သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားအပေါ် ကမ္ဘာနဲ့အတူ တရုတ် ပါဝင် ရှုတ်ချ


မြောက်ကိုရီးယားရဲ့ နောက်ထပ် ရန်လိုတဲ့ လုပ်ရပ်တွေကို တရုတ်နိုင်ငံအနေနဲ့ သီးခံတော့မှာ မဟုတ်ဘူးလို့ သတိပေး လိုက်ပါတယ်။ မြောက်ကိုရီးယားရဲ့ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း မအောင်မြင်တဲ့ ဒုံးပျံလွှတ်တင်ခဲ့ပြီးတဲ့နောက် အနောက် နိုင်ငံတွေက သတိပေးခဲ့သလိုပဲ တရုတ်နိုင်ငံကလည်း အခုလို သတိပေးလိုက်တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားက ရန်လိုတဲ့ လုပ်ရပ်တွေ နောက်ထပ် ထပ်လုပ်ခဲ့မယ်ဆိုရင် ပိုမို ထိရောက်တဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင် ရလိမ့်မယ် ဆိုတာကို တရုတ်နိုင်ငံအပါအဝင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေက သဘောတူခဲ့ကြတာ ဖြစ်တယ်လို့ ဘရာဇီးလ်နိုင်ငံကို ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton က မနေ့က ပြောဆို လိုက်ပါတယ်။ မကြာခင်ကတွေ့ရှိရတဲ့ ဂြိုဟ်တုသတင်းဓါတ်ပုံတွေအရ မြောက်ကိုရီးယားဟာ မြေအောက် နျူကလီးယား စမ်းသပ်ဖို့ ပြင်ဆင်နေပုံ ရပါတယ်။

မြောက်ကိုရီးယားရဲ့ ရေရှည် မဟာမိတ်ဖြစ်တဲ့ တရုတ်နိုင်ငံက မြောက်ကိုရီးယားရဲ့လုပ်ရပ်တွေအပေါ် စိတ်ပျက်နေတယ် ဆိုတဲ့ လက္ခဏာတွေကို နိုင်ငံပိုင်သတင်းတွေမှာ ဖေါ်ပြနေပါတယ်။

မြောက်ကိုရီးယားရဲ့ မအောင်မြင်တဲ့ ဒုံပျံလွှတ်တင်တဲ့ အစီအစဉ်ရဲ့ ကုန်ကျစရိတ်ဟာ ဒေါ်လာသန်းပေါင်း ၈၅၀ ဖြစ်ပြီး စားနပ်ရိက္ခာ ပြောင်း တန်ချိန် ၂ သန်းခွဲ ဝယ်ယူဖို့ လုံလောက်တဲ့ ငွေပမာဏ ဖြစ်တယ်လို့ ရှန်ဟိုင်းတက္ကသိုလ် ကိုရီးယား ကျွန်းဆွယ် အရေး သုတေသီ Cui Zhiying က တရုတ်နိုင်ငံပိုင် Global Times သတင်းစာမှာ ပြောဆိုလိုက်ပါတယ်။

XS
SM
MD
LG