သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၀ “တပ်မှူးတပ်သား ပြောစကား” အနှစ်ချုပ် အပိုင်း (၂)


၂၀၁၀ ခုနှစ်အတွင်း "တပ်မှူးတပ်သား ပြောစကား" အစီအစဉ်တွေထဲက မှတ်သားလောက်တဲ့ ပြောစကားတွေကို အနှစ်ချုပ်ပြီး အပိုင်း(၁)အဖြစ် တင်ဆက်လိုက်ပါတယ်။

တပ်မှူးတပ်သား ပြောစကား (၀၄၂)

ဦးရော်နီညိမ်း။ ။ ၂၀၁၀ ခုနှစ်မှာ ဗွီအိုအေမြန်မာပိုင်း ကနေ တင်ဆက်ခဲ့တဲ့ "တပ်မှူးတပ်သား ပြောစကား" အပတ်စဉ် ကဏ္ဍတွေထဲက မှတ်သားဖွယ်ရာတွေကို အနှစ်ချုပ်ပြီးတော့ အပိုင်း(၂) နောက်ဆုံးအပိုင်းအနေနဲ့ တင်ဆက်ပေးလိုက်ပါတယ်။

ဦးရော်နီညိမ်း။ ။ OTS – Officer Training School ဗိုလ်သင်တန်း အပတ်စဉ် (၂၆) ကနေ ကျောင်းဆင်းခဲ့တဲ့ ဗိုလ်ကြီးမြင့်ထူးဟာ တပ်ထဲကနေ ပုန်ကန်ဖို့ ကြံစည်မှုနဲ့ ရေကြည်အိုင် ဗဟိုထောက်လှမ်းရေးတပ်မှာ ၁၉၆၅ ခုနှစ်က ဖမ်းဆီးစစ်ဆေး ခံခဲ့ရပါတယ်။ ဗိုလ်ကြီးမြင့်ထူး ဟာ တစ်ပါတီအာဏာရှင်စနစ်နဲ့ စစ်အာဏာသိမ်းပြီး အုပ်ချုပ်နေတာကို မနှစ်မြို့သူဖြစ်ပြီးတော့ သူဟာ ဖက်ဆစ်ဂျပန် တော်လှန်ရေးကာလ အထက်ဗမာပြည်တိုင်း စစ်ရေးတာဝန်ခံ ဗိုလ်မှူးကြီးဗထူးရဲ့ သားလည်း ဖြစ်ပါတယ်။ ဖမ်းဆီးနှိပ်စက် ညှင်းပန်း ခံခဲ့ရတဲ့ ဗိုလ်ကြီးမြင့်ထူးဟာ နောက်ဆုံးမှာတော့ ရေကြည်အိုင် အကျဉ်းထောင်ထဲမှာ သေဆုံးသွားခဲ့ရပါတယ်။ ဗိုလ်ကြီးမြင့်ထူးနဲ့ အရင်းနှီးဆုံး မိတ်ဆွေ ဖြစ်ပြီးတော့ တပ် တွင်းပုန်ကန်ရန် ကြံစည်မှုနဲ့ အတူဖမ်းဆီးခံခဲ့ရသူကတော့ စစ်တက္ကသိုလ် ဗိုလ်သင်တန်း အပတ်စဉ် (၁) က ကျောင်းဆင်းတဲ့ ဗိုလ်ကြီးဟောင်း ဦးခင်မောင်ညွန့်ပါ။

ဦးခင်မောင်ညွန့်။ ။ နောက်တနေ့ ထုတ်တဲ့သတင်းစာတွေထဲမှာ သူတို့က ထိန်းသိမ်းထားတဲ့ ပုဂ္ဂိုလ်တွေကို လွှတ်တယ် ဆိုတော့ အဲဒီ မှာ.နိုင်ငံရေးခေါင်းဆောင်တွေလည်း ပါတယ်ပေါ့၊ အန်ကယ့်နံမည်လည်း ပါတယ်။ ဒါပေမယ့် ကိုမြင့်ထူးနံမည်ကျ မပါဘူး။ သူများတွေ လွတ်တာ ပေါ့နော်။ သူ့ ထက်တောင်အရေးကြီးတဲ့ပုဂ္ဂိုလ်တွေ နိုင်ငံရေးခေါင်းဆောင်တွေ လွတ်တာပြုတာ သူတစ်ယောက်ပဲ မလွတ်ဘူး ဆိုတော့ အဲဒီ ကတည်းက သူနဲ့ ပတ်သက်ပြီးတော့ တော်တော်ကိုပေါ့လေ စိတ်ထဲမှာတော့ တော်တော်လေးပြီးတော့ စိတ်မကောင်းဖြစ်တာပေါ့။ တစုံတခု တော့ဖြစ်ပြီး ဆိုပြီး စိတ်ထဲမှာစွဲစွဲမြဲမြဲ ထင်ခဲ့တယ်ပေါ့နော်။ ထင်ခဲ့တယ်ဆိုတာထက် ယုံကြည်တာက ပိုပြီးတော့ ဖြစ်တယ်။ နောက်ပိုင်း အဲလိုပဲ လိုက်လိုက်ပြီးတော့ စုံစမ်းတော့ ဒီလိုဒီလိုပဲပေါ့ ဆေးရုံမှာပေါ့နော် ဒီငှက်ဖျားနဲ့ ပေါ့ လေဆုံးသွားတယ် စစ်ဆေးရုံမှာပဲ ဆုံးသွားတယ်၊ အဲဒီ သတင်းကတော့ အန်ကယ်တို့  ကြားရတယ်ပေါ့နော်၊ ဂဃနဏ သိရတာကတော့ ကိုအောင်သူကနေ ပြောပြမှပဲ အန်ကယ်တို့ က ဒီဟာ တော့ Confirmation ဆိုတဲ့ဟာမျိုးကို အန်ကယ်တို့ ချလို့ ရတယ်။ စစ်အာဏာရှင်စနစ်ရဲ့ အောက်မှာ ပေါ့နော် သူယုံကြည်တဲ့ ဒီမိုကရေစီအရေး လွတ် လပ်ရေး ငြိမ်းချမ်းရေး အဲဒါတွေအတွက်ကို သူက စတေးခံခဲ့ရတယ်။ နော် ရက်ရက်စက်စက်ပေါ့နော် သူညှင်းဆဲခံရပြီးတော့ သူဟာတခါ တည်း သူ့ဝိညဉ်လိပ်ပြာဟာ လွင့်စင်သွားတယ်ဆိုတာကို၊ ဒါကို အန်ကယ်က ရရှိတဲ့အထောက်အထားတွေအရ ဒါကို တိုင်းပြည်ကို ဒါကို အသိပေးပါ တယ် နော်။ အသိပေးပါတယ်။

ဦးရော်နီညိမ်း။ ။ ၁၉၇၆ ခုနှစ်က နိုင်ငံကိုအုပ်ချုပ်နေတဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဌ ဦးနေ၀င်းနှင့် ကျန်တဲ့ ပါတီခေါင်းဆောင် တွေကို လုပ်ကြံဖို့ ဗိုလ်ကြီးအုန်းကျော်မြင့်ရဲ့ ကြံစည်မှုမှာ ပတ်သက်ဆက်နွယ်ခဲ့မှုနဲ့ တပ်မတော်ကနေ ထုတ်ပယ်ခြင်းခံရသူ တစ်ဦးကတော့ OTS – Officer Training School ဗိုလ်သင်တန်း အပတ်စဉ်(၃၀)က အကောင်းဆုံးဗိုလ်လောင်းဆုရရှိခဲ့သူ ဗိုလ်ကြီးဟောင်း ဦးစိန်သောင်း ပါ။

ဦးစိန်သောင်း။ ။ ကျနော်တို့က ဒီလူကြီးတွေ မရှိမှသာလျှင် တိုင်းပြည်ဟာ ပိုပြီးတော့ကောင်းမွန်လာမယ်လို့ ခံစားကြတယ်။ သူတို့ကို ဖယ်ထုတ် လိုက်မှသာလျှင် တိုင်းပြည်မှာ တကယ်ခေါင်းဆောင်နိုင်မယ့် စစ်မှန်တဲ့ ခေါင်းဆောင်တွေပေါ်လာမယ်။ စစ်မှန်တဲ့ ခေါင်းဆောင်တွေ အုပ်ချုပ်ခြင်း အားဖြင့် တပ်မတော်လည်း ကောင်းလာမယ်၊ တိုင်းပြည်လည်း ကောင်းလာမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ ပြုမူဆောင်ရွက်ခဲ့တာဖြစ်ပါ တယ်။ ကျနော်တို့ တကယ်လို့ “မအောင်မြင်ရင် ဘာဖြစ်မလဲ”၊ “အောင်ရင် ဘာဖြစ်မလဲ”၊ appreciation and plan (စစ်ရေးကြိုတင်သုံးသပ် ချက်နဲ့ စစ်ရေးကြိုတင်စီမံချက်) စတဲ့ ကြိုတင်လုပ်ဆောင်မှုတွေအတိုင်း တွေးတော့တွေးထားပြီးသားပါ ခင်ဗျ။ ဒီကိစ္စကလည်း ဦးရော်နီညိမ်း ပြောသလို၊ ဒါဟာ မအောင်မြင်ရင် treason ပဲ။ treason ဆိုရင် ကျနော်တို့ဘ၀နဲ့ ကျနော်တို့အသက်ကို စွန့်လွှတ်ရမယ်ဆိုတာလည်း၊ ကျနော် တို့ နားလည်ပြီးသားပါ။ ပြဿနာတစ်ခုကို စဉ်းစားကြံဆတဲ့နေရာမှာ၊ hope for the best and prepare for the worst (အကောင်းဆုံးကို မျှော်လင့်ထားပြီးတော့ အဆိုးဆုံးကိုလည်းရင်ဆိုင်ဘို့ ပြင်ဆင်ထားမှု)ကို စဉ်းစားထားပြီး ဖြစ်ပါတယ် ခင်ဗျ။ ကျနော်တို့က ဒါ အောင်မြင်သွားရင် တိုင်းပြည်အတွက် ပိုကောင်းသွားမယ်၊ မအောင်မြင်ရင် ကျနော်တို့အသက်တွေ ဆုံးရှုံးသွားမယ်ဆိုရင်လည်း ဆုံးရှုံးပါစေတော့ ဆိုတဲ့၊ ဆုံးဖြတ် ချက်ကတော့ ကျနော်တို့ရင်ထဲမှာ ရှိပါတယ် ခင်ဗျာ။ ကျနော်တို့ ပြည်သူတွေ ဒုက္ခရောက်နေကြတာကို၊ လက်ပိုက်ကြည့်မနေနိုင်တဲ့ လူသားချင်း စာနာထောက်ထားစိတ်ရှိတဲ့ တပ်မတော်သားကောင်းတွေကတော့ တစ်နေ့မှာ၊ မခံမရပ်နိုင်တော့တဲ့ အဆုံးတစ်နေ့မှာ ပြည်သူတွေအတွက်ကို၊ ကိုယ်ကျိုးစွန့်ပြီး ပြည်သူ့ဘက်က ပါဝင်တိုက်ပွဲဝင်ကြမှာပဲဆိုတာကို၊ ကျနော့်အနေနဲ့ ယုံကြည် ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ရှစ်လေးလုံး လူထုအုံကြွမှု အရေးတော်ပုံကြီးကာလမှာ လူထုကို ပစ်ခတ်နှိမ်နင်းဖို့ တာဝန်ပေးခြင်းခံခဲ့ရတဲ့ ခြေမြန်တပ် မ (၂၂) လက်အောက်ခံ ခြေမြန်တပ်ရင်း (၂၀၈)က ဗိုလ်ကြီး စိုင်းဝင်းကျော်ကလည်း လူထုဘက်ကို ကူးပြောင်းလာတဲ့ သူ့ရဲ့ အတွေ့အကြုံကို ဗီအိုအေကို ပြောပြခဲ့ပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံကြီး ဖြိုခွင်းခံရပြီးတဲ့နောက် ပုန်းရှောင်နေရာကနေ သူဟာ အဖမ်းခံရပြီး ပထမ သေဒဏ် ချမှတ်ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ထောင်ဒဏ်နှစ်ရှည် ပြောင်းလဲ ချမှတ်ခံခဲ့ရပါတယ်။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ ကျနော်တို့ မျက်စေ့ရှေ့မှာပဲလေ၊ ဆန္ဒပြတဲ့လူအုပ်ကြီးတွေက အုပ်လိုက်အုပ်လိုက် သူတို့ မြို့တွင်းကိုချီတက် သွားကြတာ ကျနော်တို့ တွေ့တယ်လေ၊ ဒီ လောက်များပြားတဲ့လူတွေ ထောင်နဲ့သောင်းနဲ့ချီတဲ့လူတွေ ရန်ကုန်လမ်းပေါ်မှာ နေ့တိုင်းနေ့စဉ်လိုလို စီတန်းလှည့်လည်ဆန္ဒပြကြတာကို ဘာဖြစ်လို့များ ကျနော်တို့က သေနတ်တွေ အသင့်ကိုင်ပြီးတော့မှ လူထုနဲ့ ထိပ်တိုက်တွေ့နေသလဲပေါ့။ ကျနော်တို့ သိတာကတော့ ရန်သူဆိုတာ တောထဲမှာတိုက်ရတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေပဲ ကျနော်တို့ တွေ့ဖူးတယ်။ ဒါပေမယ့် ဒီလိုမျိုး ကိုယ့်ပြည်သူတွေနဲ့ ရန်ကုန်မြို့လယ်ခေါင်လိုနေရာမျိုးမှာ ထိပ်တိုက်တွေ့လိမ့်မယ်လို့ ကျနော်လည်း တခါမှ မမျှော်လင့်ခဲ့ဘူး။ တနေရာရာမှာ တော့ အကြီးကျယ်မှားနေပြီဆိုတဲ့သံသယတွေ ကျနော်တို့ ရှိပါတယ်။ သံသယတွေရဲ့နောက်ဆက်တွဲမှာ စဉ်းစားမိတာကတော့ “မဖြစ်တော့ဘူး” လို့ ကျနော် ဒီဘ၀မှာတော့ မပျော်ပိုက်တော့ဘူး ဆိုပြီးတော့မှ ဆုံးဖြတ်ပြီးတော့မှ ကျနော် လူထုဘက်ကို ကူးပြောင်းခဲ့တာဖြစ်ပါတယ်။ အဲဒီမှာ ကျနော် ထောင်ထဲမှာ ကျနော့်ရဲ့အတွေ့အကြုံတွေကတော့ တန်ဖိုးမဖြတ်နိုင်ပါဘူး ခင်ဗျ။ မြန်မာပြည်နိုင်ငံရေးကို ထောင်ထဲရောက်မှ ကျနော် လည်း နားလည်တာပါ။ အစက ကျနော် နားမလည်ပါဘူး။ ကျနော် စာဖတ်ခဲ့တဲ့အတွေ့အကြုံ၊ ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံ ဒါတွေလောက်ပဲ ရှိပါ တယ်။ ဒါပေမယ့် ကျနော်တို့ ဘ၀တက္ကသိုလ် ထောင်ထဲမှာ ထောင်ကျနေတဲ့ နိုင်ငံရေးအကျဉ်းသားရဲဘော်တွေနဲ့ ကျနော် တွေ့ဆုံပြီး သူ့အမြင် ကိုယ့်အမြင် ဆွေးနွေးဖလှယ်ကြပြီး တဖြည်းဖြည်း တည်ဆောက်ခဲ့ရတာတွေ ရှိပါတယ်။ အဲဒီအချိန်မှာပဲ ကျနော့်ယုံကြည်ချက်က ပိုပြီးတော့ ခိုင် မာလာပါတယ်။

ဦးရော်နီညိမ်း။ ။ ၁၉၉၈ ခုနှစ်က မြန်မာနိုင်ငံ တောင်ဘက်အစွန်ဆုံး ခရစ်စတီးကျွန်းပေါ်မှာ ကြည်း၊ရေ၊လေ ပူးပေါင်းစစ်ဆင်ရေးတစ်ခု ပြုလုပ်ခဲ့ရာမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အမိန့်နဲ့ လူသတ်ပွဲ ဆင်နွှဲခဲ့ရပုံကို အဲဒီစစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့ ထောက်လှမ်းရေး အရာရှိဟောင်း နဲ့ သံတမန်ဟောင်း ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က ပြောပြခဲ့ပါတယ်။

ဦးအောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်မြင့်ဆွေ(ကြည်း)က ပြောလိုက်တယ်၊ ဒါဟာ အဘအေး (ဒုဗိုလ်ချုပ်မှူးကြီးမောင်အေး) အမိန့် မဟုတ်ဘူး၊ အဘကြီး (ဗိုလ်ချုပ်မှူးကြီးသန်းရွှေ) အမိန့်ဆိုပြီး ပြောတယ်” ဆိုပြီး ပြန်ပြီးတော့မှ ပြောပြပါတယ်။ အဘကြီး ဆိုတာကတော့ ဗိုလ်ချုပ်မှူးကြီးသန်း ရွှေကို အဘကြီးလို့ ကျနော်တို့ ခေါ်ကြပါတယ်၊ စစ်တပ်မှာတော့။ အဓိကက အဲ့ဒီနယ်မြေရဲ့ တာဝန်ခံက ဗိုလ်ချုပ်သူရမြင့်အောင်က စကခ(၁၃)(စကခ=စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အမည်နှင့် ခြေမြန်တပ်မများ) ရဲ့ တပ်မမှူးပါ။ ဗိုလ်မှူးကြီးဇော်မင်းက သူ့လက်အောက်ကမှ ဗျူဟာမှူးပါ။ ဆက်ပြီးတော့ ရှင်းရှင်းပြောရရင်တော့၊ အမိန့် ပေးလိုက်တယ်။ အမိန့်ပေးတဲ့ အတိုင်းပဲ အဲ့ဒီ့နေ့မှာပဲ အဲ့ဒီ့ အရပ်သူအရပ်သားတွေကို သောင်ပြင် မှာပဲ အကုန်လုံးက သေနတ်နဲ့ပစ်သတ်ပြီးတော့မှ သောင်ပြင်မှာမြှုပ်လိုက်တယ်လို့ ကျနော်တို့ သိရပါတယ်။ အခုသွားပြီး အဲ့ဒီ့အရိုးတွေကို တူး ကြည့်ရင် မြင်ရပါဦးမယ်။ ဒီဥစ္စာက အသေးလေး ဗျ။ ၁၉၉ရခုနှစ် လောက်ထဲက၊ စစ်ဆင်ရေး လေးလပတ် (စစ်ရုံးချုပ် အစည်းအဝေး) တစ်ခုမှာ “အစိပ်သားတောင် မချန်နဲ့၊ မင်းတို့ အကုန်လုံးကို ရှင်းပစ်” ဆိုပြီးတော့မှ အမိန့်က တရားဝင်ပေးတာ။ “အစိပ်သားတောင် မချန်နဲ့” ဆိုတဲ့ဥစ္စာက ကိုယ်ဝန်ပေါ့ဗျာ။ ကိုယ်ဝန်ကို တပ်ထဲမှာ “အစိပ်သား” လို့ ကျနော်တို့ ခေါ်တာကိုး။ ဗိုက်ထဲမှာရှိတဲ့ ကလေးတောင် မချန်နဲ့၊ အကုန်လုံး သတ်ပစ် ဆိုပြီးတော့ တရားဝင်အမိန့် ပါ။ တရားဝင်အမိန့်ဆိုတာ စစ်ဆင်ရေးအစည်းအဝေးတစ်ခုမှာ နှုတ်မိန့်ပေါ့ ဗျာ။ စာနဲ့တော့ ဘယ်သူမှ မထုတ်ပါဘူး။ အဓိကကတော့ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း။ အညိုရောင်လို့ သတ်မှတ်ထားတဲ့နယ်မြေမှာ။

ဦးရော်နီညိမ်း။ ။ ဗိုလ်ချုပ်မှူးကြီးစောမောင်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဗိုလ်ချုပ်ကြီးခင်ညွှန့်တို့ ပူးပေါင်းကြံစည်ပြီး ရာထူးက ဖြုတ်ချခဲ့ပုံ ကိုလည်း ဗိုလ်မှူး အောင်လင်းထွဋ်က အခုလို ပြောပြပါတယ်။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ အရင် အင်္ဂလန်သံအမတ်ကြီးလုပ်သွားတဲ့ ဗိုလ်မှူးချုပ်ကျော်ဝင်း (၂၀၁၀ တွင် ကွယ်လွန်သူ) အဲဒီအချိန်တုန်း က ဆေးဝန်ထမ်းညွှန်ကြားရေးမှူး ပါ။ သူက ရန်ကုန်မှာရှိတဲ့ ဗိုလ်ချုပ်တွေကို ဗိုလ်ချုပ်ကြီးစောမောင်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး briefing လုပ်ပေးရတယ်လို့ သိရပါတယ်။ တကယ့်အစည်းဝေးကြီးမှာ မဟုတ်ဘူး။ ကြိတ်ဝိုင်းပေါ့ ဗျာ။ ဗိုလ်ချုပ်ကြီးခင်ညွန့်က ဗိုလ်ချုပ်ကြီးသန်းရွှေကို တင်ပြပြီးတော့မှ စီစဉ်တယ်လို့ ကျနော်တို့ သိရပါတယ်။ ဗိုလ်ချုပ်ခင်ညွန့် အနေနဲ့ကတော့ မျှော်လင့်တာပေါ့၊ ဘာပဲဖြစ်ဖြစ် ဗိုလ်ချုပ်ကြီးသန်းရွှေ နံပါတ် (၁) ဖြစ်ရင်၊ သူ နံပါတ် (၂) ဖြစ်မယ်လို့ မျှော်လင့်တယ်၊ အဲဒီအချိန်တုန်းက ဗိုလ်ချုပ်ခင်ညွန့် အပိုင်းက ဘယ်လောက်ထိ လုပ်ပေးရသလဲ ဆိုတော့၊ နောက်ဆုံး ဗိုလ်ချုပ်ကြီးစောမောင်ကို မဖြုတ်ခင်မှာ ထောက်လှမ်းရေးအရာရှိတွေ တပ်မတော်(လေ) လေယဉ်လေးတွေ P.C လေး တွေနဲ့ တိုင်းတစ်တိုင်းကို တစ်ယောက် စာအိပ်တစ်အိပ်နဲ့ သွားရတယ်ဗျ။ သွားပြီးပေးတဲ့ အဲဒီစာအိပ်လေးကို တိုင်းမှူးက ယူလာတဲ့ ထောက် လှမ်းရေးအရာရှိ ရှေ့မှာ ဖွင့်တယ်၊ ဖတ်တယ်၊ ဖတ်ပြီးတော့မှ တိုင်းမှူးရဲ့ သဘော ထားပေါ့၊ သဘောတူလား မတူလား၊ အဲဒါကို မေးခိုင်းတယ် ခင်ဗျ။ ဒီလို လုပ်တယ်ဆိုတာလည်း officially လုပ်တဲ့သဘောပါပဲ။ hint (သတင်းအရိပ်အမြွက်)က ပေးပြီးသား ဖြစ်ပါလိမ့်မယ်။

ဦးရော်နီညိမ်း။ ။ တခါ ဗိုလ်ချုပ်အောင်ဆန်းအပေါ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သဘောထားကိုလည်း ဗိုလ်မှူးအောင်လင်းထွဋ်က အခုလို ပြောပြခဲ့ပါတယ်။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ဗိုလ်ချုပ်အောင်ဆန်းကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အမြင်ပေါ့လေ၊ ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်လိုမြင်သလဲ ဆိုတော့ "ဒီငတိသာ"၊ ဒီငတိဆိုတာ ဗိုလ်ချုပ်အောင်ဆန်းကို ဆိုလိုတာပါ။ ငတိဆိုတဲ့ စကားသုံးတာပါ။ "ဒီငတိသာ ဆက်ရှိနေလို့ရှိရင် အခုငါ လုပ်နေ လောက် သူလုပ်နိုင်မှာ မဟုတ်ပါဘူး" ဆိုတဲ့လေသံမျိုး ပြောခဲ့ဖူးတာကို ဒါကတော့ ကျနော် တဆင့်ပေါ့လေ၊ ၀န်ကြီးတစ်ယောက်ဆီက တဆင့် ကျနော် ပြန်ပြီးတော့မှ ကြားခဲ့ဖူးပါတယ်ခင်ဗျ။

ဦးရော်နီညိမ်း။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ထောက်တစ်ဦးဖြစ်သူ နှစ်ရှည်နိုင်ငံရေး အကျဉ်းသား ဟောင်း ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်ဟာ ၂၀၁၀ ရွေးကောက်ပွဲကို မ၀င်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်ကို သူ ကျေနပ်အားရမိ ကြောင်း ဗွီအိုအေကို ပြောကြားခဲ့ပါတယ်။

ဦးဝင်းထိန်။ ။ အဲ.. ကျနော်ကတော့ ထောင်ထဲမှာဆိုတော့ ဒေါ်အောင်ဆန်းစုကြည်တို့ ဆုံးဖြတ်တာ မတ်လ (၂၉) ရက်နေ့ ဆုံးဖြတ်တဲ့ ကိစ္စတွေ ချက်ချင်း မသိဘူးလေ။ ထောင်ထဲမှာ ဂျာနယ်တွေ ဖတ်တဲ့အခါကျတော့၊ ဂျာနယ်မျိုးစုံပေါ့ဗျာ၊ Weekly Eleven တို့ Myanmar Time တို့ The Voice တို့ ဖတ်တဲ့အခါမှာ၊ အောင်မယ်…Voice မဂ္ဂဇင်းက နေ၀င်းမောင်တို့ အောင်ထွဋ်တို့က ဟာ..သူတို့က အလံရှူးတွေပဲ။ ဒီအစိုးရကို တောင်မှ တပ်မတော်အစိုးရလို့ ခေါ်သင့်တယ်တို့၊ ပြီးတော့ သူတို့ဟာသူတို့ factism Buddhist ပါတို့ပြောပြီး တော့မှာ အဂတိ တရားတွေနဲ့ရေးနေတာ တွေ ကြည့်ရတော့ ဟာ..ဒီကောင်တွေတော့ မဟုတ်တော့ဘူးပေါ့။ အဲဒီတော့ ကျနော်က ပါတီမှတ်ပုံတင် ကိစ္စလုပ်ရ မယ်လို့ ကြေငြာလိုက်တဲ့အခါကျတော့ စိတ်ထဲမှာ ဘ၀င်မကျဘူး။ မတင်မကျ ဖြစ်နေတာ၊ အဲဒီတော့ အဲဒီ မတ်လမှာပဲ ကျနော့်အမျိုးသမီး ထောင်ဝင်စာလာတဲ့အခါမှာ ကျနော်က မေးလိုက်တယ်။ မှတ်ပုံတင်ကိစ္စနဲ့ ပတ်သက်လို့၊ ဗဟိုက မဆုံးဖြတ်ရသေးဘူး၊ အဲဒီအချိန်တုန်းက၊ မတ်လ(၂၉) ရက်နေ့ မရောက်သေးဘူး။ ကသာခရိုင်မှာ မြို့နယ် (၇) ခုရှိတယ်ခင်ဗျ။ ထီးချိုင့်၊ အင်းတော်၊ ၀န်းသို၊ ကောလင်း၊ ရွှေဂူ၊ ကသာ အစ ရှိသသည်ဖြင့် ပေါ့လေ။ အမျိုးသမီးကပြောတယ်။ ကသာ ခရိုင်မှာ အဲဒီ ကိစ္စနဲ့ ပတ်သက်လို့ အစည်းဝေးလုပ်ပြီးပြီ။ (၇) မြို့နယ်လုံးက မှတ်ပုံမတင်ဘူးလို့ ဆုံးဖြတ်ပြီးတော့ ဗဟိုကို အကြောင်းကြားလိုက်ပြီဆိုတော့ ကျနော့်စိတ်ထဲက "ဟုတ်လိုက်လေ"လို့ ..အဲဒီလို အာမေဋိတ် လိုက်မိတယ်။ သူတို့ လုပ်တဲ့ ကိစ္စဟာ ကျနော် စိတ်ထဲမှာ ရှိတာနဲ့ တစ်ထပ်တည်း ဖြစ်သွားတယ်။ ဖြစ်သွားပြီးတော့ ဗဟိုကလည်း အဲဒီလိုပဲ ဆုံးဖြတ်တယ်ဆိုတော့ ဟာ..ဒီလိုပဲ ဖြစ်ရမှာပေါ့၊ မတိုင်ပင်ဘဲနဲ့ လူတွေ အားလုံးဟာ စိတ်ရဲ့ခံစားမှုနဲ့ စိတ်ရဲ့ ဆုံးဖြတ်ချက်နဲ့ သဘောတူညီကြ ပါလား ဆိုပြီး ကျေလည်း ကျေနပ်တယ်။ ၀မ်းလည်းသာတယ်။

ဦးရော်နီညိမ်း။ ။ ၂၀၁၀ မှာ တင်ဆက်ခဲ့တဲ့ "တပ်မှူးတပ်သား ပြောစကား" အပတ်စဉ်ကဏ္ဍတွေမှာ ပါဝင်ခဲ့သူ တပ်မှူးတပ်သားတွေရဲ့ မှတ်သားလောက်တဲ့ ပြောစကားတွေရဲ့ အနှစ်ချုပ်ကို ဒုတိယပိုင်း၊ နောက်ဆုံးပိုင်းအနေနဲ့ တင်ဆက်ပေးခဲ့တာပါ။ နောက်သတင်းပတ်မှာတော့ အားလုံးစောင့်မျှော်နေတဲ့ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းရဲ့ ပြောစကား နောက်ဆုံးအပိုင်းကို မပျက်မကွက် တင်ဆက်ပေးမှာဖြစ်ပါတယ်။ စောင့် မျှော်နားဆင်ကြပါ။ ကျနော် ရော်နီညိမ်းပါ။

XS
SM
MD
LG