မြန်မာနိုင်ငံမှာ အဓိက အင်တာနက်ဝန်ဆောင်မှုပေးတဲ့ ရတနာပုံ Teleport က March လ ၂၈ ရက်နေ့က စပြီးတော့ email စနစ်ကို ပိုကောင်းအောင် ပြောင်းမယ်လို့ အသိပေးထားပါတယ်၊ ကြားဖြတ်ရွေးကောက်ပွဲ လုပ်ဖို့ ရက်ပိုင်းပဲလိုချိန်မှာ email စနစ်ပြောင်းလို့ email သုံးရခက်မှာ အင်တာနက်သုံးရ မလွယ်တော့မှာကို တချို့က စိုးရိမ်နေကြပါတယ်၊ ဒါပေမဲ့ နည်းပညာဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ စိုးရိမ်စရာမရှိဘူးလို့ ပြောပါတယ်၊ မစုမြတ်မွန်က ဆက်ပြီး ပြောပါမယ်ရှင်။
March လ ၁၂ ရက်နေ့ တနင်္လာနေ့ထဲကစလို့ မြန်မာနိုင်ငံမှာ အင်တာနက်သုံးကြတဲ့သူတွေ အင်တာနက်စာမျက်နှာကို ဖွင့်လိုက်တဲ့အခါမှာ ရတနာပုံ Teleport က မလိုလားအပ်တဲ့ Spam email တွေကို ကာကွယ်ပြီးတော့ ပိုမိုကောင်းမွန်တဲ့ Email စနစ်ဖြစ်အောင် March လ ၂၈ ရက်နေ့ မနက်ပိုင်းက စလို့ ပြောင်းလဲမယ်လို့ အသိပေးချက်ကို တွေ့ကြရပါတယ်၊ အဲဒီလို ကွန်ပျူတာ Screen ပေါ်မှာ ရတနာပုံ Teleport ရဲ့ အသိပေးချက် ထွက်ပေါ်လာပြီးတဲ့နောက်ပိုင်းမှာ အင်တာနက်သုံးရတာ ပိုနှေးသွားတယ်လို့ သုံးတဲ့သူ တယောက်က ခုလို ပြောပြပါတယ်။
“အင်တာနက်ဖွင့်လိုက်တဲ့အခါမှာ ရတနာပုံ Teleport က ပို့ထားတဲ့ Message စာသားက scream သနပ်ခါးရောင်ပေါ်မှာ စာတွေပေါ်လာတယ်။ အဲဒီစာသားက ၂၈ရက်ကစပြီးတော့ အီမေလ်သုံးရင် ပိုမြန်လာအောင် သူ့ရဲ့ site ကို update လုပ်မယ်ဆိုတာမျိုးပေါ်လာတယ်။ အဲဒါပေါ်ပြီးနောက်ပိုင်း အီမေလ်သုံးရတာက လောလောဆယ်တော့ အဆင်မပြေဘူး။ ဆိုတာက ဂျီမေလ်ဝင်ရင် တိုက်ရိုက် ဝင်လို့ မရတော့ဘူး။ html က ဝင်ရင်တော့ ရသေးတယ်။ အီမေလ်ပို့မယ်ဆိုရင် attach file တွေ တွဲလို့ အဆင်မပြေတော့ဘူး။ တခြား website တွေ ကြည့်လို့ရသေးတယ်။ ဒါပေမဲ့လို့ တော်တော် နှေးနေပြီ။ အဲလိုဖြစ်နေတာ။ ဖုန်းနဲ့ သုံးတဲ့သူတွေကတော့ မနေ့ညကနေ ဒီကနေ့ မနက်ထိ ရသေးတယ်။ ၅သိန်းဖုန်းသုံးတဲ့သူတွေကတော့ အဆင်မပြေဘူး။”
မြန်မာနိုင်ငံမှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းပဲ လိုတော့တဲ့အချိန်မှာ ခုလို အင်တာနက် သုံးစွဲရတာတွေ နည်းနည်းခက် သွားတဲ့အပေါ် စိုးရိမ်နေကြပါတယ်တဲ့၊
“ခုလိုအချိန်မှာ အချိန်ကိုက်ဖြစ်လာတာကတော့ ရွေးကောက်ပွဲကလည်း ရက်နည်းနည်းပဲ လိုတော့တဲ့အချိန်မှာ ..။ ရွေးကောက်ပွဲကာလမှာ ဒီလိုမျိုးဆက်ဖြစ်နေရင် ကျနော်တို့ နယ်တွေမှာ ပိုဒုက္ခရောက်မှာပေါ့။ သတင်းတွေ အချိန်နဲ့ တပြေးညီ အပြင်ကို ရောက်ဖို့၊ ယူဖို့ ပြုဖို့ ခက်ခဲလာမယ်။ ရွေးကောက်ပွဲကာလမှာ ဆက်ပျက်နေမလား ဆိုတာမျိုးတောင် စိုးရိမ်တယ်။ ၂၀၁၀ မှာတုန်းက အင်တာနက်တင်မကဘူး။ အဲဒီတုန်းက CDMA ဖုန်းပဲ ရှိပါတယ်။ ဖုန်းတောင် သုံးရတာ အဆင်မပြေတော့တာမျိုး ဖြစ်သွားဖူးပါတယ်။
March လ ၂၈ ရက်နေ့ကစပြီးတော့ email စနစ်ပိုကောင်းအောင်ပြောင်းမယ်လို့ ရတနာပုံ Teleport က ပြောပေမဲ့ အချိန် ဘယ်လောက်ကြာနိုင်မှာလဲလို့ ရတနာပုံ Teleport ဝန်ဆောင်မှုဌာနကို မေးကြည့်တဲ့အခါမှာတော့ မသိနိုင်သေးဘူးလို့ ပြောပါတယ်၊ နည်းပညာဆိုင်ရာ ကျွမ်းကျင်သူ ကိုဇေယျ က တကယ်ပြင်ဆင်ပြီး လုပ်တယ်ဆိုရင်တော့ မကြာနိုင်ပါဘူးလို့ ပြောပါတယ်၊
အလုပ်က ဘယ်လောက်ခက်ခဲလဲဆိုတာအပေါ် မူတည်ပြီးတော့ အချိန် ၂နာရီ ၃နာရီကနေ လေး ငါး နာရီတော့ ကြာတတ်တာပေါ့။ ဒါပေမဲ့ Simple upgrade လုပ်တာမျိုးဆိုရင်တော့ ဒီ့ထက် မြန်ရင်လည်းမြန်မယ်။ ဒါပေမဲ့ ဒီစာထဲမှာက ဒီထက်ပိုပြီး ဘာမှမရေးထားတော့ ပြောရခက်တာပေါ့။ ရက်ပိုင်းကြာ မကြာဆိုတာ။ သူတို့ ပြောထားပုံအရ Authentication System ကို change မယ်ဆိုတာ။ System ကြီးတခုလုံးက ပုံမှန်ဆိုရင်တော့ ဒီလိုမျိုး Production Roll Out မလုပ်ခင် အပြင်မှာ Staging environment မှာ test လုပ်ပြီး အားလုံး Ready ဖြစ်မှသာ cutover လုပ်ရတာကိုး။ ပုံမှန် IT Operating Environment မှာ လုပ်မယ်ဆိုရင်။ တကယ်တော့ အဲလို Announcement လုပ်တယ်ဆိုရင် ဘယ်ကနေ ဘယ်အချိန်ထိအတွင်းမှာ effect ဖြစ်မယ်၊ အဲလိုမျိုး ရေးရတာလေ။”
အဲဒီလိုလုပ်နေတဲ့အချိန်မှာ Email သုံးရတာ အင်တာနက်သုံးရတာမှာ ဘယ်လိုမျိုး သက်ရောက်မှု ရှိနိုင်ပါလဲ။
သူတို့ ဒီကြေညာချက်ကို အဓိပ္ပါယ်ကောက်ကြည့်တော့ Effect ဖြစ်တဲ့ဟာကို ရှင်းရှင်းတော့ ရေးမထားဘူး။ ဒါပေမဲ့ သူတို့ ပြောပုံအရကိုပဲ ဒီ email စနစ်ကိုပဲ effect ဖြစ်မယ်ပေါ့နော်။ ရတနာပုံကနေ Provide လုပ်တဲ့ email service ကို သုံးတဲ့ User တွေကို effect ဖြစ်မယ်လို့ပဲ ယူဆရတယ်။
နည်းပညာဆိုင်ရာ ကျွမ်းကျင်သူ ကိုဇေယျ ဖြစ်ပါတယ်ရှင်၊ Teleport က အရင်ကလည်း ခုလို နည်းပညာဆိုင်ရာ ပြောင်းလဲမှုတွေလုပ်လေ့ရှိပါတယ်။ အဲဒီလို လုပ်နေချိန်မျိုးမှာ အသုံးပြုသူတွေ အတွက် သိသိသာသာ သက်ရောက်မှု မရှိခဲ့ဘူးလို့ သူ့ရဲ့ဝန်ဆောင်မှုကို ယူတဲ့သူတွေက ပြောပါတယ်။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်း စပြီး အင်တာနက်သုံးစွဲမှုတွေ သိသိသာသာ လွယ်ကူလာခဲ့သလို Website တွေအားလုံးနီးပါးကိုလည်း ဝင်ကြည့်လို့ ရနေပါတယ်။ ဒါပေမဲ့ သတင်းလွတ်လပ်မှုကို လေ့လာ စောင့်ကြည့်နေတဲ့ ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များ အသင်းကတော့ March လ ၁၂ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ 2011 ခုနှစ်အတွင်း အင်တာနက် သုံးစွဲမှုကို ကန့်သတ်ထားဆဲနိုင်ငံများစာရင်းမှာ မြန်မာနိုင်ငံကို ထည့်သွင်းထားပါတယ်၊ မြန်မာနိုင်ငံမှာ သိသာတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်လာပေမဲ့ အင်တာနက်ရဲ့ ရန်သူ စာရင်းထဲမှာ မပါချင်ရင် လိုအပ်တဲ့ ဆောင်ရွက်မှုတွေကို လုပ်ရမယ်လို့ နယ်စည်းမခြားသတင်းထောက်များအသင်းက ပြောပါတယ်ရှင်၊