သုံးရလွယ်ကူစေသည့် Link များ

မြန်မာအစိုးရနဲ့ KNU ငြိမ်းချမ်းရေး ဆက်ဆွေးနွေးဖို့ သဘောတူ


မြန်မာအစိုးရနဲ့ KNU ငြိမ်းချမ်းရေး ဆက်ဆွေးနွေးဖို့ သဘောတူ
မြန်မာအစိုးရနဲ့ KNU ငြိမ်းချမ်းရေး ဆက်ဆွေးနွေးဖို့ သဘောတူ

ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ဟာ ဒီကနေ့ ကရင်ပြည်နယ် ဘားအံမြို့မှာ ငြိမ်းချမ်းရေးအတွက် သဘောတူညီချက် အပိုင်း ၂ ပိုင်းခွဲ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ၂ ဘက် အပစ်အခတ်ရပ်စဲရေးပါဝင်တဲ့ ပြည်နယ်အဆင့် လက်မှတ်ရေးထိုးမှုနဲ့ - KNU ဘက်က တောင်းဆိုတဲ့ အချက် ၁၁ ချက်ကိုတော့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ဘက်က မူအားဖြင့် သဘောတူခဲ့ပြီး ပြည်ထောင်စုအဆင့်အနေနဲ့ နေပြည်တော်မှာ ဆက်လက်ဆွေးနွေးဖို့အတွက် လက်မှတ် ထိုးခဲ့ကြတာဖြစ်ပါတယ်။ အပြည့်အစုံကို တော့ မနန္ဒာချမ်း က တင်ပြပေးထားပါတယ်။

KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ဦးဆောင်တဲ့ ၁၉ ဦးပါ KNU ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ ဒီကနေ့ ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင် ဟိုတယ်လ်မှာ ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွင်းမှာ - ပြည်နယ်အဆင့်နဲ့ တခါ၊ ပြည်ထောင်စုအဆင့် ဆက်လက်ဆွေးနွေးဖို့အတွက် တခါ ၂ ပိုင်းခွဲ လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ ဒီလို လက်မှတ်ရေးထိုးနိုင်ခဲ့တာနဲ့ပတ်သက်ပြီး KNU ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ရဲ့ ဒု အဖွဲ့ခေါင်းေဆောင် စောဒေးဗစ်ထော က အခုလို ပြောပြပါတယ်။

“ကျနော်တို့ ဆွေးနွေးပွဲမှာ KNU ဘက်ကနေပြီးတော့ ဆွေးနွေးဖို့အချက် ၁၁ ချက်ကို တင်ပြဆွေးနွေးတယ်ခင်ဗျာ။ အဲ့ဒီ ၁၁ ချက်ကို တင်ပြဆွေးနွေးတဲ့အခါကျတော့ ပြည်ထောင်စုအစိုးရအဖွဲ့ကနေပြီးတော့ ပြည်ထောင်စုအစိုးရအဖွဲ့ကနေပြီးတော့ ဒီ ၁၁ ချက်ကို မူအားဖြင့် သဘောတူညီတယ်ဆိုတဲ့ တုန့်ပြန်မှုကို ရရှိတယ်။ အဲ့ဒီ ရရှိတဲ့အပေါ်မှာ စာချုပ် ၂ ခုကိုတော့ လက်မှတ်ရေးထိုး ဖြစ်သွားပါတယ်။ ၁ ခုကတော့ ဒီအပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်တဲ့ သဘောတူညီချက်ရယ်၊ ပြည်ထောင်စုအဆင့်မှာ ဆွေးနွေးဖို့ အဲဒီအချက် ၁၃ ချက်နဲ့ပတ်သက်ပြီးတော့ သဘောတူညီချက်ကို ကျနော်တို့ KNU ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့နဲ့ မြန်မာအစိုးရငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့တို့ လက်မှတ်ရေးထိုး ခဲ့ခြင်း ဖြစ်ပါတယ်။”

အခု လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့ ပြည်နယ်အဆင့် သဘောတူညီမှုတွေထဲက နှစ်ဘက်စလုံးကနေ အဓိက တောင်းဆိုခဲ့ကြတာကတော့ - နှစ်ဘက် အပစ်အခတ်ရပ်စဲဖို့၊ ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်ဖို့၊ သတ်မှတ်နယ်မြေတွေကလွဲလို့ ကျန်ဒေသတွေအတွင်း လက်နက် ကိုင်ဆောင်ခြင်းမရှိဘဲ သွားလာခွင့်ပြုဖို့နဲ့ ပြည်ထောင်စုအဆင့် ဆွေးနွေးမှုတွေကို ဆက်လုပ်ဖို့တွေ ပါဝင်ပါတယ်။ ဒီပြည်နယ်အဆင့် သဘောတူညီ ချက်တွေကိုတော့ - လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီး အောင်လွင်နဲ့ KNLA တပ်မဟာ ၇ ရဲ့ တပ်မဟာမှူး စောဂျော်နီတို့က လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ ပြည်ထောင်စုအဆင့်မှာ ဆက်လက်ဆွေးနွေးဖို့ မူအားဖြင့် သဘောတူခဲ့တဲ့ - တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရမယ်ဆိုတဲ့အချက်အပါအဝင် ၁၁ ချက်ကိုတော့ - KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ရဲ့ ဒုဥက္ကဋ္ဌ ဖြစ်သူ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖော နဲ့ အစိုးရငြိမ်းချမ်းရေးအဖွဲ့ ဘက်ကတော့ မီးရထားဝန်ကြီး ဦးအောင်မင်းတို့ကနေ လက်မှတ်ရေးထိုး ခဲ့တာဖြစ်တယ်လို့ စောဒေးဗစ်ထောက ပြောဆိုခဲ့ပါတယ်။ ဒီ ၁၁ ချက်ထဲမှာပါဝင်တဲ့ အချက် ၁ ချက်ချင်းကိုလည်း ၄၅ ရက်အတွင်း နေပြည်တော်မှာပြုလုပ်မယ့် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲမှာ ဆက်လက်ဆွေးနွေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ အခုလို KNU နဲ့ မြန်မာအစိုးရအကြား ငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီးနောက် နှစ်ဘက်စလုံးက တပ်တွေကိုလည်း တိုက်ပွဲတွေ ရပ်ဆိုင်းဖို့ ညွှန်ကြားထားခဲ့ပြီး ဒီလို လက်မှတ်ထိုးပြီးနောက်ပိုင်း ဆက်လက်လုပ်ဆောင်သွားမယ့် ဆွေးနွေးမှုတွေ၊ ဖွံ့ဖြိုးရေး စီမံကိန်းတွေနဲ့ ပတ်သက်လို့လည်း - ဒီဆွေးနွေးပွဲမှာ ကိုယ်တိုင်ပါဝင်တဲ့ ငြိမ်းချမ်းရေးအကျိုးဆောင်တဦးဖြစ်သူ ဒေါက်တာကျော်ရင်လှိုင်ကလည်း အခုလို ပြောပြပါတယ်။

“အဓိက-ကတော့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ political dialog နိုင်ငံရေးအစည်းအဝေးတွေ ဆက်ပြီးအများကြီးလုပ်သွားပါမယ်။ ဒါကလည်း တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ သူတို့လိုချင်တဲ့ အဓိကတောင်းဆိုချက်ထဲမှာပါတယ်လေ၊ ဒါကတခု၊ နောက်တခုက ဘာဆက်လုပ်မလဲ ဆိုတဲ့အခါကျတော့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ၊ ဟိုတုန်းကလို စီးပွားရေးလုပ်ငန်းတွေပေးတာသက်သက် မဟုတ်ဘဲနဲ့ တကယ့် ပြည်နယ်အတွင်းမှာ တကယ့်ကို ပြည်သူတွေ အလုပ်တွေ ဘာတွေလည်းပေါ်လာ - ဖြစ်အောင်လုပ်တဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ သူတို့စပြီးဆောင်ရွက်ပါမယ်။ ဆောင်ရွက်တဲ့အခါမှာလည်း ကျနော်တို့က စက်မှုဇုံကြီးတွေဖွင့်ပေးတာ၊ စီးပွားရေးဇုံကြီးတွေဖွင့်ပေးတာ- ဒါတွေကို အဓိကထားပြီးလုပ်သွားမယ်။ လုပ်တဲ့အခါ အဓိကက ဘာကိုကြည့်မလဲဆိုတဲ့အခါကျတော့ ပြည်နယ်သူ/ပြည်နယ်သား ကိုယ့်တိုင်းရင်းသားတွေ၊ အောက်ခြေမှာရှိတဲ့လူတွေအတွက် အလုပ်အခွင့်အရေးတွေပေါ်လာပြီးတဲ့အခါကျတော့ အခြေခံ လူတန်းစားတွေရဲ့ဘဝတိုးတက်ရေးကို အဓိကထားပြီးတော့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို လုပ်ဖို့အတွက် သဘောလည်းတူညီထားပြီး အတူတကွလည်း ဆက်လက်လှုပ်ရှားကြဖို့ ပြောဆိုထားကြပြီးပါပြီခင်ဗျ”

ဒီဆွေးနွေးပွဲမှာ ကိုယ်တိုင်ပါဝင်တဲ့ ငြိမ်းချမ်းရေးအကျိုးဆောင်တဦးဖြစ်သူ ဒေါက်တာကျော်ရင်လှိုင် ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်နယ်အဆင့် သဘောတူညီချက်ထဲမှာ ပါဝင်တဲ့ ဆက်ဆံရေးရုံးတွေထားရှိရေးကိစ္စနဲ့ပတ်သက်ပြီးတော့ - KNU ဘက်ကနေ သူတို့ လှုပ်ရှားနေတဲ့ ဒေသတိုင်းမှာ ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု လက်မှတ်ရေးထိုးပွဲကို တက်ရောက်သတင်းယူခဲ့တဲ့ သတင်းထောက်တဦးက အခုလို ပြောပြပါတယ်။

“ဗမာအစိုးရဘက်က ဗိုလ်ချုပ်ကြီးစိုးသိမ်းပြောတာကတော့ ဒီနေ့ကစပြီး မြဝတီနားမှာ စက်မှုဇုံတခု သူတို့လျာထားတယ်လေ။ အစီအစဉ် ရှိတယ်။ ဒါပေမယ့်အဲဒီ အပစ်အခတ်တွေမငြိမ်တဲ့အခါကျတော့ လုပ်လို့မရဘူး။ အဲဒါစလုပ်မယ်ဆိုပြီးတော့ သူက တကမ္ဘာလုံးကိုပြောတယ် ဆိုပြီး ပြောလိုက်တာ။ ဘယ်သူမဆိုလာပြီး ရင်းနှီးမြှုပ်နှံလို့ရတယ်ဆိုပြီး။ KNU ဘက်က သူတို့ ဒီနေ့စဖွင့်ဖို့ သဘောတူလိုက်တာက သထုံမြို့နယ်ထဲမှာ ၂ ခုပေါ့နော်- တောင်ငူမှာ ၂ ခု၊ ညောင်လေးပင်မြို့နယ်ထဲမှာ ၁ ခု၊ ဖာပွန်မှာတခု၊ ဘားအံမှာတခု၊ အဲဒါကတော့ သူတို့သဘောတူလိုက်ပြီ။ ၁၁ ရုံးဖွင့်မှာ။ ဒီနေ့သဘောတူလိုက်တာက ၇ ခုကိုတော့ အစိုးရဘက်ကလည်း သဘောတူလိုက်တယ်။ သူတို့ဘက်ကလည်း ဖွင့်ဖြစ်တယ်ပေါ့။”

KNU နဲ့ မြန်မာအစိုးရအကြား ဒီတကြိမ် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုးနိုင်ခဲ့တာဟာ ထူးခြားတယ်လို့ မြန်မာ့နိုင်ငံရေးအကဲခတ်တွေကတော့ ပြောဆိုကြပါတယ်။ ၂၀၀၄ ခုနှစ် ဇန်နဝါရီလဆန်းမှာ ယခင် KNU ခေါင်းဆောင်ကြီး ဗိုလ်ချုပ်မြနဲ့ အဲဒီအချိန်က မြန်မာဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားတဲ့ ဗိုလ်ချုပ်ကြီး ခင်ညွန်တို့ဟာ ၂၀၀၄ ခုနှစ် ဇန်နဝါရီလဆန်းမှာ ငြိမ်းချမ်းရေး ဆွေးနွေးဖို့အတွက် ရန်ကုန်မှာ တွေ့ဆုံတဲ့အထိ သမိုင်းဝင်ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း ၂ ဘက်အကြား အပစ်အခတ် ရပ်စဲထားဖို့သာ ယာယီအားဖြင့် သဘောတူညီနိုင်ခဲ့ပြီး ငြိမ်းချမ်းရေး ရတဲ့အထိတော့ အောင်မြင်မှု မရှိခဲ့ပါဘူး။ ဒီတခေါက် လက်မှတ်ရေးထိုးနိုင်တဲ့အထိ ဖြစ်ခဲ့တာကတော့ နှစ်ပေါင်း ၆၀ ကျော် ကာလအတွင်းမှာ ပထမဆုံးလည်းဖြစ်ပါတယ်ရှင်။

XS
SM
MD
LG