သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၀၈ ဖွဲ့စည်းပုံဥပဒေပြင်ဆင်ရေးအလားအလာ


၂၀၀၈ ဖွဲ့စည်းပုံဥပဒေပြင်ဆင်ရေးအလားအလာ
၂၀၀၈ ဖွဲ့စည်းပုံဥပဒေပြင်ဆင်ရေးအလားအလာ

၂၀၀၈ ခုနှစ်က ပြဌာန်းခဲ့တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ လုပ်ခဲ့တဲ့ ရွေးကောက်ပွဲ ၁ လပြည့်သွားပါပြီ။ ဖွဲ့စည်းပုံဥပဒေကို လွှတ်တော်ထဲရောက်မှ အဆင်ပြေသလိုပြင်ဖို့ ကြိုးစားမယ်ဆိုပြီး နိုင်ငံရေးပါတီတချို့ ရွေး ကောက်ပွဲဝင်ခဲ့ကြတာရှိပါတယ်။ ရွေးကောက်ပွဲပြီးသွားချိန်မှာ နိုင်ငံရေးပါတီတွေ မျှော်လင့်နေသလို ဖွဲ့စည်းပုံကို ပြင်နိုင်မယ့်အနေအထားက ဘယ်လိုရှိပါသလဲ။ ပြီးခဲ့တဲ့လကပဲ စစ်အစိုးရထုတ်ပြန်တဲ့ ပြည်သူ့ လွှတ်တော် ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက် ပြန်တမ်းအရဆိုရင်တော့ ဖွဲ့စည်းပုံဥပဒေတွေကို ပြင်ဖို့ ပိုပြီး ခက်ခဲသွားစေပါတယ်။ ဒီအပေါ်မှာ နိုင်ငံရေးပါတီတွေက ဘယ်လိုဆက်လုပ်ကြမှာပါလဲ၊ စုံစမ်းထားတဲ့ မသင်းသီရိက ပြောပြပေးမှာပါ။

ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေအမှတ် ၁၂/၂၀၁၀ နိုဝင်ဘာလ ၁၉ ရက်နေ့က ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ လက်မှတ်နဲ့ ထုတ်ပြန်ခဲ့ပြီးတော့ စာမျက်နှာပေါင်း ၁၄ မျက်နှာ ပါရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ကျင့်ဝတ်နဲ့စည်းကမ်းတွေ၊ တားမြစ်ချက်နဲ့ ပြစ်ဒဏ်တွေဆိုတဲ့ အချက်အလက်တွေ အပါအဝင် လွှတ်တော် ကိုယ်စားလှယ်တွေရဲ့တာဝန်တွေဆိုပြီးတော့ အခန်းလိုက်ခွဲခြားဖော်ပြထားပါတယ်။

အဲဒီထဲက အခန်း (၄) အပိုဒ် (၉) မှာ လွှတ်တော်ကိုယ်စားလှယ်များရဲ့တာဝန်များ အပိုင်း- က မှာ ဖော်ပြထား တာက ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ တည်ဆဲဥပဒေတွေကို လွှတ်တော်ကိုယ်စားလှယ်တွေက ကာကွယ် စောင့်ရှောက်ရမယ် ဆိုတဲ့အချက် ပါဝင်ပါတယ်။

ဒါဟာ အရင်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလက်မခံပေမဲ့ လွှတ်တော်ထဲမှာ ပြင်ဆင်ယူမယ်လို့ တွက်ချက်ပြီးတော့ရွေးကောက်ပွဲဝင်ကြတဲ့ကိုယ်စားလှယ်တွေအဖို့ အတော်ကလေး လုပ်ရကိုင်ရခက်မယ့် အနေအထားလို့ တွက်ကြပါတယ်။ ဥပဒေကြောင်းအရ ကြည့်မယ်ဆိုရင်လည်း ဒီစကားရပ်ဟာ အလွန်ကို ကျယ်ပြန့်တယ်လို့ ရှေ့နေကြီး ဦးကြည်ဝင်းက သုံးသပ်ပါတယ်။

“တည်ဆဲဥပဒေတွေရော၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွေရော စောင့်ရှောက်ရမယ် ဆိုတဲ့ အသုံးအနှုန်းဟာ အင်မတန်ကျယ်ပြန့်နက်နဲတာပဲ။ နောက်ပိတ်ဆုံး ဒီပုဒ်မတော့ဖျက်ပေး၊ ဒါ မကောင်းဘူး။ ဘယ်ဟာ… ဘယ်ဟာနဲ့ မညီညွတ်ဘူး။ ဒါကြောင့်ဖျက်ပေးပါဆိုရင် ဒါလည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို စောင့်ရှောက်တယ်လို့ တင်ပြသူဘက်က ယူဆမှာပဲ။ သို့သော် တဘက်ကတော့ ဒါကတော့ လွှတ်တော်ကို စောင့်ရှောက်ရာမရောက်ဘူး။ လွှတ်တော်ကို ပြစ်တင်ပြောရာရောက်တယ်လို့ တဘက်ကလည်း တွက်ချင်တွက်မယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ရာက ၇၅ % ထက် ပိုမှ၊ နော်…။ အဲဒီတော့ အဲဒီအဖွဲ့တွေအနေနဲ့ကတော့ အလားအလာမရှိပါဘူး”

ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၈ နေရာနဲ့ အနိုင်ရထားတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ SNDP က စိုင်းအိုက်ပေါင်းကတော့ အတိုက်အခံအင်အားစုတွေ အရင်က မျှော်မှန်းထားသလို အနိုင်မရခဲ့တဲ့အတွက် ၂၀၀၈ ဖွဲ့စည်းပုံကို လွှတ်တော်ထဲမှာ အရင် အကောင်အထည်ဖော်ရလိမ့်မယ်လို့ ဆိုပါတယ်။

“အခုလောလောဆယ် သိတဲ့အတိုင်းပဲလေ-ကျနော်တို့က အရင် အတိုက်အခံအင်အားစုက အများစု အနိုင်မရဘူးလေ။ ဖွဲ့စည်းပုံအချက်အလက်တွေထဲမှာ ပါတဲ့အချက်အလက်တွေကို အရင်ဆုံးအပြည့်အဝခံစားနိုင်အောင်ပဲ အရင်ဆုံးအကောင်အထည်ဖော်ရမယ်ဗျ။ ကျနော်မြင်တာတော့လေ”

တခါ အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီက အနိုင်ရကိုယ်စားလှယ်တဦးဖြစ်တဲ့ဲ့ ဒေါက်တာ မြတ်ဉာဏစိုးကတော့ ၂၀၀၈ ဖွဲ့စည်းပုံထဲက လက်မခံတဲ့အချက်တွေကို လွှတ်တော်ထဲမှာပြင်ဆင်ဖို့ တဖြည်းဖြည်းကြိုးစားမယ်လို့ ဆိုပါတယ်။

“ဥပဒေဆိုတာတော့ ဒီလိုပဲ ထုတ်ပြန်မှာပေါ့နော်။ လိုက်နာစရာတွေလည်းရှိမှာပဲ။ ဒါပေမဲ့ တကယ်ပေါ့ ပြည်သူ့အကျိုးကို ကျနော်တို့ ရှေ့ရှုလာတဲ့အခါကျရင် ဘယ်အဖွဲ့အစည်းကနေပဲဖြစ်ဖြစ်ပါ။ မြင်လာမှာပါ။ မြင်အောင်လုပ်ပေးဖို့က ကျနော်တို့ တာဝန်ပဲဗျ။ ဒါဆိုရင်တော့ တိုင်းပြည်ဟာ အရွေ့တခုပေါ်မှာ တကယ်ရွေ့ပြီးတကယ်ပြောင်းသွားပါလိမ့်မယ်”

ဒါကတော့ NDF ပါတီက အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဒေါက်တာမြတ်ဉာဏစိုးပြောပြခဲ့တာ ပါရှင်။ ရွေးကောက်ပွဲမတိုင်ခင်ကတော့ အတိုက်အခံအင်အားစုတွေအနေနဲ့ လွှတ်တော်ထဲမှာအများလက်မခံတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ ကြိုးစားမယ်လို့ ဆိုခဲ့ပေမဲ့ အတိုက်အခံအင်အားစုတွေဟာ အနည်းစုသာ အနိုင်ရခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG