မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ သမ္မတဦးသိန်းစိန် နဲ့ မနက်ဖြန် နေပြည်တော် မှာ တွေ့ဆုံဖို့ ရှိပါတယ်။ ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် က နေရာ အများစု အနိုင်ရပြီးတဲ့နောက်ပိုင်း၊ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပထမဆုံးအကြိမ် တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက တင်ပြပေးပါ့မယ်။
*******
သမ္မတဦးသိန်းစိန်နဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နှစ်ဦး တွေ့ဆုံမယ့်ကိစ္စကို လွန်ခဲ့တဲ့ ရက်အနည်းငယ် ကတည်း က စီစဉ်ထားတာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ နှစ်ဦး နေပြည်တော်မှာ သီးသန့် တွေ့ဆုံမှာဖြစ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအရာရှိ ဦးခွန်သာမြင့် က ပြောပါတယ်။
ဦးခွန်သာမြင့် ၊ ၊ ဟုတ်ပါတယ်။
မေး ၊ ဘယ်အချိန်လဲ ခင်ဗျ။
ဦးခွန်သာမြင့် ၊ ၊ နေ့လယ် ၁၁ နာရီပါ။
မေး၊ ဒေါ်အောင်ဆန်းစုကြည် နဲ့အတူ ဘယ်သူတွေပါ ပါသွားမလဲ ခင်ဗျ။
ဦးခွန်သာမြင့် ၊ ၊ ဒေါ်အောင်ဆန်းစုကြည် နဲ့အတူ ကျနော် ပါမှာပါ။ နောက် ဒေါက်တာ တင်မာအောင် ပါပါလိမ့်မယ်။
မေး၊ ဟိုဘက်က သမ္မတ ဦးသိန်းစိန် တဦးတည်းပဲလားခင်ဗျ။ ဘယ်သူတွေနဲ့ တွေ့ဦးမလဲ။
ဦးခွန်သာမြင့် ၊ ၊ ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည် နဲ့ ပါသွားတာပဲ ရှိပါတယ်။ တွေ့တဲ့အချိန်မှာတော့ သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ယောက်တည်းပဲ တွေ့မယ်လို့ ကျနော် နားလည်ထားပါတယ်။
မေး၊ ဒီနေ့မှာ ဖိတ်တာလား၊ အစီစဉ်ဖြစ်တာ ဒီနေ့မှလား ခင်ဗျ။
ဦးခွန်သာမြင့် ၊ ၊ မဟုတ်ပါဘူး၊ ကျနော်တို့ စီစဉ်နေတာ ကြာပါပြီ၊ လွန်ခဲ့တဲ့ တရက် နှစ်ရက်ကတော့ အစီစဉ်ဖြစ်သွားပါတယ်။
လက်ရှိ အစိုးရသစ် တက်လာပြီးနောက်ပိုင်း သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သီးသန့်တွေ့ဆုံကြတာ ဒါ ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။ အရင်တခေါက်တွေ့ဆုံမှု နောက်ဆက်တွဲအားဖြင့်တော့ အစိုးရဘက်က ရွေးကောက်ပွဲဥပဒေ ပြင်ဆင်ချက် ထုတ်ပြန်တာ၊ နောက် လွတ်လပ်ခွင့် အချို့ ပေးလာတာ ရှိသလို၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာလည်း တရားဝင်ပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ပြီး ကြားဖြတ် ရွေးကောက်ပွဲကို ဝင်ခဲ့ပါတယ်။ အခု တခေါက် တွေ့ဆုံမှုကတော့ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နေရာ အများစု နဲ့အနိုင်ရပြီးတဲ့ နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေ လွှတ်တော် တက်နိုင်ရေး ကိစ္စနဲ့ အခြားနိုင်ငံရေး ကိစ္စရပ်တွေ ပါဝင်မယ် ယူဆရပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကြားဖြတ် ရွေးကောက်ပွဲ ကာလ အတွင်း မဲဆွယ် စည်းရုံးမှု တွေထဲမှာ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သွားဖို့ကြိုးပမ်းသွားမယ်လို့ အဖွဲ့ချုပ်က လူထုကို ကတိပြုခဲ့တာရှိပါတယ်။ ဒါကြောင့် အဲဒီ ဖွဲ့စည်းပုံဆိုင်ရာ အချက်အလက်အချို့ ဆွေးနွေးနိုင်ခြေ ရှိတယ်လို့ ယူဆရပါတယ်။
အနောက်နိုင်ငံတွေရဲ့ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုထားတဲ့ ကိစ္စရပ်ကိုလည်း ဆွေးနွေးကြဖွယ် ရှိတယ်လို့ သုံးသပ်မှုတွေရှိပါတယ်။ မကြာသေးခင်ကပဲ အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုအချို့ကို စတင် ရုပ်သိမ်းမယ့်အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ကြေညာခဲ့ပါတယ်။ ဒါပေမဲ့လည်း အရေးယူမှုအချို့ကိုတော့ ဆက်လက်ထားရှိမှာဖြစ်ပြီး၊ လုပ်ရပ်တခုချင်း အပေါ်မှာ တချက်ခြင်း တုံ့ပြန်သွားမယ်လို့ ဆိုခဲ့ပါတယ်။ ဒါကြောင့် အမေရိကန်ပြည်ထောင်စု ရဲ့ အရေးယူမှုတွေကတော့ ဆက်ရှိနေဦးမှာပါ။ တဘက်မှာတော့ ဥရောပ သမဂ္ဂထဲမှာ မြန်မာအပေါ် အရေးယူမှုဖယ်ရှားရေးကိစ္စတွေကို အဆိုပြုတဲ့နိုင်ငံတွေ အတော်များလာတယ်လို့ သိရပါ တယ်။ ဒါကြောင့်လည်း လာမယ့် ဧပြီ ၂၃ ရက်နေ့မှာ ဥရောပနိုင်ငံခြားရေးဝန်ကြီး ဟာ မြန်မာနိုင်ငံ အပေါ် အရေးယူမှုကိစ္စတွေကို ပြန်လည် သုံးသပ်မှာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီလို အခြေအနေ မတိုင်ခင်မှာ နှစ်ဦးနှစ်ဖက် အမြင်သဘောထားတွေ ဆွေးနွေးဖွယ်ရှိမယ်လို့ ယူဆရ ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန် မနက်ပိုင်းမှာ လေယဉ်နဲ့ ရန်ကုန်ကနေ နေပြည်တော်ကို ထွက်ခွာ မှာဖြစ်ပြီး၊ နေပြည်တော်မှာပဲ အစိုးရအာဏာပိုင် အချို့နဲ့ နေလယ်စာ စားသုံးမှာပါ။ မနက်ဖြန် ညနေပိုင်း မှာပဲ လေယဉ်နဲ့ ရန်ကုန်ကို ပြန်လာဖို့ စီစဉ်ထားပါတယ်။