သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားဒေသနဲ့ ရွေးကောက်ပွဲဆိုင်ရာ သတင်းများ


ကျွန်မက နူးပန်ပါ။ တိုင်းရင်းသားဒေသက သတင်းတွေကို စိုင်းမိဏ်းနဲ့အတူ တင်ဆက်သွားမှာပါ။

ရှမ်းပြည်အလယ်ပိုင်း မြို့နယ်တချို့က ကျေးလက်ဒေသတွေမှာ ရွေးကောက်ပွဲ မလုပ်တော့ဘဲ ကြိုတင်မဲအဖြစ်သာ ကောက်ခံတော့မယ် လို့ သိရပါတယ်။

ရှမ်းပြည်အလယ်ပိုင်း ကျေးသီးမြို့နယ်၊ မိုင်နောင်မြို့နယ်ခွဲ၊ မိုင်းနန်းမြို့နယ်ခွဲတွေမှာ ဒီနေ့ကစပြီး ကြိုတင်မဲကောက်ယူနေတာလို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲမှာ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ ဝင်ရောက်နှောင့််ယှက်မှာစိုးလို့ အခုလို လုပ်တာဖြစ်တယ်ဆိုပြီး စစ်ဘက်ရေးရာလုံခြုံရေး အရာရှိတွေကို ကိုးကားပြီး ခေတ်ပညာတတ် လူငယ်တယောက်က ပြောပါတယ်။

အဲဒီကြိုတင်မဲကောက်ရာမှာ စ.ရ.ဖ အရာရှိနဲ့ ရွေးကောက်ပွဲကော်မရှင်တွေက ကြံံ့ဖွံ့ပါတီကိုပဲ ထောက်ခံမဲပေးခိုင်းတဲ့အတွက် တစုံတရာ အရေးယူဖို့ အထက်အဆင့်ဆင့်ကို တင်ပြသွားမယ်လို့ တိုင်းရင်းသား နိုင်ငံရေးပါတီဝင်တဦးက ပြောပါတယ်။

ကယားပြည်နယ်၊ လွိုင်ကော်နဲ့ ရှားတောဒေသတွေမှာလည်း မြို့ပေါ် မဲရုံတွေမှာသာ ရွေးကောက်ပွဲ လုပ်မှာဖြစ်ပြီး ကျေးလက်ဒေသက မဲတွေကို ကြိုတင်မဲအဖြစ် ကောက်ယူမယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုင်းရင်းသားဒေသ တော်တော်များများမှာ ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ လုံခြုံရေးတွေ တင်းကြပ်ထားလိုက်ပါတယ်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာတော့ အစစ်အဆေးတွေများနေတယ်လို့ ဒေသခံတွေက ပြောပါ တယ်။ မြစ်ကြီးနား- လိုင်ဇာ သွားလမ်း ဗလမင်းထင်တံတား ၁၀ ဖာလုံအကွာမှာရှိတဲ့ မိုင်းနားကျေးရွာတွင် “ကချင်ပြည်နယ်မှ ကြိုဆိုပါ၏” မုဒ်ဝ တည်ဆောက်ထားပြီးတော့ ရဲအရာရှိတွေ၊ စစ်ဘက်ဆိုင်ရာ ဌာနပေါင်းစုံတွေက တင်းကြပ်စွာလာရောက်စစ်ဆေးမေးမြန်းမှုတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မွန်ပြည်နယ်အတွင်း အထူးသဖြင့် မုဒုံမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ ယခု ရက်ပိုင်း စစ်တပ်တွေ ညပိုင်း ကင်းလှည့်သွားလာ နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကော့ကရိတ်မြို့ပြင်ဒေသတဝိုက်မှာလည်း စစ်တပ်တွေချထားပြီး မြို့ထဲသွားလာမယ့် ကျေးလက်လူထုတွေကို စစ်တပ်က နာမည်စာရင်း ကောက်ယူနေလို့ ဒေသခံတွေက ပြောပါတယ်။

တိုင်းရင်းသား ဒေသတချို့မှာတော့ တပ်တွေ တိုးချဲ့ထားပါတယ်။

ကရင်ပြည်နယ်အတွင်းရှိ နယ်စပ်မြို့ဖြစ်တဲ့ မြဝတီ မြန်မာစစ်အစိုးရတပ်က တပ်ရင်းနှစ်ရင်း အင်အားတိုးချဲ့ထားပြီး မြို့ထဲမှာ လုံခြုံရေးတိုးမြှင့်ချထားတာကြောင့် ပြည်သူတွေ စိုးရိမ်နေကြပါတယ်။

စစ်တပ်နဲ့ မီးသတ်တပ်ဖွဲ့တွေ မြဝတီ မြို့အနှံ့ချထားပြီး ကင်းစောင့်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ကယားပြည်နယ်၊ ကယန်းဒေသ၊ ဖယ်ခုံ မြို့နယ်မှာတော့ ဖောက်ခွဲရေးသမားတွေ ဝင်ရောက်နေတယ်လို့ ဆိုပြီး တပ်ရင်းလေးခုက စစ်ကြောင်း ၄ ကြောင်း နယ်မြေထဲကို ဝင်ရောက်လာပါတယ်။

အခုလို လှုပ်ရှားရတဲ့အကြောင်းရင်းကတော့ နေပြည်တော်မှာ ဗုံးဖောက်ခွဲဖို့ လူငါးယောက် ကယန်းဒေသမှာ ခိုလှုံနေတယ်။ ပြီးတော့ ကျောင်းသားလူငယ် ၅ ယောက်ကလည်း နေပြည်တော်မှာ ဗုံးခွဲဖို့ လှုပ်ရှားမှုတွေ ပြုလုပ်နေတာကြောင့် ဖြစ်တယ်လို့ မြန်မာစစ်အရာရှိ တွေက ပြောပါတယ်။

ဒီဒေသဟာ နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ ငြင်းဆန်ထားတဲ့ အပစ်ရပ် ကယန်းပြည်သစ်ပါတီ ထိန်းချုပ်ထားတဲ့ နယ်မြေတွေနဲ့ ကပ်နေတာလည်း ဖြစ်ပါတယ်။

ကျွန်မက ချမ်းလွန်ပါ။ အခု သတင်းလွှာတပုတ်ကို ကြားကြရမှာပါ။

ချင်းပြည်နယ်မှာ ချင်းတိုင်းရင်းသား ကိုယ်စားပြုပါတီဆိုပြီး ချင်းတိုးတက်ရေးပါတီနဲ့ ချင်းအမျိုးသားပါတီဆိုတဲ့ ပါတီနှစ်ခုက ရွေးကောက်ပွဲ ဝင်ရောက်ကြမှာဖြစ်ပါတယ်။ ဒီပါတီတွေ ဘာကြောင့် ရွေးကောက်ပွဲ ဝင်ရတယ်၊ ချင်းပြည်နယ်မှာ ဘာလိုအပ်ချက်တွေ ရှိနေတယ်ဆိုတာ ကိုရောဘတ်က စုစည်းထားပါတယ်။

မြန်မာနိုင်ငံအနောက်ဘက်၊ ချင်းတောင်ဒေသဟာ သယံဇာတတွေ ပေါကြွယ်ဝတဲ့ ပြည်နယ်မဟုတ်ပေမဲ့ သဘာဝအလှ တရားတွေ ပေါကြွယ်ဝတဲ့ဒေသတခုလို့ဆိုရမှာပါ။

ဒီလိုမျိုး ချင်းတောင်ရဲ့ သဘာဝအလှတရားတွေကို အသုံးပြုပြီးတော့ ချင်းပြည်နယ် တိုးတက်ရာ တိုးတက်ကြောင်းကို ဥပဒေဘောင် အတွင်းကနေ လုပ်ဆောင်သွားရမှာပဲလ့ို ချင်းအမျိူးသားပါတီရဲ့ တီးတိန်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်မယ့် ဒေါက်တာ ဦး ကမ်ဒလ်ကျင်က ပြောပါတယ်။

“ချင်းပြည်နယ်မှာက သယံဇာတပစ္စည်း သိပ်မရှိဘူး။ ဒီတော့ ကျနော် တို့ရဲ့ သဘာဝအလှတွေကို အားကိုးရမှာပေါ့…..။ ထိတ်လန့်စရာ ကောင်းတဲ့၊ အသည်းယားစရာကောင်းတဲ့ ကားလမ်းကနေ သွားခိုင်းမှာပေါ့။ လမ်းလျှောက်ခိုင်းမှာပေါ့။ တောင်တွေ တက်ခိုင်းမှာပေါ့။ အဲလိုလုပ်မှပဲ နိုင်ငံခြားသားတွေဆီကနေ ဒေါ်လာတွေထွက်လာမှာပေါ့။ အခု ကျနော်တို့အစိုးရက အဲဒါတွေ ခွင့်မပြု ဘူးလေ.... အဲဒါတွေတင်ပြချင်တယ်”

ချင်းပါတီ ၂ ခုကတော့ အခုရွေးကောက်ပွဲဟာ ချင်းလူမျိူးတွေအတွက် လက်လွှတ်ဆုံးရှုံးမခံသင့်တဲ့ အခွင့်အရေးတရပ် ဖြစ်တယ်လို့ ဆိုထားကြပါတယ်။

ဒါကြောင့် လာမယ့်ရွေးကောက်ပွဲမှာ ချင်းလူမျိုးစုကိုယ်စားပြုပြီး ချင်းအမျိုးသားပါတီနဲ့ ချင်းတိုးတက်ရေးပါတီတို့က ဝင်ရောက် ယှဉ်ပြိုင် ်ကြမှာပါ။

ချင်းတိုးတက်ရေးပါတီဟာ အစိုးရဝန်ထမ်း အငြိမ်းစားအများစုနဲ့ ဖွဲ့စည်းတည်ထောင်ထားတာဖြစ်ပြီး မြန်မာစစ်အစိုးရကို လက်နက်ကိုင် တော်လှန်နေတဲ့ ချင်းအမျိုးသားတပ်ဦး ဥက္ကဋ္ဌကို တာဝန်ယူခဲ့ဖူးတဲ့ ဦးနိုးထန်ကပ်က ဦးဆောင်ထားပါတယ်။

“ကျနော်တို့ သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် အင်္ဂလိပ်ခေတ်ကတည်းက၊ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းကတည်းကဖြစ်ဖြစ် အခုလိုအခွင့်အရေးမျိုးက မရှိသလောက်လို့ ကျနော်တို့ မြင်မိတယ်လေ။ ဥပမာ ကျနော်တို့ ချင်းပြည်နယ်တခုအနေနဲ့ ပြည်နယ်တခုရပြီး ပြည်သူတွေကနေ ရွေးကောက်တင်မြှောက်ထားတဲ့ အမတ်လောင်းတွေကနေ ဖွဲ့စည်းထားတဲ့ ပြည်နယ်အစိုးရဆိုတာ ဒီတခါမှပေါ်လာတာကိုး”

ချင်းအမျိူးသားပါတီကိုတော့ ခေတ်သစ်ပညာတတ်လူငယ်အများစုနဲ့ ဖွဲ့စည်းတည်ထောင်ထားတာဖြစ်ပြီး ကာတွန်းဆရာ ဦးဇိုးဇမ်က ဦးဆောင် ထားတာပါ။

ချင်းပြည်နယ် တိုးတက်ရေးဟာ အရေးကြီးတယ်လို့ ချင်းအမျိုးသားပါတီက ကိုယ်စားလှယ် တဦးဖြစ်တဲ့ ဒေါက်တာ ဦးကမ်ဒလ်ကျင်က ယခုလိုပြောပါတယ်။

“မဏိပူရမြစ်ကို ကြည့်လိုက်ပါ…လျှပ်စစ်ဓာတ်တွေ အများကြီးထုတ်လို့ရတာပဲ။ ထုတ်မှ မထုတ်ကြတာ။ ကျနော်တို့မှာ ပြောပိုင်ခွင့်လည်း မရှိဘူး၊ ပြောမယ့်လူလည်းမရှိဘူးလေ။ အဲလိုဖြစ်နေတာ။ ဒါကြောင့် ကျနော်တို့က ပြောရဲတယ်၊ ပြောမယ်ဆိုပြီးတော့ သတ္တိရှိရှိနဲ့ ပါတီဖွဲ့ပြီးတော့ ဝင်လာကြတာဖြစ်ပါတယ်”

ဒီ ၂၀၁၀ ရွေးကောက်ပွဲဟာ ချင်းပါတီတွေပြောသလို အခွင့်အရေးတရပ် ဟုတ်မဟုတ်ဆိုတာကိုတော့ ရွေးကောက်ပွဲအလွန် ကာလတွေမှာ သိကြရမှာပါ..

XS
SM
MD
LG