သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

HIV/AIDS ဝေဒနာရှင်များအား ဆက်လက်ကူညီရေး ပြည်တွင်းပြည်ပ စေတနာရှင်များ ညှိနှိုင်း


HIV/AIDS ဝေဒနာရှင်များအား ဆက်လက်ကူညီရေး ပြည်တွင်းပြည်ပ စေတနာရှင်များ ညှိနှိုင်း
HIV/AIDS ဝေဒနာရှင်များအား ဆက်လက်ကူညီရေး ပြည်တွင်းပြည်ပ စေတနာရှင်များ ညှိနှိုင်း

NLD ဦးဆောင်မှုနဲ့ တောင်ဒဂုံမှာ ဖွင့်ထားတဲ့ လူမှုရေး၊ စောင့်ရှောက်ရေး ဂေဟာက HIV / AIDS ဝေဒနာ သည်တွေအနေနဲ့ အတည်တကျ ဆေးကုသမှုခံယူနိုင်ဖို့ နေရာတနေရာ စီစဉ်ပေးရေးအတွက် NLD ခေါင်းဆောင်ပိုင်း၊ ငွေကြေးထောက်ပံ့ပေးနိုင်သူ စေတနာရှင်တွေနဲ့ အကူအညီပေးလိုကြတဲ့ တသီးပုဂ္ဂလ အမတ်လောင်းတွေ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒီဝေဒနာသည်တွေ နေထိုင်ရေး ကိစ္စတင်သာ မကဘဲ ဆေးဝါး ကုသမှုရရှိနိုင်အောင် ဝိုင်းဝန်း လုပ်ဆောင်ပေးကြဖို့ တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေနဲ့ ပြီးခဲ့တဲ့ စနေနေ့တုန်းက တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုခဲ့တာကြောင့် NGO လုပ်ငန်း အတွေ့အကြုံရှိကြတဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်တွေ ဦးဆောင်ပြီး လှုဒါန်းနိုင်တဲ့ စေတနာရှင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ဒီ ဝေဒနာသည်တွေအနေနဲ့ သူတို့နေထိုင်နေတဲ့ တောင်ဒဂုံက HIV / AIDS အခမဲ့စောင့်ရှောက်ရေးဌာနမှာ လာမယ့် နိုဝင်ဘာလ ၂၅ ရက်နေ့နောက်ပိုင်း ဆက်ပြီးတော့ နေခွင့်မရတော့တဲ့ အခြေအနေဖြစ်လာတဲ့ အတွက် အခုလို ဆွေးနွေးမှုတွေ ဖြစ်ပေါ်လာတာပါ။

ဒီကနေ့ ဆွေးနွေးပွဲကိုတော့ ငွေကြေးအားဖြင့် လှူဒါန်းနိုင်တဲ့ နိုင်ငံတကာ သံရုံးတွေက ကိုယ်စားလှယ်တွေ၊ လတ်တလော ဒီဆေးခန်း ဆက်လက်ရပ်တည်နိုင်ရေးအတွက် နိုင်ငံရေးအရ ဦးဆောင်မှုပေးနေတဲ့ NLD အဖွဲ့က ဗဟိုကော်မတီဝင် ဦးဝင်းတင်၊ နေ့စဉ်လူနာတွေ လိုအပ်ချက်ကို လိုက်လံဆောင်ရွက်ပေးနေတဲ့ သူတွေထဲက ကိုရာဇာနဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်တွေ ကိုယ်စား NGO လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေ မှာ အတွေ့အကြုံရှိတဲ့ ဒေါက်တာဖုန်းဝင်းနဲ့ ဒေါက်တာယူဇာမော်တို့အပြင် တခြားတသီးပုဂ္ဂလ ကိုယ်စားလှယ် တချို့လည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

လတ်တလော လူနာတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ အပါအဝင် NLD ကလုပ်နေတဲ့ လုပ်ငန်းတွေဟာ ထိရောက်မှုရှိတဲ့အကြောင်း၊ စစ်အစိုးရနဲ့ အဆက်အဆံရှိတဲ့ သံတမန်တွေအနေနဲ့ စစ်အစိုးရကို တိုက်တွန်း ပြောဆိုပေးဖို့ တက်ရောက်လာသူတွေ အားလုံးက သံတမန်တွေကို တင်ပြခဲ့တယ်လို့ NLD ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်က ပြောပါတယ်။

“အဓိကအချက်က ဘာလဲဆိုတော့ ဒီဟာတွေကို လုပ်နေတာတော့ အစိုးရကတော့ တဘက်ကနေပြီးတော့ ဥပဒေအရ ခွင့်ပြုဖို့ပဲ။ ညအိပ်တာကို။ ကျနော်တို့က Transit စခန်းလို ဖြစ်နေတာကိုး။ နားနေစခန်းလို ဖြစ်နေတာကို။ ဒီစင်တာမှာ အိပ်ကြ၊ နေကြ စားကြတယ်၊ ကျနော်တို့က ကျွေးတာမွေးတာလုပ်ရတယ်။

နောက်ပြီးတော့ ဆေးကုသမှုအတွက် စီစဉ်ပေးရတယ်။ လိုအပ်တဲ့ဆေးတွေ ဝယ်ပေးရတယ်။ ဆေးရုံသွားဖို့ အတွက် လမ်းစရိတ်ထုတ်ပေးရတယ်။ အဲလိုလုပ်နေတဲ့ဟာကို အခုကျတော့ လုံးဝကို တည်းခိုခွင့်တွေ မပေး တော့ဘူး၊ ပိတ်လိုက်ပီဆိုတဲ့အခါကျတော့ ဒါက တခုပေါ့။

နောက်တခုက ဘာလဲဆိုတော့ ဆေးရုံကို ပို့ရမယ်ဆိုတော့ ဆေးရုံက လက်ခံနိုင်တဲ့လူနာက ၄၀ အောက်မှာ ရှိမယ်၊ ကျနော်တို့က ၈၀ အထက်မှာရှိတဲ့ အခါကျတော့ လူနာ ၄၀ ကို ဘယ်လိုလုပ်မလဲ ဆိုတဲ့ကိစ္စတွေ ပေါ်လာတယ်။ ဒါတွေကို ဆွေးနွေးတာပါပဲ။ အဲဒါတွေကို သံရုံးတွေက ပုဂ္ဂိုလ်များကပေါ့ဗျာ၊ သံအမတ်များ ကနေပြီးတော့ သူတို့နိုင်ငံတွေမှာ အစိုးရတွေကို ဆက်လက်တင်ပြဖို့နဲ့ နောက်တခုက သူတို့နိုင်ငံတွေက Donor တွေပေါ့။ အလှူရှင်တွေကို ရှင်းလင်းပြောပြဖို့။ ဒါ တခုပေါ့။

နောက်တခုက ဖြစ်နိုင်ရင်လည်း ဒီအစိုးရနဲ့ သူတို့မှာ အဆက်အဆံရှိရင် ဒီအစိုးရနဲ့ပတ်သက်ပြီးတော့ ဒီ HIV လူနာတွေ ကိစ္စဟာ NLD လုပ်နေတဲ့ကိစ္စဟာ၊ ဖြူဖြူသင်းတို့ လုပ်နေတဲ့ကိစ္စဟာ ထိထိရောက်ရောက် လုပ်နေတယ်၊ အဲဒါကို အဆက်ပြတ်မသွားစေချင်ဘူးဆိုတဲ့ဟာမျိုးကို တိုက်တွန်းပြောဖို့ တင်ပြကြတယ်ပေါ့”

NLD အနေနဲ့ကတော့ နောင်မှာ အလှူရှင်တွေအနေနဲ့ လှူချင်ရင် ဆေးခန်းရဲ့ နေ့စဉ်လုပ်ငန်းတွေကို ကြီးကြပ် ကွပ်ကဲနေတဲ့ မဖြူဖြူသင်းတို့ကို တိုက်ရိုက်ကူညီလို့ရတယ်ဆိုတာကို တင်ပြခဲ့တယ်လို့ ဦးဝင်းတင်က ဆက်ပြောပါတယ်။

“ကျနော်တို့ NLD ဘက်က တင်ပြခဲ့တာကတော့ နောင်ကို အလှူရှင်များအနေနဲ့ ကူညီကြမယ်၊ ဒီကိစ္စကို ပါဝင် ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် ဖြူဖြူသင်းတို့ ဌာနနဲ့ တိုက်ရိုက်ဆက်သွယ်ပြီး လုပ်ဖို့။ ဆိုလိုတာ ကတော့ ဘယ်သူကမှ တဆင့်ခံ လုပ်မနေတော့ဘဲနဲ့ အကူညီတွေ ပေးချင်တယ်၊ ဆေးဝါးအကူအညီတွေ ပေးချင်တယ်၊ ပစ္စည်းအကူအညီပေးချင်တယ်၊ ငွေကြေးအကူအညီပေးချင်တယ်ဆိုရင် ဖြူဖြူသင်းတို့ရဲ့ ဌာနကို တိုက်ရိုက်ဆက်သွယ်ပြီးတော့ ကူညီပေးသွားဖို့ ကျနော်တို့က တိုက်တွန်းကြတယ်၊ ဒါလောက်ပါပဲဗျ”

တက်ရောက်လာခဲ့ကြတဲ့ သံတမန်တွေကလည်း လူနာတွေကို ဆေးကုသမှု ပေးရုံတင်မကဘူး။ သူတို့ နေထိုင်ရေးအတွက်ပါ လိုအပ်နေတယ်ဆိုတာကို သူတို့ဘက်က သတိထားမိနေတာ ကြာပြီဖြစ်တဲ့အတွက် ဒီလိုအပ်ချက်တွေကို ကူညီမယ်လို့ ပြောဆိုသွားတဲ့အကြောင်း ဆွေးနွေးပွဲကို ဦးဆောင်ကျင်းပပေးခဲ့တဲ့ ဒေါက်တာ ဖုန်းဝင်းက ပြောပါတယ်။

“သူတို့လည်း အဲဒါကို သတိထားမိနေတာ ကြာပြီတဲ့။ သူတို့က အခု သရီးဒီ ဖဲန်း (Three D Fund) တို့ ဘာတို့ လုပ်တုံးက သူတို့က ကုသရေးတို့ ဆေးရရှိရေးတို့ အဲဒါကို အဓိက လုပ်ပေးခဲ့တာလေ။ အခုကျ တော့ ဆေးကုသတာ တခုတည်းမဟုတ်ဘဲနဲ့ နယ်ကနေလာပြီး ဆေးကုတဲ့လူတွေက ခဏတဖြုတ်နေဖို့ နေရာ လိုနေတာကိုး။ အဲဒါကတော့ လက်ရှိအခြေအနေအထိ ကျနော်တို့ မလုပ်ပေးနိုင်သေးတဲ့ ကိစ္စဖြစ် နေတာပေါ့လေ။

အဲဒါကို လုပ်ပေးနိုင်တဲ့လူတွေက ကြားထဲကနေ ဘယ်လို ဝိုင်းလုပ်ပေးကြမလဲပေါ့နော်။ ဒါ ကျန်းမာရေး လေ၊ ကျန်းမာရေးကိစ္စကို လုပ်တဲ့အခါမှာ ကျနော်တို့က ပြည့်စုံအောင်လုပ်ရတာပေါ့။ ဆိုတော့ ဒီ ယာယီ နေထိုင်ဖို့ ကိစ္စအတွက်က တကယ်ကို လိုအပ်နေတဲ့ issue ဆိုတာလည်း သူတို့ သတိထားမိတယ်။ လုပ်လည်း လုပ်ဖို့ သင့်တယ်ဆိုတာ သူတို့သိတယ်။ ဆိုတော့ လက်ရှိ လိုအပ်ချက်တွေကိုလည်း သူတို့ ကူမယ်။ တနိုင်ငံလုံး အနေနဲ့လည်း လုပ်နိုင်အောင် သူတို့ ကြိုးစားမယ်လို့ ပြောတယ်”

သူ့အနေနဲ့ကတော့ ပြည်တွင်းပြည်ပက ဝိုင်းဝန်းကူညီချင်သူတွေ များများပေါ်လာအောင် ဆောင်ရွက်သွား မှာ ဖြစ်တယ်လို့ ဒေါက်တာ ဖုန်းဝင်းက ပြောပါတယ်။ ဒီကနေ့ ဆွေးနွေးပွဲကို တက်လာတဲ့ သံတမန်တွေ ထဲမှာတော့ ဖိလစ်ပိုင် သံအမတ်ကြီး၊ သြစတျေးလျသံရုံးက သံအမတ်ကြီး၊ ဗြိတိသျှသံရုံးက သံမှူးနဲ့ အမေရိကန်သံရုံးက ကိုယ်စားလှယ်တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG