သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထက်လွှတ်တော်အမတ် ဂျင်ဝက်နဲ့ NLD မတွေ့ဆုံဖြစ်


မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်ဝက်ဟာ အခြား နိုင်ငံရေး ပါတီ အတော်များများနဲ့ တွေ့ဆုံဖို့ရှိပေမဲ့ ၊ အဓိက အတိုက်အခံပါတီကြီးဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တွေ့ဆုံဖို့ အစီအစဉ် ပျက်သွားပြီးတော့ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့လည်း တွေ့ဆုံနိုင်မယ့် အလားအလာ မရှိပါဘူး။ ဒီအကြောင်းကို ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းထားပါတယ်။

**********

အထက်လွှတ်တော်အမတ် ဂျင်ဝက်ကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့ရဲ့ ခရီးစဉ်အတွင်းမှာ တွေ့ဆုံဖို့ အစီအစဉ် မရှိဘူးလို့ အဖွဲ့ချုပ်နဲ့ နီးစပ်သူတွေက ပြောကြပါတယ်။ ဘာကြောင့်လဲဆိုတဲ့ အသေးစိတ် အခြေအနေကိုတော့ မသိရပါဘူး။ ဒါပေမယ့် အဖွဲ့ချုပ်ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးတင်ဦးက အဖွဲ့ချုပ်ကိုယ်စား တွေ့ဆုံဖို့ ဒီကနေ့မှာ စီစဉ်ထားပေမဲ့ မစ္စတာဂျင်ဝက် ဘက်က တွေ့ဆုံဖို့ အချိန် ပြောင်းလဲတာကြောင့် မစ္စတာဂျင်ဝက်နဲ့ အဖွဲ့ချုပ်တို့ တွေ့ဖို့ အစီအစဉ် ပျက်သွားတယ်လို့ အဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဉာဏ်ဝင်း က ပြောပါတယ်။

- မတွေ့ဖြစ်ပါဘူး၊ ဒီနေ့ အစီအစဉ်ဖျက်ပါတယ်။ သူ့ဘက်က မအားတာ။

မေး၊ သူ့ကို ချိန်းပြီးမှ ဘာကြောင့် ဖျက်လိုက်တာလဲ ခင်ဗျ။

- ဖျက်တယ်ဆိုတာက မနက်ဖြန်ကို ပြန်ရွှေ့ခိုင်းတယ်၊ ကျနော်တို့က ရွှေ့မပေးနိုင်ဘူး၊ ဒီမှာက တရားဝင်ရုံးပိတ်ရက် လူတွေလည်း မရှိဘူးလို့။

မစ္စတာ ဂျင်ဝက်နဲ့အဖွဲ့ဟာ မနေ့ကတော့ နေပြည်တော်မှာ ရှိနေပြီး၊ မြန်မာသမ္မတ ဦးသိန်းစိန် အပါအဝင် အစိုးရအဖွဲ့ဝင်တွေကို တွေ့ဆုံသလို၊ လွှတ်တော်ဘက်ကတော့ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်နဲ့ တွေ့ဆုံခဲ့ပါတယ်။ နှစ်နိုင်ငံ ဆက်ဆံရေးကောင်းမွန်ဖို့ ကိစ္စရပ်တွေအပြင်၊ စီးပွားရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ မနက်ဖြန် မနက်ပိုင်းမှာတော့ ကျန်နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဖို့ရှိတယ်လို့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေ က ပြောပါတယ်။

ဦးခင်မောင်ဆွေ ၊ ၊ ခုန ကျနော်တို့ကို သံရုံးက လှမ်းအကြောင်းကြားပါတယ်။ မနက်ဖြန်မနက် ၉ နာရီ အမေရိကန် သံရုံးမှာ ကျနော်တို့ NDF ပါတီကို တွေ့မယ် ပြောပါတယ်။ မိနစ် ၂၀လောက် အချိန်ရမယ် ထင်ပါတယ်။ ကျနော်တို့ဘက်ကတော့ ကျနော်နဲ့ ဦးသန်းငြိမ်း နဲ့ကို ဖိတ်ထားပါတယ်။ နက်ဖြန် မနက် ၉နာရီမှာ အရောက်သွားပြီးတော့ တွေ့ဖို့ အကြောင်းရှိပါတယ်။

မေး၊ တပါတီချင်း တွေ့မှာလား၊ တခြားနိုင်ငံရေးပါတီတွေနဲ့ ပေါင်းတွေ့မှာလား၊

ဦးခင်မောင်ဆွေ ၊ ၊ ကျနော်တို့ကို ပြောတာတော့ ကျနော်တို့ ပါတီနဲ့ပဲ မိနစ် ၂၀လောက်ရမယ်၊ နှစ်ယောက်တည်းပဲ တွေ့မယ်လို့ ပြောပါတယ်။

မစ္စတာဂျင်ဝက်ဟာ မြန်မာအာဏာပိုင်တွေနဲ့ ပထမဆုံး ထိစပ်ဆက်ဆံရေးမူဝါဒ ကျင့်သုံးသွားဖို့ အမေရိကန် အာဏာပိုင်တွေကို တိုက်တွန်းခဲ့သူဖြစ်သလို၊ သူကိုယ်တိုင်ဟာလည်း မြန်မာအစိုးရနဲ့ စပြီး ထိစပ် ဆက်ဆံရေးမူ ကျင့်သုံးခဲ့သူဖြစ်ပါတယ်။ အရင် စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှုးသန်းရွှေ ကိုယ်တိုင်က လက်ခံ တွေ့ဆုံခဲ့ပါတယ်။ သူဟာ မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ ပိတ်ဆို့ အရေးယူရေး မူဝါဒတွေကို ရုပ်သိမ်းရေးကို လိုလားသူလည်း ဖြစ်ပါတယ်။ မနက်ဖြန် သွားရောက် တွေ့ဆုံဖို့ရှိတဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီခေါင်းဆောင် ဦးခင်မောင်ဆွေ ကတော့ ပိတ်ဆို့မှုတွေ ရုပ်သိမ်းတာ လိုလားပေမဲ့၊ ဒဏ်ခတ်ပိတ်ဆို့မှုအချို့ကိုတော့ ဆက်ထားသင့် တယ် လို့ မြင်ပါတယ်။

ဦးခင်မောင်ဆွေ ၊ ၊ ကျနော်တို့က Sanction ကို အဆင့်လိုက် Lift လုပ်သွားစေချင်တာပေါ့၊ ပထမဆုံး တော့ ရင်းနှီးမြှုပ်နှံမှုတွေ၊ Freeze လုပ်ထားတဲ့ ငွေကြေး ရင်းမြစ်တွေ၊ ဘဏ်တွေမှာ ထားတဲ့ ဟာတွေ၊ ဒါတွေကို အရင်ဆုံး ရုပ်သိမ်းစေချင်တယ်။ ပြီးတော့ စီးပွားရေးအခွင့်အလမ်းတွေ ပေးဖို့အတွက် ကုမ္ပဏီတွေ လာဖို့ကိုလည်း ခွင့်ပြုစေချင်တယ်၊ နောက်ဆုံးမှာကျတော့ Targeted Sanction ကို လည်း ကြိုက်သလို ရွှေ့ပေါ့၊ အချိန် ဆွဲချင်လည်း ဆွဲပေါ့၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အနှောက် အယှက် ပေးမယ့် Sanction တွေကိုတော့ အသုတ်လိုက် ရွှေ့သွားဖို့ ကျနော်တို့က လိုလားပါတယ်။

ရန်ကုန်ရောက်နေပြီဖြစ်တဲ့မစ္စတာဂျင်ဝက်ဟာ မနက်ဖြန် မနက်ပိုင်း နိုင်ငံရေးပါတီတွေနဲ့ တွေ့အပြီး မှာတော့ ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲတရပ်လုပ်ဖို့ စီစဉ်ထားပါတယ်။ အခု ခရီးစဉ်အတွင်းမှာ တော့ မြန်မာအာဏာပိုင်တွေ အခြားနိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံခဲ့ပေမဲ့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖြစ်စေ အဖွဲ့ချုပ်နဲ့ဖြစ်စေ မတွေ့ဖြစ်တဲ့ အကြောင်းရင်းကိုတော့ သတင်းထောက်တွေ ပိုပြီး စိတ်ဝင် တစား မေးကြမယ့် အနေအထားမှာ ကြုံရနိုင်ပါတယ်။ မစ္စတာဝက်ဟာ အရင်မြန်မာနိုင်ငံ ခရီးစဉ်တွေ အတွင်း ၊ နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တကြိမ်မှာတော့ သွားရောက် တွေ့ဆုံခွင့် ရခဲ့ဖူးပါတယ်။

XS
SM
MD
LG