သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးမန်းငြိမ်းမောင်ကို ထောင်ဒဏ်တသက်ချမှတ်


Mann Nyein Maung, KNU
Mann Nyein Maung, KNU

မြန်မာအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးလက်မှတ် ရေးထိုးထားပြီး ငြိမ်းချမ်းရေး ရဖို့ ကြိုးပမ်းနေတဲ့ KNU ကရင့်အမျိုးသားအစည်းအရုံးရဲ့ ခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးမန်းငြိမ်းမောင်ကို အင်းစိန်ထောင်တွင်း တရားရုံးက ထောင်ဒဏ် တသက်တကျွန်း ဒီကနေ့ ချလိုက်ပါတယ်။ ပြီးခဲ့တဲ့ နှစ် ဇူလိုင်လက တရုတ်နိုင်ငံမှာ ဖမ်းဆီးခံခဲ့ရတဲ့ ဦးမန်းငြိမ်းမောင်ကို တရားမဝင်အသင်းနဲ့ ဆက်သွယ်မှု၊ နိုင်ငံတော်ပုန်ကန်မှုနဲ့ နိုင်ငံတော် နဲ့ စစ်မက်ခင်းမှု စတဲ့ အချက်တွေနဲ့ အပြစ်ပေး အရေးယူခဲ့တာဖြစ်ပါတယ်။ ဒီအခြေနေ အပြည့်အစုံကိုတော့ အမှုမှာ လိုက်ပါဆောင်ရွက်ပေးနေတဲ့ အကျိုးဆောင်ရှေ့နေ နဲ့ ဆက်သွယ်မေးမြန်းထားတဲ့ မအေးအေးမာ က ပြောပြပါမယ်။

ကေအန်ယူရဲ့ ဗဟိုကော်မတီဝင် ဦးမန်းငြိမ်းမောင်ကို ထောင်ဒဏ် တသက်တကျွန်း ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း သူရဲ့ ရှေနေဖြစ်သူ ဦးကြီးမြင့်က ပြောပါတယ်။

ဒီနေ့ နေ့လယ် ၁၂နာရီက အမိန့်ချပါတယ်။ ၁၇(၁) နဲ့က ၃နှစ်၊ ၁၂၂(၁) နဲ့က တသက် တကျွန်း၊ နှစ်မှုကို တပေါင်းတည်းကျခံစေဆိုပြီး မြောက်ပိုင်း ခရိုင် တရားရုံးကနေ တရားသူကြီး ဦးလှဝင်း ရုံးကနေ ထောင်တွင်းတရားရုံးပေါ့၊ အဲဒီကနေ အမိန့်ချမှတ် လိုက်ပါတယ်။

ဦးမန်းငြိမ်းမောင် နဲ့ ပတ်သက်ပြီး ပြစ်ဒဏ်ချမှတ်လိုက်ပေမဲ့လို့ အယူခံဆက်တက်ဖို့ အတွက် ဆက်လုပ်သွားဖို့ရှိပေမဲ့ ကာယကံရှင်ကို မေးမြန်းရဦးးမှာဖြစ်ကြောင်းတွေကို ပြောသွားပါတယ်။

“အင်း သူက မျက်နှာကလည်း မကောင်းဘူးဗျ။ သူ့ကြည့်ရတာ သူမျှော်လင့်သလို မဖြစ်ဘူးလား၊ အံအားသင့်သလို ဖြစ်သလားတော့ မသိဘူး။ စကားတောင် သိပ် မပြောဘူး ဗျ။ သိပ်မပြောတဲ့အတွက် အယူခံ ကိစ္စနဲ့ပတ်သက်ပြိး သူကလည်း မပြောဘူး။ ကျနော်တို့ကလည်း အခုချိန်မှာ အမိန့်အရ တရားဝင် မိတ္တူကူးရဦးမှာ ဆိုတော့ အဲဒီ အမိန့်ရပြီးတော့မှပဲ တပတ် ၁၀ရက်လောက်မှ သွားတွေ့ပြီး သဘောထား မေးရဦးမှာပဲ။ သူက ရက် ၆၀တော့ ရတယ်ပေါ့ဗျာ။ ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော်မှာ အယူခံရမယ်။ အယူခံမယ်ဆိုရင်ပေါ့ဗျာ။”

ဦးမန်းငြိမ်းမောင်လွတ်မြောက်ရေးအတွက် အမျိုးမျိုး ကြိုးစားပြီး လျှောက်လဲချက်တွေ ပေးခဲ့ပေမဲ့ ပယ်ချခံခဲ့ရတယ်လို့ ရှေ့နေဖြစ်သူက ပြောပါတယ်။

“ကျနော့် လျှောက်လဲချက်ကတော့ သေသေချာလွှတ်ပေးသင့်တဲ့အကြောင်း သေသေချာချာ ပေးထားတာပါ။ တစ်က စွဲဆိုမှုမှားနေတယ်၊ ပြုလုပ်မူတခုတည်းကို ဒီလိုနှစ်မှုလုပ်လို့ မရဘူး။ တရားစွဲလို့မရဘူး။ စွဲဆိုမယ်ဆိုရင် ပထမမှုကို အပြစ်ပေးမယ် ဆိုရင် ဒုတိယ အမူုကို အပြစ်ပေးလို့ မရဘူး။ ဖြစ်ရပ်အမှုတခုတည်းကို နှစ်မှု အပြစ် ပေးလို့ မရဘူး။ ဒါတွေ ဥပဒေကြောင်းအရ ပြောတယ်ပေါ့ဗျာ။ ေကေအန်ယူအဖွဲ့ကြီးက လူကြီးတယောက်ကိုကွက်ပြီး အပြစ်ပေးမယ်ဆိုရင် ငြိမ်းချမ်းရေးကိုထိခိုက်နိုင်တယ်လို့။ ဒါတွေကဖြင့် စဉ်းစားသင့်တယ်လို့ ကျနော်တို့ကဒီလိုတော့ ပြောတာပေါ့ဗျာ။ အဲလိုပြောပေမဲ့လို့ ကျနော်တ့ို လျှောက်လဲချက်တွေက အပယ်ခံရတယ်။”

ကေအန်ယူကရင်အမျိုးသားအစည်းအရုံးဘက်ကတော့မြန်မာအစိုးရဘက်က ပြောတာ တမျိုး လုပ်တာတမျိုး ဖြစ်နေတဲ့အတွက် ယုံကြည်မှု တည်ဆောက်တဲ့အခါ အခက်အခဲ ရှိကြောင်း၊ ဦးမန်းငြိမ်းမောင် ကိစ္စသာမက ရှေ့တန်းတွေမှာလည်း စစ်အင်အား တိုးချဲ့မူတွေ ရှိနေတာကြောင့် ငြိမ်းချမ်းရေးတည်ဆောက်တာတွေဟာ မေးခွန်းထုတ်စရာ ဖြစ်လာတယ် လို့ တွဲဘက်အတွင်းရေး မူ ဗိုလ်မူးစောလှငွေက ပြောပါတယ် ။

“အခုဟာက ကျနော်တို့ ငြိမ်းချမ်းရေး တည်ဆောက်နေတာလေ။ ငြိမ်းချမ်းရေးနဲ့ ယုံကြည်မူ တည်ဆောက်နေတဲ့ကာလမှာ တကယ်တော့ သူတိုပြောခဲ့တာကလည်း မန်းငြိမ်းကို ငြိမ်းချမ်းရေးလက်ဆောင်တွေ ပေးမယ်လို့ ပြောတာ။ နောက်ဆုံးတော့ နိုင်ငံတော် ပုန်ကန်မူနဲ့ မတရားအသင်းဥပဒေတွေနဲ့ ခုဟာက တသက်တကျွန်း ချလိုက်တယ် ဆိုတော့ သူတို့ ပြောတာကတမျိုး လုပ်တာက တမျိုးပေါ့ဗျာ။ လုပ်တာတမျိုးဆိုတာက မန်းငြိမ်းကိစ္စတင် မကဘူး။ ရှေ့တန်းမှာဆိုရင် ပြောရမယ် ဆိုရင် တပ်အင်အားတွေ တိုးလာတာ သူတို့လှုပ်ရှားမှုက ရန်လိုတဲ့ အပြုအမူတွေ များလာတဲ့ အခါကျတော့ သူတို့ဆရာကြီးသမားကြီးတွေနဲ့ သူတို့ရဲ့ နောက်လိုက်တပည့် တွေ့ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်မှာ သူတို့ ပြောသလိုဖြစ်သလား မဖြစ်ဘူးလား ဆိုတာ လူထုတွေရှေ့မှာ နိုင်ငံတကာရှေ့မှာ မေးခွန်းထုတ်စရာ ဖြစ်လာတယ်"

ဦးမန်းငြိမ်းမောင်ဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက တရုပ်ပြည်ကူမင်းလေဆိပ်ကနေ မြန်မာပြည်ထဲကို ပြန်ရောက်သွားခဲ့ပြီး လူူဝင်မှု ဥပဒေနဲ့ ဖမ်ဆီး ခံရပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့ရက်မှာပဲ ပုဒ်မ ၁၇ (၁) ပုဒ်မ ၁၂၂(၁)တိုနဲ့ ထပ်မံ တရားစွဲဆို ခံရပြိး အခုလို ထောင်ဒဏ်အပြစ်ပေးခံရတာလည်းဖြစ်ပါတယ်ရှင်။

XS
SM
MD
LG