သုံးရလွယ်ကူစေသည့် Link များ

ရွေးကောက်ပွဲသတင်းယူမှု ဖမ်းဆီးနှောင့်ယှက်မှုတွေကြုံတွေ့


မနေ့က နိုင်ငံတဝှမ်းကျင်းပခဲ့တဲ့ မဲဆန္ဒပေးပွဲ သတင်းတွေကို လွပ်လပ်လပ်လပ် သတင်းယူခွင့်မရခဲ့ကြသလို သတင်းထောက်တချို့ ခေတ္တခေါ်ယူဖမ်းဆီးခံရတာမျိူးတွေထိ ဖြစ်ခဲ့ပါတယ်၊၊ အစိုးရနဲ့ ပြန်ကြားရေးဌာနတို့က စီစဉ်ပေးတဲ့ သတင်းအဖွဲ့တွေလောက်သာ မဲရုံသတင်းတွေယူခွင့်ရကြပေမယ့် အစိုးရအစီအစဉ်နဲ့ မဟုတ်ဘဲ အလွတ်သတင်းယူကြတဲ့ သတင်းထောက်တချို့ အတော်လေး ပိတ်ပင်ဟန့်တားခံရထိ အခြေအနေတွေ ရှိခဲ့ပါတယ်။ ဒီရွေးကောက်ပွဲတွင်း သတင်းသမားတွေရဲ့ အခြေအနေအပြည့်အစုံကိုတော့ မသင်းသီရိက ဆက်ပြောပြပေးမှာပါ။

အစိုးရရဲ့စီစဉ်ပေးမှုနဲ့မဟုတ်ဘဲ ကိုယ့်ဖာသာကိုယ် မဲရုံရဲ့သတင်းတွေကို ရိုက်ကူးရယူဖို့ ကြိုးစားခဲ့တဲ့ အလွတ်သတင်းသမား တွေ အတော်ကလေး သတင်းကန့်သတ်ခံရခဲ့တယ်လို့ မနေ့က ရန်ကုန်တိုင်းအတွင်း မဲရုံတွေနားမှာ သတင်းသွားယူခဲ့တဲ့ သတင်းသမားတဦးက ပြောပါတယ်။

“မနေ့က ကျနော်တို့တွေ ဓာတ်ပုံတော့ ရိုက်လို့တော့ မရဘူးခင်ဗျ။ မဲရုံနားမှာ ကင်မရာလွယ်ပီး သွားလို့ရှိရင် ရဲတွေက ကျနော်တို့နားကို ကပ်လာပါတယ်ခင်ဗျ။ အဲဒါမျိုးတွေတော့ ကြုံရပါတယ်။ မဲပေးပြီးပြန်ထွက်လာသူကိုပဲ ကျနော်တို့က အဲဒီမှာ လုံခြုံမှုရှိရဲ့လား၊ မရှိဘူးလား။ အဲဒီလောက်ပဲ မေးလို့ရတယ်ဗျ။ ရဲဝန်ထမ်းလုံခြုံရေးတွေကလည်း ကြည့်နေတဲ့အခါကျတော့ သူတို့မှာ ဖြေရတာနည်းနည်းကြောက်နေ တယ် ဗျ။ မဲရုံဝန်းကျင်မှာ သတင်းလွတ်လွတ်လပ်လပ်ယူခွင့်မရှိတာကတော့ တော်တော်ဆိုးတယ်လို့ ကျနော်ထင်တယ်”

မနေ့က တောင်ဥက္ကလာမြို့နယ်ထဲက ကော်မရှင်ရုံးတခုမှာ မဲပေးတာနဲ့ပတ်သက်ပြီး ပြဿနာဖြေရှင်းနေတဲ့ အချိန် ဓာတ်ပုံဝင်ရိုက်မိခဲ့တဲ့ အတွက် အပတ်စဉ်ထုတ် True News Journal က သတင်းသမားနှစ်ဦးကို ခဏ ခေါ် ယူဖမ်းဆီးခဲ့ပြီး နောက်တော့ ပြန်လွှတ်ပေးခဲ့ပါတယ်။ တခါ ဖေးဘရိတ်ဂျာနယ်က သတင်းသမား ၄ ဦးရဲ့ ကင်မရာတွေထဲက ဓာတ်ပုံတွေကိုလည်း မဲရုံကော်မရှင်အာဏာပိုင်တွေရှေ့မှာ ဖျက်ဆီး ပေးတာမျိုးရှိခဲ့ပါတယ်။ အလားတူ တခြားမြို့နယ်တချို့မှာလည်း ဒီလိုပဲ သတင်းသမားတွေကို ပိတ်ပင်ဟန့်တားတာမျိုးတွေ ဖြစ်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

“ဒဂုံအရှေ့မှာတော့ မဲရေတွက်ခါနီးမှာ ကျနော် မီဒီယာကပါ ဆိုပြီး တယောက်က သွားပြောတဲ့အတွက် သူတို့က ချက်ခြင်း ဒီနားမလာနဲ့ ဆိုပြီး မောင်းထုတ်တာ၊ အဲလိုမျိုးတော့ ကြားတယ်ဗျ။ ရွေးကောက်ပွဲသတင်းကို လိုက် မယ်ဆို ကျနော်တို့က ခေါင်းစဉ်တွေ၊ Plan တွေ ချပြီးတော့ လိုက်တယ်။ ဒါပေမဲ့ ရွေးကောက်ပွဲပီးလို့ ၁ ညအထိ အဖြေတွေက ဘယ်မြို့နယ်မှာ ရတယ်ဆိုတာတောင် အတိအကျ မသိတဲ့ အခါကျတော့ ရာခိုင်နှုန်းနဲ့ တွက်ကြည့် မယ် ဆိုလို့ရှိရင် Plan ရဲ့ ၂၀ ရာခိုင်နှုန်းလောက်ပဲ ရပါတယ်ခင်ဗျ”

နောက်တခါ နယ်မြို့တွေမှာဆိုရင်လည်း မဲရုံစောင့်တဲ့ အာဏာပိုင်တွေနဲ့ သတင်းထောက်တွေကြားမှာ ပြဿနာဖြစ်ခဲ့တာမျိုးတွေရှိတယ်လို့ နောက်ထပ် သတင်းသမားတဦးက ပြောပြပါတယ်။

“ရခိုင်တို့၊ မကွေးတို့ဘက်မှာတော့ အဆင်သိပ်မပြေဘူးပေါ့နော်။ တားမြစ်တာတွေရှိတယ်လို့ ကြားရတယ်။ မကွေး မှာဆို မဲရုံတွေထဲမှာ သတင်းသွားယူတဲ့ သတင်းထောက်တွေ zoon ဆွဲရိုက်တာတို့ မီးထိုးရိုက်တာတို့ မရိုက်ပါနဲ့ ပြောတယ်။ နောက် ရခိုင်မှာဆိုလို့ရှိရင် ပြန်ကြားရေးက လွှတ်တာပေါ့နော်။ အဲလိုပြောလည်း မရိုက်ပါနဲ့လို့ပြောတယ်။ လုံးဝကို တားတယ်ပေါ့နော်။ နောက် ပြည်မြို့ ပေါ့။ အဲဒီလို ရိုက်ခွင့်မပေးထားတဲ့ မဲဆန္ဒနယ် မဲရုံတွေကိုသွားပြီးတော့ မရိုက်ရဘူးပေါ့၊ ရိုက်လို့ရှိရင်တော့ ဖမ်းမယ့်အနေအထားမှာ ရှိနေတယ်”

ဒါကတော့ အစိုးရနဲ့ ပြန်ကြားရေးဌာနရဲ့ စီစဉ်ပေးမှုနဲ့မဟုတ်ဘဲ မဲပေးကြတဲ့သတင်းတွေကို ရယူခဲ့တဲ့ သတင်းသမားတွေရဲ့ အခက်အခဲ အခြေအနေပါရှင်။

အစိုးရအစီအစဉ်နဲ့ နိုင်ငံတဝှမ်းက မဲရုံတွေကို သတင်းသွားယူခွင့်ရသူတွေကတော့ သတ်မှတ်ထားတဲ့ မဲရုံရဲ့ ပရဝုဏ်အတွင်းမှာတော့ ဓာတ်ပုံရိုက်ခွင့်ရပေမဲ့ မဲရုံအတွင်းကို ဝင်ပြီးတော့ ဓာတ်ပုံရိုက်ခွင့်မပေးဘူးလို့ ပြောပါတယ်။

ဒါပေမဲ မဲဆန္ဒရှင်တွေကို အင်တာဗျူးလုပ်ရာမှာတော့ စိတ်ကြိုက်အဖြေရဖို့ အခက်အခဲရှိတယ်လို့ အစိုးရအစီအစဉ်နဲ့ မနေ့က အထက် မြန်မာပြည်မှာ ကိုယ်တိုင်သတင်းရယူခဲ့တဲ့ စာရေးဆရာ ဦးကျော်ရင်မြင့်က ပြောပါတယ်။

“မဲပေးပြီး ပြန်ထွက်လာတဲ့သူတွေကို ကျနော်တို့ တွေ့ဆုံဆွေးနွေးမေးမြန်းခွင့်ရပါတယ်။ သူတို့ ဖြေကြပါတယ် ခင်ဗျ။ မေးခွန်းမေးတဲ့ အပေါ်မှာတော့ ဘယ်သူကမှလာပြီး ကန့်သတ်တာ၊ တားမြစ်တာ မရှိပါဘူး။ ဒါပေမဲ့ ဖြေတဲ့ သူတွေကလည်း သိတဲ့အတိုင်းပဲ။ ကျနော်တို့ အဖွဲ့တွေကိုတော့လည်း ကင်မရာကြီးတွေ၊ နောက်တခါ မြန်မာ့ ရုပ်မြင်သံကြားကလည်း တီဗွီကင်မရာကြီးတွေနဲ့ဆိုတော့ ဖြေတဲ့သူက ထိန်းထိန်းသိမ်းသိမ်းပဲ ဖြေသွားတာပါ။ ဒါပေမဲ့ ဖြေတဲ့သူ တော်တော်များများကတော့ စိုးရွံ့မှုရှိတဲ့အတွက်ကြောင့်မို့လို့ သိပ်မဖြေချင်ဘဲနဲ့ သာမန်လူတွေ ကတော့ ဖြေဖို့လို့ ငြင်းဆန်ပြီး ရှောင်တိမ်းသွားတာ တွေ့ရပါတယ်”

စာရေးဆရာ ဦးကျော်ရင်မြင့် ပြောပြခဲ့တာပါရှင်။ အစိုးရအစီအစဉ်နဲ့ သတင်းသွားယူတဲ့အဖွဲ့တွေကတော့ အရင်ကတည်းကလည်း သူတို့ကို ကြိုတင်သတ်မှတ်ချက်တွေ ချထားပြီးသားမို့ သူတို့သတ်မှတ်ထားတဲ့ ဘောင်အတွင်းမှာတော့ သတင်းတွေကို လွတ်လွတ်လပ်လပ်ရယူခွင့်ရှိခဲ့တယ်လို့ ပြောပါတယ်ရှင်။

XS
SM
MD
LG