စုဆောင်းပြီးတော့ ဒါတွေကို ကျနော်တို့ကနေပြီးတော့ သင့်တင့် လျောက်ပတ်တဲ့ပုံစံနဲ့ ကြားနာမယ်။ ကြားနာပြီးတဲ့အခါကျတော့ ဒီအချက်အလက်တွေကို အစီရင်ခံစာအနေနဲ့ ရေးသားပြီးတော့ ကမ္ဘာ့အဖွဲ့အစည်းများကို ပို့နိုင်တဲ့အထိ ဆောင်ရွက်သွားဖို့အတွက် စဉ်းစားပါတယ်”
“ဟုတ်ကဲ့။ ပြည်တွင်းမှာရော ဘယ်လောက်အထိ လုပ်နိုင်မလဲ၊ ဥပဒေလမ်းကြောင်းအရ ဒီကိစ္စတွေကို”
“အဲဒါကတော့ လုပ်ရတဲ့ပုံသဏ္ဍာန်နဲ့လုပ်ကြရမှာပဲဗျာ။ မလုပ်ဘဲနဲ့ ထိုင်နေမယ်၊ မလုပ်ဘဲနဲ့လက်ပိုက်ကြည့်နေမယ်၊ ကိုယ်က သပိတ်မှောက်ထားတဲ့အဖွဲ့အစည်းအနေနဲ့ ကိုယ်နဲ့မဆိုင်ဘူးဆိုပြီးတော့ လက်ပိုက်ထားမယ်ဆိုရင် နိုင်ငံရေး လောကတခုအတွက် ကြီးမားသော ဆိုးကျိုးကို သို့မဟုတ်လည်း ကြီးမားသော ချို့ယွင်းချက်များ ပေါ်ပေါက်စေနိုင်တယ် လို့ ကျနော်က ယုံကြည်တယ်။ အဲဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်လို့ကတော့ ရပ်တည်ပေးရမယ်၊ အမှန်တရားတွေကို ဖော် ထုတ်ရမယ်၊ ကမ္ဘာကနေ သိအောင်လို့ မှတ်တမ်းမှတ်ရာ ပြုစုရမယ်ဆိုတဲ့ အဲဒီလို သဘောပါပဲ”
ဒါ့အပြင် ဒီအစည်းဝေးအတွင်းမှာဘဲ မကြာခင်က ဇိုမီးညီလာခံမှာ ရရှိခဲ့တဲ့ ကလေးမြို့ကြေငြာစာတမ်းပါ - မြန်မာပြည်က နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းနဲ့ရှင်းဖို့၊ ဒီရွေးကောက်ပွဲဟာ မြန်မာ့နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ အရာမဟုတ်ဘူး၊ ဒါကြောင့် ဒီရွေးကောက်ပွဲအစား ပင်လုံစိတ်ဓါတ်ကို မွေးဖွားပြီး ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေးကိစ္စ ကော်မီတီဖွဲ့စည်းခဲ့တယ်လို့ ဦးဝင်းတင်က ပြောပါတယ်။