မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပခဲ့တာ ဒီကနေ့ အင်္ဂါနေ့မှာ ၁ လ ပြည့်သွားပါပြီ။ ရွေးကောက်ပွဲမှာ မဲအနိုင်ရခဲ့တဲ့ ပါတီတွေရော အရေးနိမ့်ခဲ့တဲ့ ပါတီတွေပါ ဘာတွေလုပ်နေကြသလဲ၊ ပါတီရှေ့ရေး အတွက် ဘယ်လိုအစီအစဉ်တွေ လုပ်နေကြသလဲဆိုတာကို ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က စုံစမ်းတင်ပြထားပါတယ်။
ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အသင့်တင့်အနိုင်ရတဲ့ပါတီတွေရော၊ အနိုင်မရတဲ့ပါတီတွေကပါ ပါတီတည်ဆောက်ရေးကို အလေးထားလာကြတာဖြစ်ပါတယ်။
ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီက လွှတ်တော်သုံးရပ်စလုံးအတွက် ၈၈၂ နေရာ အနိုင်ရခဲ့ပြီး ရှမ်း၊ ရခိုင်၊ ချင်းနဲ့ ကရင် တိုင်းရင်းသားပါတီတွေကလည်း အသင့်အတင့် အနိုင်ရခဲ့ကြပါတယ်။
ဒီမိုကရက်ပါတီ(မြန်မာနိုင်ငံ) ကတော့ မျှော်မှန်းထားသလောက် အနိုင်မရခဲ့ပေမယ့် မဲဆွယ်စည်းရုံးရေး ကာလမှာ လူထုနဲ့ထိတွေ့ခဲ့တာကြောင့် ပါတီဝင်အင်အား တိုးလာတယ်လို့ သိရပါတယ်။
ဒီပါတီဟာ ရွေးကောက်ပွဲအပြီး နောက်တရက်မှာပဲ မဲဆန္ဒရှင်တွေကို ကျေးဇူးတင်ကြောင်း အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြခွင့်တောင်းခဲ့ပေမယ့် အာဏာပိုင်တွေက ဖော်ပြခွင့်မပြုခဲ့ပါဘူး။ ဒါပေမယ့် မနေ့က ပြည်ခိုင်ဖြိုးပါတီရဲ့ ပြည်သူသို့ကျေးဇူးတင်လွှာမဖော်ပြခင် တရက်အလိုမှာ ခွင့်ပြုချက် ရခဲ့ တယ်လို့ ပါတီဥက္ကဋ္ဌ ဦးသုဝေက ဆိုပါတယ်။
“အဲဒါ တနေ့ညကတော့ သတင်းဌာနက ဆရာတို့ကို တင်ထားတာထည့်ခွင့်ရပါပြီ၊ ထည့်ပါလို့ အကြောင်းကြားတယ်။ သူတို့က အကြောင်းကြားတာက နည်းနည်းလည်း မိုးချုပ်နေပြီလေ၊ ကျနော် တို့က နက်ဖြန်လောက်လာခဲ့မယ်ဆိုတော့ ကိစ္စမရှိပါဘူး၊ ပိုက်ဆံချက်ချင်းထည့်စရာ မလိုပါဘူးတဲ့၊ ကျနော်တို့ ထည့်ပေးလိုက်ပါမယ်ဆိုတော့ အဲလိုဆိုလည်း ထည့်ပါလို့ ကျနော်တို့ကပြောလိုက်တယ်။ ကျနော် စဉ်းစားတာက သူတို့ပေါ်လစီပြောင်းတာလား၊ ဘယ်လိုကြောင့် စေတနာကောင်းတွေ အခုမှ ပေါ်လာလဲပေါ့ နော်။ တကယ်ကျတော့ ကျနော်တို့ကိုထည့်ခိုင်းတာက ကျနော်တို့ထည့်ပြီး နောက် တနေ့ကျတော့ ကြံ့ခိုင်ရေးက ကျေးဇူးတင်ကြောင်း သတင်းစာအပြည့် ပြောတာကိုးဗျ။ ဆိုလိုတာက ကျနော်ထင်တယ်၊ သူတို့ထည့်ချင်လို့ ကျနော်တို့ကို အရင်ထည့်ခွင့် ပေးလိုက်တာပေါ့နော်၊ ကျနော်တို့ကို ထည့်ခွင့်မပေးဘဲနဲ့ သူတို့ကိုချည်းပဲ ထည့်ခွင့်ပေးလိုက်လို့ရှိရင် ပြောစရာဖြစ်မှာစိုးလို့ တူတာပဲပေါ့နော်”
ကိုယ်စားလှယ်လောင်း ၃၅ ယောက် အနိုင်ရထားတဲ့ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ RNDP ကတော့ မဲဆွယ်စည်းရုံးကာလက မဖွဲ့ဖြစ်ခဲ့တဲ့ မြို့နယ်တွေမှာ ပါတီစည်းရုံးရေး ကော်မတီတွေဖွဲ့ဖို့ ပြင်ဆင်နေကြောင်း ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကပြောပါတယ်။
“ကျနော်တို့ပါတီကတော့ ရွေးကောက်ပွဲမတိုင်ခင်က အခြေနေအရပ်ရပ်အရ အမြန်ဆုံးပေါ်ပေါက် အောင် လုပ်ခဲ့ရတာကိုး။ ရွေးကောက်ပွဲလွန်မှာတော့ ပါတီလုပ်ငန်းစဉ်တွေဟာ ကျစ်ကျစ်လျစ်လျစ်နဲ့ ရှေ့ဆက်ပြီး နှစ်ပေါင်းများစွာ တည်တံ့သွားအောင် ပါတီ တည်ဆောက်ရေးကို အဓိကလုပ်ပါတယ်။ ရွေးကောက်ပွဲမတိုင်ခင်က မဖွဲ့စည်းခဲ့ရတဲ့ မြို့နယ်တော်တော်များများကို ဖွဲ့စည်းဖို့လုပ်နေပါတယ်၊ ”
တချိန်တည်းမှာပဲ ပါတီဝင်အင်အားတိုးချဲ့တာတွေပါ လုပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။
“ပါတီဝင်လိုတဲ့အင်အားက ကျေးလက်လူထုမှာပိုများလာပါတယ်။ သိတဲ့အတိုင်း ရွေးကောက်ပွဲမှာ အောင်မြင်မှုအတိုင်းအတာ တချို့ရခဲ့တယ်ဆိုတော့ ပြည်သူကို ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ် ရောက်အောင် ပါတီကဦးဆောင်လုပ်ပေးနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေလည်း ရှိနေကြပါတယ်။ အဲဒါတွေကိုလည်း အကြိမ်ကြိမ်အခါခါ သုံးသပ်ပြီးမှ ကျနော်တို့ပါတီ ရှေ့ဆက်သွားရမယ့် လမ်းကြောင်းကိုလည်း ဖွံ့ဖြိုးမှုလမ်းကြောင်းပေါ်ရောက်အောင်၊ တန်းတူမှုလမ်းကြောင်းပေါ် ရောက်အောင် CEC အစည်းဝေးကို ဒီလ ၁ ရက်ကနေ ၃ ရက်အထိ လုပ်နိုင်ခဲ့ပါတယ်။ ရှေ့ဆက်သွားမယ့်လမ်းကြောင်းကိုလည်း ကြေကြေလည်လည် ညှိနှိုင်းတိုင်ပင်ပြီးကာမှ စည်းစည်းလုံးလုံးနဲ့သွားဖို့ လမ်းစပေါ်လာပြီလို့ ယူဆပါတယ်”
၇ နေရာယှဉ်ပြိုင်ပြီး တနေရာမှ အနိုင်မရခဲ့တဲ့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီကတော့ ရွေးကောက်ပွဲ အပြီး တပတ်ကျော်က စလို့ အပတ်စဉ် နိုင်ငံရေးသင်တန်းတွေဖွင့်ပြီး ကေဒါသစ်တွေ မွေးနေတယ်လို့ သိရပါတယ်။ ပါတီ တည်ဆောက်ရေးအပေါ် အထွေထွေအတွင်းရေးမှူး ဦးနေမျိုးဝေက ခုလိုပြောပါတယ်။
“ပါတီကလည်းအသစ်ဗျာ၊ တံဆိပ်တွေကလည်းအသစ်၊ ကိုယ့်ပုံရိပ်ကိုယ် ကိုယ်ဖော်ကြရတော့ မီဒီယာတွေမှာတော့ ကျယ်ကျယ်ပြန့်ပြန့်ပြောတယ်ဗျ။ ကျနော်တို့ပါတီမှာ ရံပုံငွေကလည်း အားနည်း တယ်။ အဲဒီတော့ ဘယ်လိုလုပ်ရလဲဆိုတော့ အင်တာနက်အွန်လိုင်းမှာဖြန့်ကျက်တယ်၊ အဲဒီမှာ သိလာတဲ့လူတွေက မိတ်ဆက်လာပြီ။ သူတို့ဆီမှာ မြို့နယ်ရုံးခွဲတွေ ဖွင့်ချင်တယ်လို့ ကျနော်တို့က ကမ်းလှမ်းတယ်။ ဖွင့်မယ်ဆိုရင် ဖွင့်မယ့်လူက မြို့နယ်ရုံးခွဲဖွင့်မယ့်သူက သူ့ရံပုံငွေ သူရှာရမယ်ပေါ့ဗျာ၊ ပါတီက ရံပုံငွေ ချမပေးနိုင်တဲ့အခါကျတော့။ အဲဒီပုံစံနဲ့တည်ဆောက်ထားတယ်ဆိုတော့ တခြားပါတီတွေနဲ့စာရင် အခက်ခဲတော့ ပိုများတာပေါ့”
ပြည်ခိုင်ဖြိုးနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတွေမှအပ ကျန်တဲ့ ၂၀၁၀ ရွေးကောက်ပွဲဝင် ပါတီတွေဟာ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းကစပြီး မှတ်ပုံတင်ခွင့်ရခဲ့ကြတာမို့ ပါတီဖွဲ့ပြီး ၇ လအတွင်း ရွေးကောက်ပွဲဝင်ဖို့ တက်သုတ်ရိုက်ခဲ့ကြပါတယ်။ ဒါကြောင့်ပဲ ပါတီအများစုဟာ အနိုင်၊ အရှုံးထက် ရွေးကောက်ပွဲအလွန်ကာလမှာ ပါတီတည်ဆောက်ရေးကို ဦးတည်လုပ်ကိုင်နေကြတာဖြစ်ပါတယ်။