သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲမှာ အဖွဲ့ချုပ်က ၄၃နေရာ အနိုင်ရ


ကြားဖြတ်ရွေးကောက်ပွဲ ရလဒ် ထုတ်ပြန်ဖို့ ကျန်နေသေးတဲ့ (၅) နေရာရဲ့ အနိုင်အရှုံးစာရင်းကို ဒီကနေ့ ညနေပိုင်းမှာ ထုတ်ပြန်ကြေငြာလိုက်ပြီမို့ ယှဉ်ပြိုင်ကြတဲ့ မဲဆန္ဒနယ် အကုန်လုံးရဲ့ စာရင်းတွေ ထွက်လာပြီ ဖြစ်ပါတယ်၊ လစ်လပ် မဲဆန္ဒနယ်တွေမှာ NLD ကအများစု အနိုင်ရခဲ့ပြီး ရွေးကောက်ပွဲတွင်း မသမာမှုရှိခဲ့တာတွေကို အသေးစိတ် ပြန်လည် စစ်ဆေးပြီး လိုအပ်ရင် တိုင်ကြားတာတွေ လုပ်မယ်လို့ NLD ပါတီက ပြောပါတယ်၊ ဒီအခြေအနေတွေကိုတော့ မသင်းသီရိက ပြောပြပေးမှာပါ၊

လစ်လပ် မဲဆန္ဒနယ်တွေရဲ့ ရွေးကောက်ပွဲ ရလဒ် အဖြေတွေထဲက ကျန်နေသေးတဲ့ ၅ နေရာရဲ့ အဖြေတွေကို ဒီကနေ့ ညနေ ၆ နာရီက ထုတ်ုပြန်လိုက်ပြီမို့ မဲဆန္ဒနယ် ၄၅ နေရာစလုံးရဲ့ ကိုယ်စားလှယ်တွေ စာရင်းတွေ ထွက်လာပါပြီ၊ လစ်လပ်နေရာ ၄၅ နေရာမှာ ၄၄ နေရာယှဉ်ပြိုင်ခဲ့တဲ့ NLD အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၄၃ နေရာ အနိုင်ရပြီး ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီက ၁နေရာ၊ ရှမ်း ကျားဖြူပါတီက ၁နေရာစီနဲ့ အနိုင်ရသွားပါတယ်၊ ဒီစာရင်းဟာလည်း NLD က ကြိုတင် ထုတ်ပြန်ထားတဲ့ စာရင်းအတိုင်း ဖြစ်တယ်လို့ NLD ပါတီပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောပါတယ်၊

“အားလုံး NLD က ၄၄ နေရာဝင်တဲ့ နေရာမှာ ၄၃ နေရာ အနိုင်ရပါတယ်။ ရှမ်းမြောက်က အမျိုးသား လွှတ်တော် လားရှိုးနယ်မြေအတွက် ပါဝင်ယှဉ်ပြိုင်တဲ့ အဲဒီနေရာမှာတော့ ကျားဖြူပါတီကို ရှုံးပါတယ်။ မှန်ပါတယ်။ ကျနော်တို့ ၄၃နေရာ နိုင်ပါတယ်။”


ဒီကနေ့ ကြေငြာခဲ့တဲ့ ၅နေရာက ပြည်သူ့လွှတ်တော်နေရာအတွက် ကျွန်းစုမြို့နယ် မှာ NLD ပါတီက ဒေါ်တင်တင်ရီ၊ မင်းကင်းမြို့နယ် မှာ NLDက ဒေါ်ခင်မွှေးလွင်၊ အမျိုးသားလွှတ်တော် အတွက် စစ်ကိုင်း အမှတ် (၃) အတွက် NLD က ဒေါက်တာမြင့်နိုင် နဲ့ စစ်ကိုင်း အမှတ် (၇) မှာတော့ ပြည်ခိုင်ဖြိုး က ဦးတင်မြ နဲ့ ရှမ်းမြောက် အမှတ် (၃) မှာတော့ ကျားဖြူပါတီဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီက ဦးစိုင်းစံမင်း အနိုင်ရကြပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ၁ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ တရားမဲ့ ပြုကျင့်မှု ရှိခဲ့လို့ တိုင်ကြားမယ် ဆိုရင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ရက်ပေါင်း ၂၁ ရက်အတွင်း ငွေကျပ် ၁၀ သိန်း နဲ့ နိုင်ငံရေး ပါတီတွေက တိုင်ကြားနိုင်သလို မဲရုံတွေမှာ ဖြစ်တဲ့ မသမာမှုတွေကိုတော့ ရဲအရေးပိုင်တဲ့ အမှုတွေအဖြစ်လည်း တိုင်ကြားခွင့်ရှိပါတယ်။ NLD ပါတီကတော့ ရွေးကောက်ပွဲအတွင်း မသမာမှု ရှိခဲ့တဲ့ အခြေအနေတွေကို အသေအချာ ပြန်လည်စီစစ်ပြီး တိုင်ကြားဖို့ သင့်မသင့် ဆိုတာကို စဉ်းစား ဆုံးဖြတ်မယ် လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ံကျနော်တို့ Facts တွေကို အသေးစိတ်ပြန် မှတ်တမ်းတင်နေပါတယ်။ လိုအပ်တဲ့အခါကျရင်တော့ ကျနော်တို့ တင်ပါ့မယ်။ တင်ဖို့တော့ လောလောဆယ်တော့ မရှိသေးဘူး။ လိုအပ်ရင် တင်မှာပါ။ ရွေးကောက်ပွဲ ဥပဒေမှာ Criminal Case ဖြစ်ပြီးတော့ အဲဒါကို ရဲအရေးပိုင်တယ်လို့ သတ်မှတ်တာ ရှိတယ်။ အဲဒီဟာနဲ့ အကျုံးဝင်တာတွေ ကျနော်တို့မှာ ရှိပါတယ်။ သို့သော် ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲ တခု ဖြစ်ဖို့ ကျနော်တို့ကလည်း ပူးပေါင်းပါဝင်တဲ့အနေနဲ့ ကျနော်တို့ ဒါကို ချင့်ချိန်ပါ့မယ်။ Facts တွေကို အကြောင်းအရာတွေကို ကျနော်တို့ စုပေါင်းနေပါတယ်။”

မဲစာရင်းထဲမှာ မပါလို့ မဲမပေးကြရတဲ့ ပြဿနာတွေက မဲပေးတဲ့ နေရာတိုင်းလိုလိုမှာ ကြုံခဲ့ရ တဲ့ ပြဿနာ ဖြစ်ခဲ့ပြီးတော့ မဲဆန္ဒဖြတ်ပိုင်းတွေမှာ ဖယောင်းတွေ သုတ်ထားလို့ မင်ခြစ်မရဖြစ်တယ် လို့ ပြောဆိုချက် အတော်များများ ထွက်လာတာ လည်း ရှိပါတယ်၊ ဒါပေမဲ့ ရှမ်းပြည်မြောက်ပိုင်းခရိုင် မဲဆန္ဒနယ်မှာ ဒီလိြုပဿနာမျိူး မရှိခဲ့သလို ဒီရက်ထိတော့ ကော်မရှင်ကို မသမာမှုတွေအတွက် တိုင်ကြား တာလည်း မရှိဘူးလို့ ရှမ်းပြည်မြောက်ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်မောင်ဆွေ က ပြောပါတယ်၊

“မရှိဘူးဗျ၊ ဒီမှာတော့ နိုင်ငံရေးပါတီတွေ တော်တော်ကောင်းတယ်၊ အေးလည်း အေးတယ်ဆိုတော့ Complaint တက်တာ တခုမှ မရှိဘူး။ အဲဒီ ခြစ်မရတာ ဘာ ညာ အဲဒါမျိုးတွေလည်း မရှိဘူး။ ကျနော့် နယ်ထဲမှာတော့ လုံး၀ မရှိဘူး။

ရှမ်းပြည် မြောက်ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်မောင်ဆွေက ပြောတာပါရှင်၊ အလားတူ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တာဝန်ရှိသူတဦးကလည်း နိုင်ငံရေးပါတီတွေဟာ ၂၁ ရက်အတွင်းမှာ တိုင်ကြားခွင့် ရှိနေတာမို့ ဒီနေ့ထိတော့ ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားတာ မရှိသေးဘူးလို့ ပြောပါတယ်။ ကြားဖြတ် ရွေးကောက်ပွဲ မှာ မဲဆန္ဒနယ် အများဆုံးကို အနိုင်ရသွားတဲ့ NLD ပါတီကတော့ လာမယ့် စနေနေ့ ဧပြီလ ၇ ရက်နေ့မှာ ရန်ကုန် NLD ရုံးချုပ်မှာ ရွေးချယ်ခံ ကိုယ်စားလှယ်လောင်း အားလုံး တွေ့ဆုံပြီး ဆွေးနွေးပွဲတခု လုပ်မယ်လို့ NLD ပါတီက ပြောပါတယ်။

XS
SM
MD
LG