သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂြိုဟ်တုစလောင်း ပြည်ပထုတ်လွှင့်ချက်ပြသမှု မြို့နယ်တချို့မှာ တားဆီး


Burma’s pro democracy leader Aung San Suu Kyi addresses her supporters from her house compound after her release from house arrest in Yangon,13 Nov. 2010
Burma’s pro democracy leader Aung San Suu Kyi addresses her supporters from her house compound after her release from house arrest in Yangon,13 Nov. 2010

မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေဖြစ်တဲ့ ခရမ်း၊ သုံးခွ၊ တွံတေး၊ မြောက်ဥက္ကလာ၊ ရွှေပြည်သာ စတဲ့နေရာတွေမှာ ပြည်ပ အသံလွှင့်ဌာန၊ ဂြိုလ်တုစလောင်းေတွေကနေ ထုတ်လွှင့်တဲ့ ရုပ်မြင်သံကြားတွေကို ကြည့်ရှုခွင့်ပေးနေတဲ့ ဈေးဆိုင်တွေကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တင်ပြလာတာ ကြောင့် မြို့နယ်အာဏာပိုင်တွေက အမိန့်ထုတ်ပြီး ပြသခွင့် မပြုတော့ဘူးလို့ ဆိုပါတယ်။ အဲဒီအတွက် မြန်မာ့နိုင်ငံရေး အခြေအနေ ကို လေ့လာနေတဲ့ပြည်သူတွေအနေနဲ့ အခက်အခဲတွေ ဖြစ်နေပါတယ်။ ဒီအခြေအနေတွေကိုတော့ ထိုင်းအခြေစိုက်၊ ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်၊ အမှတ် ၉ ရပ်ကွက်က လှိုင်ဘွား လဘက်ရည်ဆိုင်မှာတော့ ပြည်ခိုင်ဖြိုးပါတီက မြို့နယ် အေးချမ်းသာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌထံကို တိုင်ကြားခဲ့တယ်လို့ ဆိုပါတယ်။ အမှတ် ၉ ရပ်ကွက်က ပြည်သူတဦးပြောပြတာက

“၉ ရပ်ကွက် ရ.ယ.က ရုံးဘေးက လက်ဖက်ရည်ဆိုင်မှာပေါ့နော်၊ ရ.ယ.က ရုံးအပိုင်မှာငှားပြီးတော့ ဖွင့်ထား တဲ့ လက်ဖက်ရည်ဆိုင်မှာပေါ့ဗျာ၊ အဲဒီဆိုင်မှာ ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ ကြည့်ကြတယ်ပေါ့ဗျာ၊ ကြည့်တာကို ကြံ့ခိုင်ရေးရုံးက စည်းရုံးရေးမှူးပေါ့ဗျာ။

၉ ရပ်ကွက် စည်းရုံးရေးမှူးပေါ့။ ကိုဇင်လင်းမောင်ကနေပြီးတော့ သုံးခွမြို့နယ်က ကြံ့ခိုင်ရေး အတွင်းရေးမှူး ဒေါက်တာမြင့်သိန်းကို သွားပြောတယ်။ ဒီလို…ဒီလိုပဲ။ ဒီလူတွေ နိုင်ငံရေးလုပ်နေပါတယ်ဆိုပြီး၊ လက်ဖက် ရည်ဆိုင်မှာထိုင်ပြီး နိုင်ငံရေးကြောင်းတွေပြောနေပါတယ်၊ နိုင်ငံရေးလုပ်နေပါတယ်ဆိုပြီး၊ ဆိုတော့.. ဒေါက်တာမြင့်သိန်းကနေပြီးတော့ မ.ယ.က ဥက္ကဋ္ဌ ဦးကျော်သောင်းကို သွားပြောတယ်။ ဒီလို ဒီလိုပဲဖြစ်နေ တယ်။ တားဆီးပေးပါ ဆိုပြီးတော့ပြောတယ်။

ပြောတဲ့အခါကျတော့ သုံးခွ ရ. ယ.က စာရေးကိုဇော်မြင့်ကို မ.ယ.က ဥက္ကဋ္ဌက ခေါ်တွေ့တယ်။ ခင်ဗျားတို့ ရပ်ကွက်၊ ရ.ယ.က ရုံးဘေးက လက်ဖက်ရည်ဆိုင်မှာ ခင်ဗျားက ဦးဆောင်ပြီးတော့ ဒီမိုကရက်တစ်တွေ ဖမ်းပြီးတော့ နိုင်ငံရေးအကြောင်းတွေ ပြောနေတယ်၊ နိုင်ငံရေးလုပ်နေတယ်လို့ ကျုပ်တို့ကို လာတိုင်ထား တယ်၊ အဲဒီတော့ ခင်ဗျားတို့ ဒီအလုပ်တွေကို မလုပ်ဖို့၊ ခင်ဗျားကိုယ်တိုင်လည်း မလုပ်ဖို့၊ နောက်ပြီး လက်ဖက်ရည်ဆိုင်ကိုလည်း ဒီမိုကရက်တစ်တွေကိုမဖမ်းဖို့၊ မကြည့်ဖို့ အဲဒါ ခင်ဗျားပြောလိုက်ပါ၊ ဆိုပြီးတော့ သူက အမိန့်ပေးလိုက်တယ်”

ဒိနောက်မှာတော့ လဘက်ရည်ဆိုင်ပိုင်ရှင်ကို စလောင်းတွေကနေ ပြည်ပအသံလွှင့်ဌာနတွေကလွှင့်တဲ့ ရုပ်မြင်သံကြားအစီစဉ်တွေကို မပြသဖို့အတွက် ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။

“ခင်ဗျားတို့ ဒီမိုကရက်တစ်တွေကို မဖမ်းပါနဲ့၊ မကြည့်ပါနဲ့။ လက်ဖက်ရည်ဆိုင်မှာလာပြီးတော့ ဖွင့်ပါ ဘာ.. ညာ လာပြီးတော့ ပြောတဲ့လူ ရှိတယ်ဆိုလို့ရှိရင်လည်း ဦးကျော်သောင်းကနေပြီးတော့ ဒီမိုကရက်တစ် မဖမ်းနဲ့၊ မကြည့်ရဘူးလို့ အမိန့်ပေးထားတဲ့အတွက် ကျနော်တို့ မဖွင့်ရပါဘူးလို့ ပြောပါဆိုပြီးတော့ သူတို့က ပြောသွားတယ်။ အထက်က အမိန့်နဲ့ မဖွင့်ပါနဲ့လို့ လာပြောသွားတယ်ဗျာ”

အခုလိုမျိုး အမိန်နဲ့ ညွန်ကြားလိုက်တဲ့အတွက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီးတဲ့နောက် သူမ ဘာတွေ ပြောဆိုေနေသလဲ ဆိုတာနဲ့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွေ အတွက် မျှော်လင့်နေကြရတဲ့ ပြည်သူတွေအတွက် အခွင့်အရေးတွေ ဆုံးရှုံးမှုတွေဖြစ်ခဲ့တယ်လို့ ပြည်သူ တဦးက ပြောပြပါတယ်။

“အဲဒါကျတော့ သူတို့ မတရားလုပ်တာပေါ့ဗျာ၊ ကျနော်တို့တွေ ပြည်သူတွေအနေနဲ့ကတော့ ဒါကို လုံး၀ မကျေနပ်ဘူးဗျ၊ လူတိုင်းမှာ လွတ်လပ်ခွင့်တွေ ရှိတယ်။ သိချင်၊ မြင်ချင်၊ ကြားချင်တယ်။ အန်တီစုကိုလည်း ကျနော်တို့က အားပေးတယ်။ အန်တီစုပြောတဲ့စကားတွေကိုလည်း ကျနော်တို့က ကြားချင်တယ်။ ဒါပေမဲ့ သဘောကတော့ဗျာ၊ ဒီမိုကရက်တစ်တွေ ဘာတွေဆိုတာက စလောင်းရှိမှ ကြည့်ရတာကိုး။

စလောင်းရှိတဲ့ လက်ဖက်ရည်ဆိုင်တွေကလည်း ဖွင့်ပြပေးတယ်ဗျာ၊ ကျန်တဲ့သူတွေကြည့်ရအောင်၊ ပြည်သူ အများကြည့်ရအောင်ဆိုပြီးတော့ သူတို့ကလည်း ဖွင့်ပေးတယ်။ စီးပွားရေးအရလည်းပါတာပေါ့နော်၊ သူတို့ လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်လာသောက်တဲ့သူတွေ စိတ်ချမ်းသာအောင်လို့ သူတို့ကလည်း ဖွင့်ပြ ပေးတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ လူတွေက စိတ်ဝင်စားလာတာ ဒီလူတွေ မလိုလားဘူး။ အဲဒါကို ဒီလူတွေ လိုက်ပြီးတော့ ကြပ်ပေးနေတာ။ အဲဒီတော့ ကျနော်တို့ ပြည်သူပြည်သားတွေ အတွက် ပေါ့နော်၊ လူ့အခွင့်အရေးတွေ အများကြီးဆုံးရှုံးတယ်။

ဒီလူတွေ၊ သူတို့လုပ်ချင်သလို လုပ်နေတာကို ကျနော်တို့ ပြည်သူတွေက ငြိမ်ခံနေရသလို ဖြစ်နေတယ်။ မတရားလုပ်မှန်းလည်းသိတယ်ဗျာ၊ ဒီလူတွေကို ပြန်ပြီးတော့ ယှဉ်ပြိုင်မှုအနေအထားမှာ ကျနော်တို့မှာ ပါးစပ်ပဲရှိတယ်။ ဒီလူတွေမှာက အာဏာလည်း ရှိတယ်၊ လက်နက်လည်းရှိတယ်”

အလားတူ ဖြစ်ရပ်မျိုးတွေဟာ ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေဖြစ်တဲ့ ခရမ်း၊ သုံးခွ၊ တွံတေး၊ မြောက် ဥက္ကလာ၊ ရွှေပြည်သာ စတဲ့နေရာအတော်များများမှာဖြစ်နေပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည် ပြန်လည် လွတ်လာပြီးနောက် ဂြိုဟ်တုစလောင်းတွေကို ပြည်သူတွေက ကြည့်ရှုမှု ပိုပြီး များလာသလို ဒီလိုကြည့်ရှုသူများလာတဲ့အတွက် ခြိမ်းခြောက်ခြင်း၊ ပိတ်ပင်ခြင်းတွေကို အာဏာပိုင် တွေက ပိုပြီးလုပ်လာတယ်လို့ ရန်ကုန်တိုင်းအတွင်းက ပြည်သူတွေကပြောပြပါတယ်။

“အဲဒါနဲ့ပတ်သက်လို့လေ၊ တချို့ရပ်ကွက်တွေရော အကုန်လုံး အဲလိုဖြစ်နေတာ။”

ဂြိုဟ်တုစလောင်းတွေဟာ လိုင်စင်ကြေးပေးပြီး တရားဝင် လုပ်ထားရတာဖြစ်ပေမဲ့ အာဏာပိုင်တွေက ပြည်ပအသံလွှင့်ဌာနတွေကနေ လွှင့်ထုတ်နေတဲ့ အစီအစဉ်တွေကို ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။

နယ်မြို့တွေမှာဆိုရင်လည်း ဂြိုဟ်တုစလောင်းတွေကို ကြည့်ချင်သူတွေ များလာတဲ့အတွက် ခိုးဝှက် ကြည့်ရှု နေရတာတွေလည်း ဖြစ်ပေါ်နေပါတယ်ရှင်။

XS
SM
MD
LG