ကျွန်မက နူးပန်ပါ။ တိုင်းရင်းသားဒေသက သတင်းတွေကို စိုင်းမိဏ်းနဲ့အတူ တင်ဆက်သွားမှာပါ။
မနေ့က ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်က မဲဆန္ဒနယ် အများအပြားမှာ ရခိုင်တိုင်းရင်းသားများ တိုးတက် ရေးပါတီ (ရ.တ.ပ)က တရားမဝင်သေးတဲ့ စာရင်းတွေအရ အနိုင်ရရှိတယ်လို့ သိရပါတယ်။
ဒီနေ့ မနက်မှာ စစ်တွေနဲ့ပေါက်တောမြို့နယ်တွေမှာ ရ.တ.ပ က အနိုင်ရတယ်ဆိုတာကို အတည်ပြုနိုင်ပြီလို့ စစ်တွေမြို့နယ် ပါတီဥက္ကဋ္ဌ ဦးအောင်မြကျော်က ပြောပါတယ်။
တခြား ကျောက်တော်၊ ပုဏ္ဍားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်နဲ့ ကျောက်ဖြူမြို့နယ်က မဲဆန္ဒနယ်တွေမှာလည်း ရ.တ.ပ ပါတီက အနိုင်ရနေတယ်လို့ သတင်းရရှိထားပေမယ့် အတည်ပြု မပြောနိုင်သေးဘူးလို့ သူကပြောပါတယ်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီရဲ့ လက်ရှိစာရင်းအရ အမတ်လောင်း ၁၀ ယောက်ခန့်နိုင်ဖို့ သေချာနေပြီးတော့ တပြည်လုံးမှာ ၁၅ ရာခိုင်နှုန်း ခန့်နိုင်မယ်လို့ ပါတီကခန့်မှန်းထားပါတယ်။
ပါတီအတွင်းရေးမှူးက ကျိုက်မရောမြို့နယ်မှာအနိုင်ရပြီးတော့ မြို့နယ်အလိုက်မှာတော့ ရေးတစ်မြို့နယ်လုံးမှာ နိုင်ပြီး သံဖြူဇရပ်မှာ ၂ နေရာ၊ ဘီလူးကျွန်း ၃ နေရာ၊ ကျိုက်မရောမှာ ၁ နေရာနဲ့ ပေါင်မြို့နယ်၂ နေရာမှာ အနိုင်ရတယ်လို့ သိရပါတယ်။
မုဒုံမြို့နယ်မှာ ပြည်နယ်လွှတ်တော် ၁ မှာ အမတ်လောင်းအပြတ်နိုင်ပေမယ့် ပြည်နယ်လွှတ်တော် ၂ မှာတော့ ကြိုတင်မဲ ကြောင့် ရှုံးဖို့ရှိတယ်လို့ မဲရုံမှာ ကြီးကြပ်သူတစ်ဦးက ပြောတယ်။
ကချင်ပြည်နယ်အတွင်း ရှမ်းလူဦးရေများတဲ့ မိုးကောင်းမြို့နယ်၊ နမ္မတီးတိုက်နယ်တွေမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ ပါတီ (ခေါ်) ကျားဖြူပါတီက အသာစီးရနေပေမယ့်ကြိုတင်မဲတွေကြောင့် အနိုင်ဖို့ မသေချာသေးဘူးလို့ ကိုယ်စားလှယ် လောင်း တဦးဖြစ်တဲ့ စောသန်းမြင့်က ပြောပါ တယ်။
မနေ့ကမိုးညှင်းမြို့နယ်မှာလည်း ပြည်သူလူထုပေးတဲ့ မဲအရေအတွက်နဲ့ အသာစီးရထားပေမဲ့ ကြိုတင်မဲတွေကို ရေတဲ့အခါ မှာတော့ နိုင်ဖို့အခြေအနေက မသေချာတော့ဘူးလု့ိ ပြောပါ တယ်။
ရွေးကောက်ပွဲမှာ မြန်မာစစ်အစိုးရက သူတို့ရဲ့ပါတီအတွက် ကြိုတင်မဲအများအပြား ကောက်ခံထားတဲ့ကြားက ကျားဖြူပါတီ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ အနိုင်ရတဲ့ မြို့နယ်တွေ အများအပြားရှိနေတယ်လို့ ကျားဖြူပါတီ တာဝန်ရှိ ပုဂ္ဂိုလ်တဦးက ပြောပါတယ်။
အဲဒီမြို့နယ်တွေကတော့ ရှမ်းပြည်မြောက်ပိုင်းမှာဆို မူဆယ်၊ နမ့်ခမ်း၊ ကျောက်မဲ ၊ ရှမ်းပြည်တောင်ပိုင်း မြို့တွေကတော့ လဲချား၊ မိုင်းကိုင်၊ လင်းခေး၊ ကွန်ဟိန်း မဲဆန္ဒနယ် အမှတ် ၁ ၊ ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းယောင်း၊ တာချီလိတ်မြို့နယ်မှာတော့ အပြတ်အသတ်နဲ့ အနိုင်ရတယ်လို့ ကျားဖြူတာဝန်ရှိသူတွေက ပြောပါတယ်။
ကျားဖြူပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါဝ်းကိုယ်တိုင် ပြည်နယ်လွှတ်တော်အဆင့် ပါဝင်ယှဉ်ပြိုင်တဲ့ သိန္နီမြို့နယ်မှာတော့ မဲဆန္ဒနယ် အမှတ် ၂ မှာ အနိုင်ရသွားပါတယ်။
ချင်းတိုးတက်ရေးပါတီ (စီပီပီ)က ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ မဲအပြတ်အသတ်နဲ့ လွှတ်တော်သုံးရပ်စလုံးမှာ အနိုင်ရရှိ သွားတယ်လို့ သိရပါတယ်။
ဖလမ်းမြို့နယ်မှာ အမျိူးသားလွှတ်တော် (၂) နေရာ၊ ပြည်သူ့လွှတ်တော် (၁) နေရာနဲ့ ပြည်နယ်လွတ်တော် (၂) နေရာ အနိုင်ရရှိသွားတယ်လို့ ဖလမ်းမြို့၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းနေရာက အနိုင်ရရှိတဲ့ ဦးနထန်းက ပြောပါ တယ်။
အနိုင်ရရှိသွားတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းများမှာ U Khuang Ling ပြည်သူ့လွှတ်တော်၊ U Con Kheng အမျိူးသား လွှတ်တော်မဲဆန္ဒနယ် (၁)၊ U Zung Hlei Thang အမျိူးသားလွှတ်တော်မဲဆန္ဒနယ်(၂)၊ U Nah Thang ပြည်နယ်လွှတ်တော်မဲ ဆန္ဒနယ်(၁)နဲ့ U No Sun ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်(၂) တို့ဖြစ်ပါတယ်။
ချင်းအမျိူးသားပါတီ(စီအဲန်ပီ)က ဟားခါး၊ ထန်တလန်မြို့မှာ ထိပ်ဆုံးကနေဦးဆောင်နေပေမယ့် မဲစာရင်းတွေ မြို့ပေါ်ကို မရောက်လာသေးတဲ့အတွက် အတိအကျမပြောနိုင်သေးဘူးလို့ စီပီပီ ဥက္ကဋ္ဌ ဦးဇိုဇမ်းက ပြောပါတယ်။
ကျွန်မက ချမ်းလွန်ပါ။ အခု သတင်းလွှာ တပုတ်ကို ကြားကြရမှာပါ။
ကရင်ပြည်နယ်အတွင်း နယ်စပ်မြို့တွေဖြစ်တဲ့ မြဝတီနဲ့ဘုရားသုံးဆူမြို့တွေမှာ ကရင်လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ မြန်မာ စစ်တပ်တို့အကြား မနက်ပိုင်းကစပြီး တိုက်ပွဲတွေ ဖြစ်ပွား နေပါတယ်။ အသေးစိတ်အခြေအနေတွေကို ခွန်အောင်မြတ်က စုစည်းထားပါတယ်။
မွန်းလွဲပိုင်းမှာတော့ မြဝတီမှာ တိုက်ပွဲတွေဆက်ဖြစ်နေပြီး ဘုရားသုံးဆူက မြို့ပေါ်နေရာ တော်တော်များများကို တိုးတက်သော ကရင် ဗုဒ္ဓဘာသာ တပ်ဖွဲ့တွေက စိုးမိုးထားလိုက်ပါတယ်။
မြဝတီမှာတော့ လက်နက်ကြီးနဲ့ အပြန်အလှန်ပစ်ခတ်မှုကြောင့် အရပ်သားသုံးဦး သေဆုံးပြီး ဒဏ်ရာရတဲ့သူ ၂၂ ဦး မြဝတီဆေးရုံကြီးမှာ ရောက်နေပါတယ်။
(သေနတ်သံများ)
မြဝတီမှာတော့ တိုက်ပွဲတွေက ဒီနေ့ မနက်က စတင်ဖြစ်ခဲ့တာလို့ ဒီကေဘီအေကို ဦးဆောင်တဲ့ တပ်မဟာ (၅)ဗျူဟာမှူး ဗိုလ်မှူးချုပ် စောလှဘွယ် (ခေါ်) ဗိုလ်နှုတ်ခမ်းမွေးက အခုလို ပြောပါတယ်။
“ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ နအဖက အလုံးအရင်းနဲ့ ကျနော်တို့ကို တံတားထိပ်မှာ သူတို့က အလုံးအရင်းနဲ့ ဝင်ပြီးတော့မှ တိုက်ပွဲက စဖြစ်တယ်နော်။”
နေ့ခင်းပိုင်းမှာတော့ ပစ်ခတ်မှုတွေ ကြဲသွားပြီး မြို့သူမြို့သားတွေကို မြို့ထဲက ထွက်ခွာသွားကြဖို့ မြန်မာစစ်တပ်က ကြေညာ ချက်ထုတ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း မြို့ထဲမှာ တိုက်ပွဲတွေ ခပ်စိတ်စိတ်လေး ဖြစ်နေခဲ့တယ်လို့ မြို့မှာကျန်နေတဲ့သူ တချို့က ပြောပြပါတယ်။
မြဝတီတိုက်ပွဲကြောင့် ထောင်နဲ့ချီတဲ့ဒုက္ခသည်တွေ ထိုင်းနိုင်ငံ မဲဆောက်ကို ထွက်ပြေးလာပြီး ထိုင်းနယ်ခြားစောင့်တပ်က စောင့်ရှောက်ထားပါတယ်။
ဘုရားသုံးဆူမြို့မှာတော့ နေ့ခင်း ၁၁ နာရီလောက်မှာ တိုက်ပွဲ စဖြစ်ခဲ့တာပါ။ တိုက်ပွဲကြောင့် မြန်မာ စစ်အစိုးရဘက်က ၂ ယောက် ကျဆုံးပြီး လက်နက်တွေလည်း ဒီကေဘီအေက သိမ်းဆည်းရမိတယ်လို့ ဒီကေဘီအေ ဗျူဟာမှူးက ပြောပါတယ်။
အဲဒီတိုက်ပွဲကြောင့် ဘုရားသုံးဆူ ဒေသခံတွေက ကြောက်လှန့်နေကြတယ်လို့ ဒေသခံ တယောက်က ပြောပါတယ်။
“အခု သုံးဆူရဲ့အခြေအနေကတော့ အကုန်လုံး ငြိမ်နေတာပေါ့။ အခု လက်ရှိအနေအထားက ကားတွေ ဆိုင်ကယ်တွေလည်း မတွေ့ဘူး။ ပြီးတော့ လူထုတွေက သူ့အိမ်အောက်မှာ သူ့အိမ်အောက်ထဲမှာ ဆင်းနေမယ်။ တိုက်ထဲမှာ နေနေမှာပဲ။ အပြင်ထွက်တာတော့ မတွေ့ဘူးပေါ့။”
အခုသတင်းရေးသားတဲ့ အချိန်အထိတော့ တိုက်ပွဲတွေက ဆက်ဖြစ်နေဆဲပါ ခင်ဗျာ။