သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ခရီးစဉ်အတွင်း ဗြိတိန်ဝန်ကြီးချုပ် မြန်မာ့အရေးထည့်သွင်းပြောကြား


British Prime Minister David Cameron and Chinese Premier Wen Jiabao toast a signing ceremony at the Great Hall of the People in Beijing, 09 Nov 2010

အခုလောလောဆယ် တရုတ်နိုင်ငံကို ရောက်နေတဲ့ ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ်ကင်မရွမ်းက မနေ့က တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်နဲ့ တွေ့ဆုံတဲ့အခါမှာ မြန်မာနိုင်ငံအကြောင်းကို ထည့်သွင်းဆွေးနွေးသွား တယ်လို့ ဆို ပါတယ်။ မစ္စတာ ကမ်မရွမ်းရဲ့ တရုတ်နိုင်ငံခရီးစဉ်မှာ အဓိကရည်ရွယ်ချက်ကတော့ ဗြိတိန်နဲ့ တရုတ်နိုင်ငံကြား ကုန်သွယ်ရေးတိုးမြှင့်ဖို့ဖြစ်တာကြောင့် မြန်မာ့အရေးကို ဘယ်လို ဘယ်ပုံစံနဲ့ ဘာတွေ ဆွေးနွေးသွားခဲ့သလဲ ဆိုတာကို စုံစမ်းမေမြန်းထားတဲ့ နော်ရှိုးက ပြောပြပေးပါမယ်။

ဗြိတိန်ဝန်ကြီးချုပ် ကမ်မရွမ်းရဲ့ တရုတ်ခရီးစဉ်အတွင်း တရုတ်ခေါင်းဆောင်တွေနဲ့တွေ့တဲ့အခါမှာ ဗြိတိန်နဲ့ တရုတ်ကုန်သွယ်ရေးတိုးမြှင့်ဖို့ကိစ္စကတော့ အဓိက လွှမ်းမိုးထားတာပါ။ အဲဒီမှာမှ မနေ့က တရုတ်ဝန်ကြီး ချုပ် ၀မ်ကျားပေါင်နဲ့ အလွတ်သဘောတွေ့တဲ့အခါ မြန်မာ့အရေးကိုပါ ထည့်သွင်းပြောသွားခဲ့တာပါ။ ဒီအကြောင်း ဗြိတိန်သံတမန်တွေနဲ့ အစိုးရသတင်းရပ်ကွက်ကနေ အတည်ပြုမှုရယူပြီးတော့ လန်ဒန် အခြေစိုက် ဘားမား-ကမ်ပိန်း ယူကေက တာဝန်ရှိသူ Mark Farmaner က ဗွီအိုအေ မြန်မာပိုင်းကို အခုလို ပြောပြခဲ့တာပါ။

“Private တွေ့ဆုံပွဲဖြစ်တာကြောင့် သူတို့နှစ်ယောက်ကြားမှာ ဘာပြောသွားလဲဆိုတဲ့ အသေးစိတ်ကိုတော့ မသိရပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံအရေးကို ထည့်ပြောသွားတယ်ဆိုတာကိုက အရေးကြီးပါတယ်။ အရင်က ဆိုရင် ဗြိတိသျှဝန်ကြီးချုပ်တွေ ကမ္ဘာ့ခေါင်းဆောင်အချင်းချင်း တွေ့တဲ့အခါမှာ မြန်မာ့အရေးကို ပြောလေ့ မရှိပါဘူး”

ဒီကနေ့ မစ္စတာ ကမ်မရွမ်း ဘေကျင်းတက္ကသိုလ်မှာ မိန့်ခွန်းပြောကြားရာမှာတော့ မစ္စတာ ကမ်မရွမ်းက လူ့အခွင့်အရေးကာကွယ်စောင့်ထိန်းရေးနဲ့ပတ်သက်ပြီးတော့ ဗြိတိန်အစိုးရရဲ့သဘောထားကို အခုလို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“အချို့ကိစ္စရပ်တွေမှာ တရုတ်အစိုးရနဲ့ သဘောထားချင်းတိုက်ဆိုင်မှုမရှိတာက လူတိုင်းအသိပါ။ အထူး သဖြင့် လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ပါ။ လူ့အခွင့်အရေးကိစ္စရပ်တွေအကြောင်း ထည့်ပြောရတာဟာ မျက်နှာကောင်း ရဖို့ မဟုတ်ပါဘူး။ တကယ်ပဲစိတ်ရင်းစေတနာထားပြီးတော့ စိုးရိမ်မကင်းဖြစ်ရလို့ပါ။ ဗြိတိသျှနိုင်ငံသားတွေကလည်း သူတို့ကိုယ်စား ထုတ်ဖော်ပြောကြားပေးဖို့ မျှော်လင့်ကြလို့ဖြစ်ပါတယ်။ အစိုးရ ၂ ရပ်ကြားမှာ လူ့အခွင့်အရေးကိစ္စရပ်တွေကို လာမယ့် ဇန်န၀ါရီလမှာဆွေးနွေးဖို့ သဘောတူခဲ့တာ ကိုလည်း အားရကျေနပ်မိပါတယ်။ ဒီကိစ္စတွေဟာ ဘယ်လောက်ခက်ခဲ နက်နဲပစေ၊ အဆုံးမှာတော့ နှစ်နိုင်ငံဆက်ဆံရေးကို ပိုပြီးတော့ ခိုင်မာစေမှာပါ။”

ဘားမားကမ်ပိန်း ယူ.ကေ ဟာ ဗြိတိန်အစိုးရတွေရဲ့ မြန်မာနိုင်ငံဆိုင်ရာသဘောထားကို အနီးကပ် စောင့်ကြည့်နေတာကြောင့် ဗြိတိန်ဝန်ကြီးချုပ်အနေနဲ့ တရုတ်ခေါင်းဆောင်တွေကို တွေ့တဲ့အခါ့ မြန်မာ့ အရေးနဲ့ပတ်သက်လို့ ဘာပြောမယ်လို့ ခန့်မှန်းသလဲဆိုတဲ့မေးခွန်းကိုတော့ Mark Farmaner က အခုလို ဖြေပါတယ်။

“ဗြိတိန်အစိုးရအနေနဲ့ တရုတ်ခေါင်းဆောင်တွေနဲ့တွေ့လို့ မြန်မာ့အရေးနဲ့ပတ်သက်ပြီးပြောတဲ့အခါမှာ မြန်မာနိုင်ငံမှာတည်ငြိမ်ပြီးတော့ ဒီမိုကရေစီပေါ်ထွန်းလာရေးဟာ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားလည်း ဖြစ်တယ် ဆိုတာကို ပြောမှာပါ။ အာဏာရှင်အစိုးရ အာဏာရနေသရွေ့ မြန်မာနိုင်ငံထဲမှာ နိုင်ငံရေး မတည်ငြိမ်မှုတွေ၊ တိုက်ခိုက်မှုတွေ၊ ဒုက္ခသည်တွေ၊ ထွက်ပြေးရတာတွေ ရှိအုံးမှာဖြစ်တယ် ဆိုတာကိုလည်း ပြောမှာပါ”

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကမ်မရွမ်းဟာ တောင်ကိုရီးယားနိုင်ငံမှာကျင်းပမယ့် G-20 ထိပ်သီး အစည်းအဝေးပွဲသွားတဲ့အခါ အမေရိကန်သမ္မတ ဘာရတ်အိုဘားမားနဲ့တွေ့တဲ့အခါကျရင်လည်း မြန်မာ့ အရေးကိုပြောဖို့ရှိတယ်လို့ ဗြိတိန်ပါလီမန်အမတ်တဦးရဲ့ မေးခွန်းကို စာနဲ့ဖြေကြားရာမှာ ပြောသွားခဲ့တယ် လို့ ဘားမားကမ်ပိန်း၊ ယူ.ကေ က ပြောပါတယ်။

အခုလောလောဆယ် ဘားမားကမ်ပိန်း ယူကေအဖွဲ့ဟာ မြန်မာနိုင်ငံမှာ စစ်အစိုးရနဲ့ ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသားအဖွဲ့တွေအားလုံး တွေ့ဆုံဆွေးနွေးကြရေးအတွက် ကုလသမ္မဂက ကမကထပြု ဆောင်ရွက်ပေးဖို့ စည်းရုံးလှုပ်ရှားနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG