သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားဒေသနဲ့ ရွေးကောက်ပွဲဆိုင်ရာ သတင်းများ


ကျမက နူးပန်ပါ။ တိုင်းရင်းသားဒေသက သတင်းလွှာတွေကို စိုင်းမိဏ်းနဲ့အတူ တင်ဆက်သွားမှာပါ။

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့အနီးမှာ တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် ဒီကေ ဘီအေနဲ့ မြန်မာအစိုးရတပ်ဖွဲ့တွေအကြား လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်ရှိနေတဲ့ကြားကပဲ ထိုင်း-မြန်မာနယ်စပ်ကော်မတီတွေ ညှိနှိုင်းပြီး ဒုက္ခသည်တွေကို နေရပ်ပြန်စေပါတယ်။

ထိုင်းစစ်တပ် စောင့်ရှောက်ထားတဲ့ ကွင်းထဲက ဒုက္ခသည်တွေထဲက မနေ့က လူ ၃ ထောင်လောက် နေရပ်ပြန်သွားခဲ့ပြီး ဒီနေ့မနက်မှာတော့ လူ တထောင်လောက် နေရပ်ပြန်သွားခဲ့ပါတယ်။

ဘုန်းကြီးကျောင်းတွေ၊ ဘုရားရှိခိုးကျောင်းတွေ၊ တခြား နယ်စပ်ကျေးရွာတွေမှာ ခိုလှုံနေတဲ့ ထောင် ဂဏန်းရှိတဲ့ ဒုက္ခသည်တွေတော့ ကျန်ရှိနေပါတယ်။

ကရင်နဲ့ မြန်မာတပ်ဖွဲ့တွေအကြား လက်နက်ကြီးပစ်ခတ်မှုတွေကတော့ ဒီကနေ့ မနက် ၈ နာရီ လောက်အထိ ရှိနေခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

…………………

လားရှိုးမြို့နယ်မှာ ကြိုတင်မဲနဲ့ အနိုင်ရရှိခဲ့တဲ့ ကြံ့ဖွံ့ပါတီမှ အမတ်တွေဖြစ်တဲ့ စိုင်းမြင့်အေး (ပြည်သူ့ လွှတ်တော်)၊ စိုင်းကြူ (ပြည်နယ်လွှတ်တော်-၁)တို့ဟာ ဗုဒ္ဓဟူးနေ့က လားရှိုးမြောက်ဘက် တာပုံ၊ ဟိုနမ့်၊ မန်ကတ် (ဟန့်တိုင့်)၊ မန်ပျင်း၊ မိုင်းတိမ် ကျေးရွာအုပ်စုတွေက ရ.ယ.က ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင် တွေကိုခေါ်ယူပြီး ရွေးကောက်ပွဲနေ့မှာ အဲဒီရွာတွေက သူတို့ ၂ ယောက်ကို မဲမထည့်တဲ့အတွက် အလုပ်ဖြုတ်ပစ်မယ်လို့ ကြိမ်းမောင်းပြောဆိုခဲ့တယ်လို့ တာပုံကျေးရွာ အုပ်စုရှိ ခ.လ.ရ ၆၈ တပ်မိသားစုဝင်တဦးက ပြောပါ တယ်။

လားရှိုးကြီး ပြည်သူ့စစ်ခေါင်းဆောင်၊ ကြံ့ဖွံ့ပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း စိုင်းမြင့်အေးဟာ ပြိုင်ဘက် ကျားဖြူပါတီ စိုင်းထွန်းအောင်ကို ကြိုတင်မဲ ၉၈၅၉ မဲနဲ့ အနိုင်ရတာပါ။ အဲဒါကြောင့် ရွေးကောက်ပွဲနေ့ရက်မှာ ထောက်ခံမဲမပေးတဲ့ ရွာသားတွေရဲ့ ဥက္ကဋ္ဌကို ရာထူးကနေ ဖယ်ရှားပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ ကျေးရွာအုပ်စုများမှ ရ.ယ.က တွေဟာ မိမိတို့ အဖြုတ်ခံရမယ့်အရေးထက် ကျေးရွာလူထုကို ကြံ့ဖွံ့များက တစ်နည်းနည်းနဲ့ နှောင့်ယှက် အန္တရာယ်ပေးလာမှာကို စိုးရိမ်နေကြပါတယ်။

…………………….

တိုက်ပွဲတွေ ဖြစ်နေတဲ့ ထိုင်းနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမှာ ညပိုင်းမှာတော့ လျှပ်စစ်မီးတွေ မရသေးဘဲ တိတ်ဆိတ်နေပြီး လမ်းတွေပေါ်မှာတော့ စစ်ကားတွေသာ ဝင်ထွက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီနေ့ထိတော့ မြဝတီမှာ ဌာနဆိုင်ရာရုံးတွေ၊ ဘဏ်တွေ၊ စာသင်ကျောင်းတွေ မဖွင့်နိုင်သေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။

ကချင်ပြည်နယ် နမ္မတီးမြို့က မဲရုံအမှတ် (၂၂) မှာ ပါတီကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့တဲ့ ကျားဖြူ ပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီက လူငယ်နှစ်ဦးကို မိုးကောင်းမြို့စ.ရ.ဖ က မနေ့ကခေါ်သွားပြီး စစ်ဆေးခဲ့တယ်လို့ ကျားဖြူပါတီက ပြောပါတယ်။

သူတို့နှစ်ဦးက ကျားဖြူပါတီအမတ်လောင်းတွေပေးထားတဲ့ မဲရုံကိုယ်စားလှယ်တွေဖြစ်ပြီး ကိုထွန်းဝေနဲ့ ကိုစိုင်းအောင်ထွန်းတို့ဖြစ်ပါတယ်။

သူတို့ နှစ်ဦးကို မိုးကောင်း စ.ရ.ဖ ရှေ့မှောက်မှာ ကော်မရှင်တာဝန်ရှိသူတွေက မေးမြန်းတယ်လို့ သိရပြီး တိုင်းဒေသကြီးနဲ့ အမျိုးသားလွှတ်တော် ပါတီ၂ ရပ်က မဲပေးတဲ့အင်အားစာရင်း ကွာခြား မှုတွေရှိနေတဲ့အတွက် ခေါ်ယူမေးမြန်းခြင်းဖြစ်တယ်လို့ ပြောပါတယ်။

စစ်ဆေးမေးမြန်းတဲ့အခါ ကော်မရှင်မှာရှိတဲ့ မဲစာရင်းအချက်အလက်တွေနဲ့ ကျားဖြူပါတီဝင်တွေရဲ့ ဖြေကြားချက်တွေက တူညီနေတဲ့အတွက် ညပိုင်းမှာ ပြန်လွှတ်လိုက်တယ်လို့လည်း သိရပါတယ်။

………………………..

ကျမက ချမ်းလွန်ပါ။ အခု မေးမြန်းခန်းတခုကို ကြားကြရမှာပါ။

ထိုင်းနယ်စပ် မြဝတီနဲ့ မဲဆောက်မှာ ခုအပတ် အစောပိုင်းမှာ တိုးတက်သော ကရင် ဗုဒ္ဓဘာသာ တပ်မတော် (ဒီကေဘီအေ) နဲ့ မြန်မာ့စစ်အစိုးရတပ်တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒီ တိုက်ပွဲ တွေအပေါ် တချိန်က ဒီကေဘီအေတပ်ဖွဲ့ဝင်တွေရဲ့ မိခင်အဖွဲ့အစည်းဖြစ်ခဲ့တဲ့ ကရင့်အမျိုးသား အစည်းအရုံး၊ ကေအဲန်ယူက ဘယ်လို သဘောထားပါသလဲ ဆိုတာ ခွန်အောင်မြတ်က မေးမြန်း ထားပါတယ်။

…………………..

ကရင့်အမျိုးသား အစည်းအရုံး ကေအဲန်ယူက ဒီကေဘီအေနဲ့ မြန်မာစစ်တပ်ရဲ့ တိုက်ပွဲတွေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။ ကေအဲန်ယူရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စောလှငွေက ဒီကေဘီအေရဲ့ တိုက်ပွဲတွေ ဖြစ်လာတဲ့ အကြောင်းရင်းက ရွေးကောက်ပွဲ အခြေအနေကြောင့်သာမက နိုင်ငံရေး ရပ်တည်မှုတွေ ပတ်သက်နေတယ်လို့ စပြောပါတယ်။

“ရွေးကောက်ပွဲ ဖြစ်တဲ့အခါမှာ နေရာအနှံ့အပြားမှာ သူတို့လိုချင်တဲ့သူတွေကိုပဲ မဲထည့်ခိုင်းတဲ့ ကိစ္စရပ်တွေအပေါ်မှာ သူကလည်း အမြင့်မားဆုံး ဆန္ဒပြလိုက်တာပေါ့။ ဆန္ဒပြရင်းကနေပြီးတော့ သေနတ်ပေါက်သွားတဲ့အခါကျတော့- အဲဒါပါပဲ၊ နိုင်ငံရေးအရ သူတို့ ဆက်ဆံခဲ့တဲ့ ဆက်ဆံရေးဟာ အလုပ်မဖြစ်တော့ဘူးဆိုတာ သူတို့ လက်နက်ကိုင် ပဋိပက္ခနဲ့ ပေါ်သွားတာပေါ့။ ကျွန်တော်တို့ကတော့ ထောက်ခံရုံပဲ ရှိတာပေါ့။ ကျွန်တော်တို့ ရန်သူကို တိုက်တယ်။ ပြည်သူလူထုအတွက် မှန်တာကို ပြောလာတော့ ထောက်ခံကြရုံပဲ ရှိတာပေါ့”

ဟုတ်ကဲ့။ ဒီလို တိုက်ပွဲ ဖြစ်ပြီးတဲ့နောက် ကေအဲန်ယူနဲ့ ဒီကေဘီအေ အဖွဲ့တွေကြားမှာ ဘယ်လို ဆက်ဆံမှုတွေ ဖြစ်လာနိုင်ပါသလဲ။

“နောက်ဆက်တွဲကတော့ ကျွန်တော်တို့နဲ့ သူတို့နဲ့က လူမျိုးကလည်း တမျိုးတည်း။ အခြေချ နယ်မြေ ကလည်း ဆက်စပ်မှုရှိနေတယ်။ လူထုကလည်း တခုတည်း ဆိုတဲအခါကျတော့ န.အ.ဖ ကနေပြီး တော့ တိုက်ခိုက်မှု မြှင့်တင်လာလို့ ရှိရင်တော့ စစ်မြေပြင်တခုထဲမှာ အနိမ့်ဆုံးကနေ အမြင့်ဆုံးအထိ ညှိနှိုင်းနိုင်သမျှ ညှိနှိုင်းပြီး န.အ.ဖကို ခုခံတွန်းလှန်တဲ့ တိုက်ပွဲတွေ ဆက်လက်ပြီး ဖြစ်ဖို့ပဲရှိတာပေါ့။ နောက်ပိုင်းသူတို့ အဆင့်တဆင့်ရောက်လာပြီ၊ ကျနော်တို့နဲ့ ပူးပေါင်းလုပ်ဆောင်မယ့် အဆင့် ရောက် လာလို့ ရှိရင်တော့ စစ်ရေးလှုပ်ရှားမှုတွေကို သက်ဆိုင်ရာ ဂွင်အတွင်းမှာ ရှိတဲ့ တပ်မှူးတွေနဲ့ လုပ်သွား လိမ့်မယ်”

ဟုတ်ကဲ့။ ကေအဲန်ယူ ဗဟိုအနေနဲ့ကော ဒီကေဘီအေ အပေါ်မှာ ဘယ်လို သဘောထားမျိုးရှိပါသလဲ။

“ကျနော်တို့ ဗဟိုအနေနဲ့ကတော့ နဂိုရ်ကတည်းက ပေါ်လစီရှင်းပြီးသားပဲ။ ရန်သူရဲ့ရန်သူက အနိမ့်ဆုံး တော့ ကျနော်တို့ရဲ့ မိတ်ဆွေပဲ။ ကျနော်တို့နဲ့ နားလည်ပြီးတော့ နိုင်ငံရေးအရ၊ စစ်ရေးအရ မဟာမိတ် ဖြစ်တဲ့သူတွေကတော့ မဟာမိတ်ပဲ။ တိုက်ခိုက်ကြတဲ့ အခါမှာတော့ အတူတကွ မဟာမိတ်အဖြစ်နဲ့ လက်တွဲပြီး တိုက်ခိုက်နိုင်မလား၊ မိတ်ဆွေအဖြစ်နဲ့ပဲ လက်တွဲပြီးတိုက်နိုင်မလား ၂ လမ်းပဲ ရှိတယ်”

ဒါကတော့ ကေအဲန်ယူ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစောလှငွေ ပြောသွားတာပါ။ ကေအဲန်ယူ အထွေထွေ အတွင်းရေးမှူးဖြစ်တဲ့ နော်စီဖိုးရာစိန်ကလည်း ကေအဲန်ယူအနေနဲ့ ဒီကေဘီအေကို အမြဲတမ်းတံခါးဖွင့်ထားတယ်။ လူထု ဆန့်ကျင်ရေးတွေ မရှိဘူးဆိုရင် အချိန်မရွေး လက်ခံမယ်လို့ ပြောပါတယ်။

XS
SM
MD
LG