သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ဥက္ကလာပ ဟေမဝန်ဈေးမီး ကျပ် သိန်း ၆၀၀ ကျော်ဖိုး ဆုံးရှုံး


ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်ထဲက ဟေမဝန်ဈေးမှာ မီးလောင်ကျွမ်းတဲ့အတွက် ကျပ် သိန်း ၆၀၀ ကျော်ဖိုး ဆုံးရှုံးသွားတယ်လို့ ရန်ကုန်တိုင်း မီးသတ်ကွပ်ကဲမှုရုံးက ဗွီအိုအေကို ပြောပါတယ်။ မနက် လင်းအားကြီး လူတွေ အိပ်မောကျနေချိန်မှာ လောင်ကျွမ်းခဲ့တာမို့ ဆိုင်ခန်းပိုင်ရှင်တွေအနေနဲ့ ဘာမှ သယ်ထုတ်ခွင့်မရဘဲ ဆုံးရှုံးခဲ့ကြရတာလည်း ဖြစ်ပါတယ်။ ဒီ မီးလောင်ကျွမ်းမှုနဲ့ပတ်သက်ပြီး မီးသတ်ကွပ်ကဲမှုရုံးနဲ့ ဆုံးရှုံးသွားတဲ့ ဆိုင်ခန်းပိုင်ရှင်တဦးတို့ကို ဘန်ကောက် ကနေ ဆက်သွယ်မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ ပဒေသာရပ်ကွက်၊ ဟေမဝန်ဈေးမှာ အင်္ဂါနေ့မနက် လင်းအားကြီး အချိန် ၁ နာရီ မိနစ် ၂၀မှာ မီး စလောင်ခဲ့တာပါ။ မနက် ၂ နာရီ ၃၈ မိနစ်မှာ မီးကိုထိန်းနိုင်ခဲ့ပြီး ၂ နာရီ ၅၅ မိနစ်မှာ ငြိမ်းသတ်နိုင်ခဲ့တယ်လို့ ရန်ကုန်တိုင်း၊ မီးသတ်ကွပ်ကဲမှုရုံးက ဗွီအိုအေကို ပြောပါတယ်။

ဆက်သွယ်မေးမြန်းချိန်မှာ ဆုံးရှုံးပစ္စည်းတန်ဘိုး စုစုပေါင်းနဲ့ အခြေအနေအရပ်ရပ်ကို တာဝန်ရှိသူတဦးက ရှင်းပြခဲ့ပါတယ်။

- လောင်ကျွမ်းမှုတန်ဖိုးက ၆၁၃ သိန်းပါ။

မေး။ ဈေးရဲ့ အစိတ်အပိုင်း ဘယ်လောက်လောက်ထိ ပါသွားပါသလဲ။

- ရုံးခန်းပေါင်း ၂၂ ရုံ ရှိတာ၊ ဆိုင်ခန်းပေါင်းက ၁၉၅၀ ရှိတယ်။ အဲဒီထဲမှာ ဈေးရုံ ၃ရုံ နဲ့ ဆိုင်ခန်းက ၅ပေအကျယ် ဆိုင်ခန်း ၁၃၈ ခန်း၊ ၃ပေအကျယ်ရှိ ဆိုင်ခန်းက ၇၅၅ ခန်း၊ စုစုပေါင်း ၈၉၃ ခန်း မီးလောင် ဆုံးရှုံးပါတယ်။

မေး ။ ဘာကြောင့် လောင်တယ်ဆိုတာကိုရော သိရပါပြီလား။

- ရုံ ၂ နဲ့ ရုံ ၃ ကြားမှာ ညစောင့်ဝန်ထမ်း ကျော်ဆွေဦး အသက် ၃၀ ခြင်ဆေးခွေ ထွန်းအိပ်ရာကနေ စလောင်တာပါ။

မေး ။ လူတွေ ထိခိုက်ဒဏ်ရာရတာမျိုးရော ရှိသလားခဗျာ။

- မရှိပါဘူးခဗျာ။

ရန်ကုန်တိုင်း၊ မီးသတ်ကွပ်ကဲမှုရုံးက တာဝန်ရှိသူတဦးပါ။ မီးဟာ လင်းအားကြီးအချိန်မှာ စပြီး လောင်တာကြောင့် ဆိုင်ခန်း ပိုင်ရှင်တွေအနေနဲ့ ပစ္စည်းတွေ သယ်ထုတ်ယူဖို့ အချိန်မရလိုက်ဘဲ အကုန်လုံးလိုလို ဆုံးရှုံးခဲ့ကြရတာပါ။ တဆိုင်လုံး မီးထဲ ပါသွားတာကြောင့် ကျပ်သိန်း ၇၀ ဖိုးလောက် ဆုံးရှုံးသွားရတဲ့ ပါတိတ်ထဘီဆိုင် ပိုင်ရှင်တဦးကို ဗွီအိုအေက ဆက်သွယ် မေးမြန်းခဲ့တာမှာ သူက အခုလို စပြောပါတယ်။

- ဘာမှ မသိဘဲနဲ့ လောင်ချက်က မြန်တာပဲ ကျနော် သိလိုက်တယ်။ သိတဲ့ အချိန်မှာ မီးက တနေရာ တည်းတင် မဟုတ်ဘူးဗျ၊ လောင်တဲ့နေရာက ကျနော်ထင်တယ်၊ ၃နေရာလောက် ကွက်လောင်တဲ့ သဘော ရှိတယ်။ ဝိုက်လောင်သွားတာပေါ့နော်။ အရင် ၉၅ မှာတုန်းက တကြိမ်၊ ၂၀၀၀ မှာတုန်းက တကြိမ်၊ လောင်တုန်း က ပစ္စည်း ပိုင်ရှင်တွေ ဝင်ထွက် သွားလာလို့ သယ်လို့ ရတယ်။ တခြမ်းပဲ လောင်ပြီး ဆက်တိုက်လောင်သွားတဲ့ သဘော။ ခုဟာက ကွက်လောင်တဲ့သဘောဖြစ်နေတယ်၊ မီးလောင်တာ တော်တော် မြန်တယ်။

မေး ။ ဆိုတော့ အကို့ဆိုင်က ဘာမှ မရလိုက်ဘူးပေါ့။

- ဟုတ်ပါတယ်။ ဘာမှမရလိုက်ပါဘူး။ ကျနော်တို့ ကျောက်ပြား ၃ ကျောက်ပြား ၂ ကတော့ ပစ္စည်း ပစ္စယတွေ တခုမှ မရကြပါဘူး။

မေး ။ ဆုံးရှုံးမှုတန်ဖိုး ဘယ်လောက်လောက် ရှိမယ်လို့ ခန့်မှန်းပါသလဲ။

- ကျနော်ကတော့ သိန်း ၇၀ လောက် ရှိပါမယ်။ ကျန်တဲ့သူတွေကတော့ သိန်း ၄၀၀ တို့ ၃၀၀ တို့၊ များကြပါတယ်။ ကျနော်ကတော့ အလတ်တန်းစားလောက်အဆင့်ပဲ ရှိပါတယ်။

မေး ။ ခု မီးလောင်ပြီးသွားပြီဆိုရင် နောက်ပိုင်းမှာ ဘာတွေဖြစ်လာမလဲ၊ ဈေးပြန်ဆောက်တာတို့၊ ဆုံးရှုံးသွားတဲ့ ပစ္စည်းတွေ ကိစ္စတို့ ဘာတွေ ဖြစ်လာနိုင်မယ်လို့ ထင်ထားလဲ။

- ဦးအောင်သိန်းလင်းကတော့ နက်ဖန် ၁နာရီမှာ အထက ၅ ကိုလာဖို့ မီးလောင်သွားတဲ့ ဈေးသူဈေးသားတွေအားလုံးကို ခေါ်ထားပါတယ်။ သူက သင်္ကြန်ပြီးတာနဲ့ ဈေးပြန်ဆောက်ပေးမယ်။ ဆိုင်ခန်းပိုင်ရှင်တွေက သူ့နေရာ သူ ပြန်ရမယ်၊ ငွေချေးမယ်၊ အဲလို ပြောသွားပါတယ်။

မေး ။ ဆုံးရှုံးတဲ့ ပစ္စည်းတွေအတွက်တော့ ပြန်ရနိုင်စရာလမ်း ဘာမှ မရှိတော့ဘူးလားခဗျာ။

- ရစရာ မရှိတော့ဘူး၊ ကြည့်ပြီးပြီ ၊ အကုန်လုံးနီးပါးကို မရတာပါ။

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ ဟေမဝန်ဈေး မီးလောင်မှုမှာ ဆိုင်ခန်းဆုံးရှုံးခဲ့ရသူ တဦးပါ။

မြန်မာနိုင်ငံမှာ အခုအချိန်ဟာ ခြောက်သွေ့ရာသီဖြစ်ပြီး မတော်တဆ မီးလောင်ကျွမ်းတာတွေ အဖြစ်များတဲ့ ရာသီပါ။ မီးလောင် ကျွမ်းတဲ့အခါမှာ လူအသေအပျောက်ဖြစ်တာမျိုး ရှားပါးပေမဲ့ ၂၀၁၁ ခုနှစ် ကုန်ခါ နီးလေးမှာ မင်္ဂလာတောင်ညွန့်က ဂိုဒေါင်တွေမှာ မီးလောင်ကျွမ်းခဲ့တာမှာတော့ လူ ၁၇ ယောက် သေဆုံးပြီး ၈၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက သတင်း ထုတ်ပြန်ပါတယ်။

၂၀၁၁ ခုနှစ်အတွင်း မြန်မာတနိုင်ငံလုံးမှာ မီးလောင်မှုပေါင်း ၉၂၃ ကြိမ် ဖြစ်ပွားတာမှာ စုစုပေါင်း လူ ၆၁ ယောက်သေဆုံး၊ ၁၅၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီးတော့ ကျပ်ငွေ သန်းပေါင်း ၁,၉၀၀ ဖိုး ဆုံးရှုံး ခဲ့ရပါတယ်။ ၂၀၁၂ ခုနှစ် ဇန်နဝါရီလအတွင်းမှာတော့ မြန်မာတစ်နိုင်ငံလုံးမှာ မီးလောင်မှုပေါင်း ၁၂၃ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ မီးသတ် ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG