သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲမပေးတာဟာ ဥပဒေကို ချိုးဖောက်ရာမရောက်ဘူး


ရွေးကောက်ပွဲနီးလာတာနဲ့အမျှ မဲပေးရင်ကောင်းမလား၊ မဲမပေးဘဲနေရင်ကောင်းမလားဆိုတဲ့ အသံ တွေ၊ ဝေခွဲမရဖြစ်နေတာတွေ ကြားနေ တွေ့နေရပါတယ်။ အဲဒီလိုဖြစ်ကြတာကလည်း အကြောင်း ၂ ခု ရှိပါတယ်။ အကြောင်းတခုက မဲရုံမသွားဘူး၊ မဲမပေးဘူးဆိုရင် အာဏာပိုင်တွေက အရေးယူမလား။ မဲ မပေးတဲ့သူတွေကို မှတ်ထားပြီး နောက်ပိုင်းမှာ ပြဿနာရှာမလားစိုးရိမ်ကြတာပါ။

နောက်အကြောင်းတခုကတော့ မဲသွားမပေးဘဲနေရင် သွားမပေးဘဲနေတဲ့မဲတွေဟာ ထောက်ခံမဲ ဖြစ်သွားမလား၊ အထူးသဖြင့် ကြံ့ခိုင်ရေးပါတီကို ထောက်ခံတဲ့မဲတွေများ ဖြစ်သွားမလား စိုးရိမ်ပူပန်ကြ တာပါ။ အဲဒီလို ဖြစ်ခဲ့ဖူးတာတွေကလည်း ရှိခဲ့ဖူးတယ်မဟုတ်လား။ ၂၀၀၈ နာဂစ် ဖွဲ့စည်းပုံဆန္ဒခံယူပွဲ တုံးက ဆန္ဒမဲလာမပေးကြတဲ့သူတွေရဲ့မဲတွေကို ထောက်ခံတဲ့စာရင်းထဲ ထည့်ခဲ့ကြဖူးတယ်လေ။

ဒီတော့ ကိုယ့်ရဲ့ဆန္ဒမဲကို ထောက်ခံမဲတော့ အဖြစ်မခံနိုင်ဘူး။ ဒါကြောင့် မဲရုံကိုတော့ သွားမယ်။ ပယ်မဲ ဖြစ်အောင်လုပ်ကြမယ်။ တချို့ကကျတော့လည်း ကြံ့ခိုင်ရေးပါတီကလွဲရင် ဘယ်ပါတီ၊ ဘယ်ပုဂ္ဂိုလ်ပဲ ဖြစ်ဖြစ် ပေးမယ်ကွာလို့ ပြောကြပြန်တယ်။ ဒါကြောင့် တနိုင်ငံလုံးမှာ ဝင်ပြိုင်မယ့် ကြံ့ခိုင်ရေးပါတီရဲ့ အဓိက ပြိုင်ဘက်ဖြစ်တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တ.စ.ည) ဟာ နေရာအတော်များ များမှာ နိုင်သွားနိုင်ပါတယ်။ အထူးသဖြင့် ကျေးလက်ဒေသတွေမှာ အနိုင်ရသွားနိုင်တယ်။ တ.စ.ည ဟာ ကော်ကောင်ဖြစ်သွားနိုင်တယ်လို့ သုံးသပ်ကြတာတွေလည်း ရှိပါတယ်။

မဲပေးမယ်လို့ ဆုံးဖြတ်ထားသူတွေကျပြန်တော့လည်း ဘယ်ပါတီကို ပေးရမှန်းမသိ ဖြစ်ကြပြန်တယ်။ ပြည်သူယုံကြည်လေးစားတဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ပါတီ NLD ကလည်း ရွေးကောက်ပွဲမဝင်၊ ရွေးကောက်ပွဲကို သပိတ်မှောက်ထားတော့ မဲပေးစရာလူမရှိပြန်ဘူး။

ဦးခင်မောင်ဆွေတို့ရဲ့ NDF ကျပြန်တော့လည်း ဝင်ပြိုင်တဲ့နေရာအားလုံး နိုင်အုံးတော့- လောက် လောက်လားလား မဟုတ်ပြန်ဘူး။ ကြံ့ခိုင်ရေးကို မယှဉ်နိုင်ပြန်ဘူး။ ဒီတော့ ဘာဖြစ်လဲ ဆိုတော့ ကြံ့ခိုင်ရေးပါတီကလွဲရင် ဘယ်ပါတီ ဘယ်ပုဂ္ဂိုလ်မဆို မဲပေးမယ်လို့ သဘောထားလိုက်ကြတယ်။

ပြည်သူလူထုကြီးရဲ့ သဘောထားကတော့ ရှင်းပါတယ်။ လာမယ့်ရွေးကောက်ပွဲရဲ့ အခင်းအကျင်းဟာ သွေးရိုးသားရိုးမဟုတ်ဘူး။ ဟန်ပြပြုလုပ်တဲ့ပွဲဖြစ်တယ်ဆိုတာကို ကောင်းကောင်း သဘောပေါက်ထား ကြတယ်။ ဒါကြောင့် သိပ်စိတ်မဝင်စားဘူး။ ရင်မခုန်ဘူး၊ လေးလေးနက်နက် သဘောမထားကြဘူး။ ပေးဆိုလည်း သွားပေးလိုက်တာပေါ့ကွာ။ မပေးရင် ပြဿနာရှာနေအုံးမယ်၊ မကျင်းပခင်ကတည်းက အဖြေထွက်နေပြီးသား၊ နိုင်လည်းနိုင်၊ ရှုံးလည်းနိုင် ဆိုတာကို သိနေကြတယ်။ ရွေးကောက်ပွဲလွန်ကာလဟာလည်း ရွေးကောက်ပွဲမတိုင်ခင်ကာလနဲ့ ဘာမှ သိပ်ထူးမှာမဟုတ်ပါဘူး။ ဘာဘူကြီးနဲ့ အရာကြီး အတူတူပါပဲကွာလို့ ပြောလေ့ရှိကြပါတယ်။

ဒါတွေကတော့ ကျနော်တို့ရဲ့ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာတွေပါ။ ဒါကြောင့် ကျနော့်သဘောထား ကရော ဘယ်လိုလဲဆိုရင်တော့ အဖြေက ရှင်းပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအရ စစ်အာဏာရှင်တွေ သက်ဆိုးရှည်ဖို့ အနာဂတ် မြန်မာ့နိုင်ငံရေးမှာ စစ်တပ်က လွှမ်းမိုးနိုင်ဖို့ အကွက်ချ စီစဉ်ရေးဆွဲထားပြီး သားပါ။ ယုတ်ဆွအဆုံး စစ်ဦးစီးချုပ်ကို အရေးပေါ်အခြေအနေပြဌာန်းပိုင်ခွင့် ပေးထားပါတယ်။ ဒါက စကားလှအောင် သုံးထားတာပါ။ စစ်ဦးစီးချုပ်ကို အာဏာသိမ်းခွင့်ပေးထားတာပါပဲ။

ဖွဲ့စည်းပုံနဲ့ တရားဝင်အာဏာသိမ်းခွင့်ပေးထားတယ်ဆိုတာ ရှင်းနေပါတယ်။ ပြီးတော့ အခုထိ တွေ့ရ မြင်ရတဲ့ အနေအထားကလည်း အာဏာလက်ရှိ ဝန်ကြီး၊ ဝန်ကလေး၊ မြို့တော်ဝန်တွေဦးဆောင်တဲ့ ကြံ့ခိုင်ရေးပါတီက အစစအရာရာမှာ တဘက်သတ်အခွင့်အရေးတွေနဲ့ပါ။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားအတိုင်းပါပဲ။ မဲပေးစရာ လူမရှိရင် မဲမပေးဘဲ နေလိုက်ကြရုံ ပေါ့။ သမိုင်းတရားခံစာရင်းထဲတော့ အပါမခံနိုင်ဘူး။ မဲမပေးတာဟာ ဥပဒေကို ချိုးဖောက်ရာ မရောက် ပါဘူး။ အဲဒီအချက်ကို ပြည်သူတွေ အလေးအနက် သဘောပေါက်စေချင်ပါတယ်။

မဲမပေးတာဟာ ဥပဒေနဲ့ညီတယ်။ မဲမပေးဘဲ နေချင်သူကို မဲမပေးဘဲနေဖို့ ဥပဒေက ခွင့်ပြုထားပါ တယ်။ ဒါကြောင့် ဘာမှ အကျိုးထူးမှာ မဟုတ်တဲ့ရွေးကောက်ပွဲအတွက် ခေါင်းစားခံမနေပါနဲ့။ အချိန်ကုန်မခံပါနဲ့။ မဲမပေးဘူးလို့သာ ပြတ်သားစွာဆုံးဖြတ်လိုက်ပါလို့ အကြံပြုလိုက်ပါရစေ။

XS
SM
MD
LG