နိုင်ငံရေး ခိုလှုံခွင့်တောင်းခံမယ့်သူတွေပါလာတဲ့ လှေတစင်း သြစတြေးလျနိုင်ငံ၊ ခရစ္စမတ်ကျွန်းကမ်းခြေက ကျောက်စွန်းတွေကို တိုက်မိတဲ့အတွက် လှေပေါ်ပါလာတဲ့ ကလေးတွေအပါအဝင် အနည်းဆုံး ၂၇ ယောက် သေဆုံးသွားကြတယ်လို့ သြစတြေးလျ အာဏာပိုင်တွေက ပြောပါတယ်။ သူတို့ဟာ အီရတ်နဲ့အီရန်ကလူတွေ ဖြစ်တယ်လို့ ယူဆရပါတယ်။
ခရစ္စမတ်ကျွန်းကမ်းခြေကိုရောက်လာခဲ့တဲ့ ဒီလှေပေါ်မှာ လူ ၇၀ ပါလာခဲ့ပြီး လှိုင်းကြီးတွေကြောင့် လှေက ကျောက်စွန်းတွေနဲ့ရိုက်မိပြီး လှေပေါ်ပါလာတဲ့သူတွေ ရေထဲကျသွားခဲ့ရတာဖြစ်ပါတယ်။
အကောက်ခွန်နဲ့ ရေတပ်သဘောၤတွေက လူ ၄၁ ယောက်ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ သြစတြေးလျ အကောက်ခွန်ဌာနက ပြောပါတယ်။ အလွန်ခက်ခဲ၊ အန္တရယ်များလှတဲ့ အခြေအနေအတွင်းမှာ အသက်ရှင် ကျန်ရစ်နိုင်ခြေရှိသူတွေကို ဆက်ပြီးတော့ ရှာဖွေနေတယ်လို့လည်း သူတို့က ပြောပါတယ်။ ခုထိ အလောင်း ၂၇ လောင်းကို ဆယ်နိုင်ခဲ့ပါပြီ။
ခရစ္စမတ်ကျွန်းဟာ သြစထြေးလျနိုင်ငံရဲ့ အနောက်မြောက်ပိုင်း မိုင် ၁၅၀၀ အကွာလောက်မှာရှိပြီး နိုင်ငံရေး ခိုလှုံခွင့်တောင်းခံသူတွေ အတွက် ထိန်းသိမ်းရေး စခန်း ဖွင့်လှစ်ထားပါတယ်။ အရှေ့အလယ်ပိုင်းနဲ့ တောင်အာရှ ဒေသက နိုင်ငံရေး ခိုလှုံခွင့်တောင်းခံသူတွေက အဲဒီလို လှေနဲ့ လာတတ်ကြပါတယ်။