သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲရလာဒ် မကျေနပ်ချက် ဗိုလ်ချုပ်မှုူးကြီးထံတိုင်မည်


An aged woman casts her ballot at a local polling station on Sunday, Nov. 7, 2010, in Bago, about 90 km northeast of Yangon, Myanmar.
An aged woman casts her ballot at a local polling station on Sunday, Nov. 7, 2010, in Bago, about 90 km northeast of Yangon, Myanmar.

၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ကိုယ်စားလှယ်တွေရဲ့ စာရင်းတွေကို အစိုးရထုတ် သတင်းစာတွေထဲမှာ ဖော်ပြကြေညာနေပြီ ဖြစ်ပေ မယ့် ဒီရလဒ်တွေကို မကျေနပ်တဲ့အတွက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထိ တိုင်ကြားဖို့ တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေ စီစဉ်နေကြပါပြီ။ အလားတူ တခြား နိုင်ငံရေးပါတီတွေက လည်း မဲရလဒ်တွေကို ပြန်လည်စီစစ်ပေးဖို့ ကော်မရှင်ကိုတောင်းဆိုကြပါတယ်။ ဒီအခြေအနေအပြည့်အစုံကိုတော့ မသင်းသီရိကပြောပြပေးပါမယ်။

ရွေးကောက်ပွဲရဲ့မဲရလဒ်တွေကို လက်မခံတဲ့အတွက် အနိုင်အရှုံးစာရင်းကို အတည်ပြုတဲ့ ပုံစံ (၁၉ ) ကို လက်မှတ်မထိုးတဲ့ ရွေးကောက်ပွဲဝင် တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်တွေ စုပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီ တိုင်စာပို့ဖို့ စီစဉ်နေတာပါ။ အများပြည်သူ လက်မခံတဲ့ ဒီ မဲရလဒ်တွေမှာ တာဝန်အရှိဆုံး ဖြစ်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဦးဆောင်ကျင်းပပေးခဲ့တဲ့ စစ်အစိုးရခေါင်းဆောင်က အရေးယူပေးဖို့အတွက် တောင်းဆိုတာဖြစ်တယ်လို့ တောင်ဥက္ကလာပမြို့ တသီးပုဂ္ဂလ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကောင်းမြင့်ထွဋ်က ပြောပါတယ်။

“ကော်မရှင်ရဲ့လုပ်ကိုင်ဆောင်ရွက်ပုံတွေ၊ နောက်တခါအာဏာပိုင်နဲ့ပတ်သက်တဲ့သူတချို့ လုပ်ဆောင်ဆောင်ရွက်မှုတွေကို ဒီလိုအများပြည်သူ ဘဝင်မကျ စရာ ဖြစ်နေတာဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ဂုဏ်သိက္ခာကို အကြီးအကျယ်ထိခိုက်စေတယ်။ ဒါ့ကြောင့်မို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒီကိစ္စတွေကို ချက်ချင်း ဖော်ထုတ်ပြီးတော့ ပြင်းထန်စွာအရေးယူသင့်တယ်လို့ ကျနော်တို့က မြင်ပါတယ်။ မဲစာရင်းရေတွက်ပုံ တွေ၊ ရလာတဲ့ မဲရလဒ်တွေ ကျနော်တို့က လက်မှတ်ထိုးကြမှာမဟုတ်ဘူး။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆီကို ဒီကိစ္စနဲ့ပတ်သက်ပြီး အရေးယူ ဆောင်ရွက်ပေးဖို့ ကျနော်တို့က တိုင်ကြားဖို့ စီစဉ်ထား ပါတယ်”

ရွေးကောက်ပွဲမဲရလဒ်ကို မကြေနပ်လို့ တိုင်မယ်ဆိုရင် ရုံးလုပ်ငန်းစဉ်အရ ငွေ ၁၀ သိန်းတင်သွင်းရမှာမို့ ဒီငွေကြေးပြဿနာကလည်း တိုင်တန်းချင်သူတွေ အတွက် အခက်အခဲဖြစ်နေပါတယ်။ ဒါ့ကြောင့် ရွေးကောက်ပွဲ ကျင်းပခဲ့ပေးတဲ့ တာဝန်အရှိဆုံးသူကို ကော်မရှင်ရဲ့ လုပ်ရပ်တွေ စီစစ်ဖို့ တောင်းဆိုတာ ဖြစ်သလို တခြားရွေးကောက်ပွဲဝင် နိုင်ငံရေးအင်အားစုတွေနဲ့လည်း ကန့်ကွက်မှုတွေကို ပူးပေါင်း လုပ်ဆောင်သွားမယ်လို့ သူကဆက်ပြောပါတယ်။

“အခု ဒီမှာက ရုံးလုပ်ငန်းပိုင်ဆိုင်ရာအရရော၊ နည်းဥပဒေအရရော ဒီဟာကို ကန့်ကွက်မယ်ဆိုရင် ရှုပ်ထွေးမှုတွေရှိတယ်။ နောက်ပြီးတော့ ကန့်ကွက်လိုသူ တွေက အရင်ဆုံး ငွေကျပ် ဆယ်သိန်း သွင်းရအုံးမှာလည်း ဖြစ်နေတယ်။ ဒီဖြစ်ရပ်မှာ အဓိကတာဝန်ရှိသူက ကော်မရှင်က ဖြစ်နေတယ်၊ အဲဒီလိုပဲ လက်မှတ် မထိုးဘူးဆိုရင် လက်မှတ်မထိုးတဲ့ ကိုယ်စားလှယ်လောင်းတွေ သိလာကြမယ်။ ဒုတိယအဆင့်အနေနဲ့ စုပေါင်းလက်မှတ်ထိုးပြီးတော့ တိုင်ကြားတဲ့ ကိစ္စမှာ ဆိုရင်တော့ ကျနော်တို့က တခြားပါတီတွေနဲ့လည်း ညှိနှိုင်းမှုရှိလာပါလိမ့်မယ်”

တောင်ဥက္ကလာပမြို့ တသီးပုဂ္ဂလ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကောင်းမြင့်ထွဋ်ကပြောပြခဲ့တာပါ။ အလားတူ ဒီမိုကရေစီအင်အားစု NDF ကလည်း တရားမျှတမှုမရှိခဲ့တဲ့ ရွေးကောက်ပွဲကို ပြန်လည်စီစစ်ဖို့ စာပို့တောင်းဆိုမှာပါ။ ထုတ်ပြန်ထားတဲ့ ဥပဒေတွေနဲ့ ကိုက်ညီခြင်း မရှိဘဲ ကြိုတင်မဲ ကောက်ယူနေ တဲ့အပေါ်ကို NDF ပါတီက ရွေးကောက်ပွဲရက်မတိုင်ခင်ကတည်းက ပြည်ထောင်စု ကော်မရှင်ကို တိုင်ကြား ထားတာလည်း ဖြစ်တယ်လို့ NDF ပါတီ ဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်းကပြောပါတယ်။

“ရွေးကောက်ပွဲ ဖြစ်လာတဲ့အခါကျတော့ ကြိုတင်မဲတွေက အများဆုံးရွေးကောက်ပွဲရလဒ်တွေကို ကပြောင်းကပြန်ဖြစ်စေသွားတယ်ပေါ့ဗျာ၊ တခြားလည်း တရားမဲ့ပြုကျင့်မှုတွေဖြစ်တယ်။ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာ သူတို့ဒေသတွေအသီးသီးမှာ အဲဒီလိုခံစားကြရ တော့ ရွေးကောက်ပွဲမဲတွေ ရေတွက်ပြီးတဲ့အချိန်မှာ သူတို့မကြေနပ်ချက်တွေ၊ တရားမဲ့ ပြုကျင့်မှုတွေနဲ့ပတ်သက်ပြီးတော့ သူတို့ ကန့်ကွက် တယ်။ အဲဒီရွေးကောက်ပွဲရလဒ်စာရွက် စာရင်းဇယား ပုံစံ ၁၉ ကိုလက်မှတ်မထိုးကြဘူး။ ကျနော်တို့ဆီကိုလည်း ဒီဟာတွေနဲ့ ပတ်သက်ပြီး တော့ သတင်းတွေအများကြီးပဲပို့တယ်။ ပြည်ထောင်စု ကော်မရှင်ကို ဖြစ်ပေါ်လာခဲ့တဲ့ တရားမဲ့ပြုကျင့်မှုများကို အမျိုးအစားလိုက် ခွဲခြား ပီးတော့ တင်ပြမယ်။ ဒါတွေကို ပြန်ပြီးတော့ အမှန်အကန်တိုင်းဖြစ်အောင် ပြုပြင်ဆောင်ရွက်ပေးဖို့ ကျနော်တို့တောင်းဆိုတယ်။ တကယ်လို့ သူတို့အနေနဲ့ ဒါတွေကို စစ်ဆေးချင်တယ်ဆိုလို့ရှိရင် ကျနော်တို့မှာ ခိုင်လုံတဲ့ အထောက် အထားတွေ ရှိပါတယ်ဆိုတာကို ရေးသားထား ပြီးပြီ။ မနက်ဖြန် ဒါကို ကျနော်တို့ တင်ပြမယ်”

NDF ပါတီ ဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်းပါရှင်။ တခါ မြို့နယ်ကော်မရှင်က အနိုင်ရထားပြီးပြီလို့ ကြေညာထားတဲ့ ကိုယ်စားလှယ်တချို့ဟာ လည်း အခု မြန်မာစစ်အစိုးရသတင်းစာတွေမှာ ဖော်ပြနေတဲ့ အနိုင်ရသူစာရင်းမှာ မပါလာတဲ့အခြေအနေမျိူးတွေလည်း ကြုံနေကြရပါတယ်။

XS
SM
MD
LG