သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်အစိုးရ၏ နျူးကလီးယားစီမံကိန်း နှင့် ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း - အပိုင်း (၄)


တပ်မှူးတပ်သား ပြောစကား (၀၄၃)

မြန်မာစစ်အစိုးရမှာ ‘အနုမြူလက်နက်တွေထုတ်လုပ်မယ့် နျူးကလီးယားစီမံကိန်း’ ရှိနေတယ်ဆိုတဲ့ အ ထောက်အထား တချို့ကိုယူဆောင်ပြီး၊ ပြည်ပကိုထွက် ခွါလာခဲ့သူကတော့ ရုရှနိုင်ငံမှာ ဒုံးကျည်ဆိုင်ရာ စက်မှု ဘာသာရပ်နဲ့ မဟာသိပ္ပံဘွဲ့ရယူခဲ့သူ စစ်အင်ဂျင်နီယာအရာရှိ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းပါ။ မြန်မာ့ တပ်မ တော်မှာ တာဝန်ထမ်းဆောင်စဉ်က အတွေ့အကြုံတွေကို ပြောပြခဲ့တဲ့၊ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းရဲ့ ပြောစ ကား နောက်ဆုံးပိုင်းကို၊ ဒီသီတင်းပတ်ရဲ့ “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ ဦးရော်နီညိမ်းက စီစဉ်တင်ဆက် ထားပါတယ်။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ လက်နက်ငယ်တွေမှာ ဆိုရင်လည်း ပြဿနာတွေက engineering အနေနဲ့ ပြောမယ် ဆိုရင်တော့ interchangeability (အစိတ်အပိုင်း အချင်းချင်း ဖလှယ်တပ်ဆင်နိုင်မှု) မရှိတာပေါ့။ (အမှတ်စဉ် နံပါတ် တခုနှင့်ထုတ်လုပ်ထားသော သေနတ်တလက်၏မောင်းတုံးကို အမှတ်စဉ်နံပါတ် မတူညီ သော အမျိုးအစားတူသေနတ် တလက်ထဲသို့ ပြောင်းရွှေ့ထည့်သွင်း မရနိုင်သည့်စနစ်နှင့် မြန်မာ့တပ်မတော် တွင် သေနတ်များ ထုတ်လုပ်နေခြင်းကို ဆိုလိုသည်) ဒီသေနတ်လေး တလက်မှာ အစိတ်အပိုင်းပေါင်း (၁၆၃) ခု ရှိတယ်ဆိုရင်၊ ဒါ စက်ရုံက ထွက်လာတာတွေကို ကျနော်တို့ ကောက်တပ်လိုက်မယ် ဆိုရင်၊ အားလုံးဟာ သူ့နေရာနဲ့သူ အံဝင်ခွင်ကျ ဖြစ်သွားရမယ်။ အခုဖြစ်နေတာက အဲဒီ အစိတ်အပိုင်းပေါင်း(၁၆၃)ခုဟာ တခုနဲ့တ ခု အံဝင်ခွင်ကျ မဖြစ်ဘဲနဲ့ တချို့နေရာတွေ တံစဉ်း(file) နဲ့ တိုက်ရတာတွေရှိတယ်။ တချို့နေရာတွေကျတော့ တူနဲ့ရိုက်နှက်ပြီးတော့ ထည့်ရတာတွေရှိတယ်။ ဆိုတော့ ကျနော်တို့ ထုတ်လုပ်တဲ့လုပ်ငန်းစဉ်မှာ နှေးကွေး ကြန့်ကြာတာတွေ ရှိတယ်။ ပိုက်ဆံ ပိုပြီးကုန်ကျတာတွေ ရှိတယ်။ ပြီးတော့ အဲဒီ သေနတ်တွေက ထုထောင်း ရိုက်နှက်ပြီးတော့ ဒါကို သေနတ်တလက်အဖြစ် ပုံစံသွင်းလိုက်ရတဲ့ အခါမျိုးကျတော့ ဒီ လက်ဖြစ်သေနတ် တူးမီးလောက်တောင်မှ အဆင့်မရှိဘူး ဆိုတဲ့သဘောမျိုးတွေလည်း ရှိပါတယ်။ သေချာပါတယ် ဗျာ။ နိုင်ငံခြား သေနတ်ကိုင်ထားတဲ့ သူပုန်နဲ့ ကျနော်တို့ မြန်မာ့တပ်မတော်က အမ်အေ (Myanmar Army အမည်နှင့် သေ နတ်များ) ကိုင်ထားတဲ့စစ်ဗိုလ် ယှဉ်ပစ်မယ်ဆိုရင် ကိုယ့်စစ်ဗိုလ်က သေဖို့ သေချာနေပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ဒီလောက်တောင်ဖြစ်နေတာ ကိုယ်အသုံးပြုနေတဲ့ လက်နက်ငယ်၊ လက် နက်ကြီး၊ ဗုံးသီး၊ အမြောက်ကျည်ဆံ အဲဒါတွေကအစ ဒီလိုတွေ ဖြစ်နေပြီးတော့ တပ်တွေမှာလည်း တပ်ပြေး ဆိုတာ လတိုင်းမှာ တလကို အပေါ်ကိုစာရင်းတင်ရင် များလွန်းအားကြီးလို့ ဘယ်လောက်ပဲ ရှိနေရှိနေ စာရင်း လျှော့ပြနေရတယ်။ ပြေးကြတဲ့အထဲမှာ အကြောင်းအမျိုးမျိုးနဲ့ပေါ့နော်၊ အခု အရာရှိတွေဆိုတာ အများကြီးပါ လာပြီ။ အဲဒီတော့ ဒီလောက် ဖြစ်ပျက်နေတဲ့ကြားထဲကပဲ တပ်မတော်ကြီးဟာ အင်မတန်ကို အင်အားခိုင်မာ တောင့်တင်းပြီးတော့ တိုင်းပြည်အတွက် ကာကွယ်ရေးစွမ်းရည်အပြည့်နဲ့ရှိနေပါတယ်ဆိုပြီးတော့၊ စစ်ကျောင်း ကြီးတွေရဲ့ ဗိုလ်သင်တန်းဆင်းပွဲတွေ၊ တပ်မတော်အခမ်းအနား၊ ဟိုအခမ်းအနား ဒီအခမ်းအနားတွေမှာ တပ်မ တော်ခေါင်းဆောင်တွေက ပြောဆိုပေးနေတာတွေ အပေါ်မှာ တပ်မတော်သားတွေအနေနဲ့ ယုံကြည်မှု ရှိနိုင်ပါ့ မလား ခင်ဗျ။ အခု ဗိုလ်မှူးတို့လို ကိုယ်တိုင် ကြုံတွေ့နေရတဲ့လူ၊ ကိုယ်ထုတ်လုပ်လိုက်တဲ့ စစ်လက်နက်ပစ္စည်း ဟာ ရှေ့တန်းမှာတိုက်ခိုက်နေရတဲ့ တပ်မတော်သားတွေ အတွက် ဒုက္ခပဲရောက်ဖို့ ရှိနေတယ်ဆိုတာ ကိုယ့်ဘာ သာလည်းသိနေတယ်။ သိသိကြီးနဲ့ပဲ အကုန်လုံးလုပ်နေကြတယ်။ ဆိုတော့ အဲဒီလိုအနေအထားမျိုးနဲ့ ဘက်စုံ ကဏ္ဍစုံ၊ တတိုင်းပြည်လုံးမှာ ဘယ်ကဏ္ဍမှ ဖွံ့ဖြိုးမှုကဏ္ဍ မကျန်အောင် လုပ်ဆောင်နေပါတယ်လို့ ဟိုတနေ့က ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြောသွားတယ်။ ကိုယ့်တပ်မတော်၊ ကိုယ့်ကဏ္ဍ၊ ကိုယ့်ကာကွယ်ရေးကဏ္ဍမှာ တောင် အဲဒီလောက်တွေ ဖြစ်ပျက်နေတာ သူတို့ အထိတော့ ထားပါတော့၊ အဆင့်ဆင့်ကကော သိကြရဲ့လား ခင်ဗျ။ သိလျှက်သားနဲ့ ဒီအတိုင်းပဲ နေနေကြတာလား။ ဒါကြီးကို ရှင်းလို့မရလို့ "ဒီအတိုင်းပဲ ထားလိုက်ကြ၊ ငါ့ လက်ထဲမှာ မဖြစ်ရင်ပြီးတာပဲ" ဆိုတဲ့ အနေအထားနဲ့ သွားနေတာလား ခင်ဗျ၊ ဗိုလ်မှူးရဲ့ အတွေ့အကြုံအရ ဘယ်လိုရှိပါသလဲ၊ ဘယ်လိုမြင်ပါသလဲ ခင်ဗျ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ကျနော်ကတော့ ဒီတပ်မတော်ကို အုပ်ချုပ်နေတဲ့လူတွေ တပ်မတော်တင်မက နိုင်ငံတော်ပါ အုပ်ချုပ်နေတဲ့လူတွေက စေတနာမမှန်ဘူးလို့ပဲ မြင်ပါတယ်။ စစ်လက်နက်ပစ္စည်းတွေကို ထုတ် လုပ်ရာမှာတင်မက လမ်းတံတားတွေဖောက်တဲ့နေရာမှာ ဆိုရင်လည်း သူက ဖောက်တယ်သာ ပြောတယ်လေ၊ တံတားတစင်းက ဘယ်လောက်ကြာကြာခံမလဲဆိုတာ သူတို့မှ ထည့်မပြောတာ။ ပြီးတော့ ဒီ တံတားတစင်း ဖောက်လိုက်လို့ သူတို့အိတ်ထဲကို လာဘ်လာဘတွေဘယ်လောက်ဝင်သွားမလဲဆိုတာ လူတိုင်းက အကုန်သိ နေတာပဲ။ သူတို့လုပ်နေတဲ့ ကိစ္စတွေကိုတော့ အောက်ခြေတပ်မတော်သားတွေက အယုံအကြည်မရှိပါဘူး။ အကုန်လုံးက ကြောက်လို့သာ ငြိမ်နေကြတာပါ။ သူတို့ရဲ့ လုပ်ပုံကိုင်ပုံတွေကို အယုံအကြည်မရှိတာ အထူးသ ဖြင့် ကျနော်တို့ စစ်တပ်ထဲမှာ နေကြတဲ့လူတွေက ကျနော်တို့ စစ်သားစကားပေါ့ဗျာ၊ ခပ်ရိုင်းရိုင်းပဲ ပြောကြပါ တယ်။ “လုပ်တော့ လက်တန်း၊ တိုင်းတော့ မျက်မှန်း ၊ ပြောတော့ ေ_ာက်သရမ်း” ဆိုတာ ဒီ "လူကြီး"တွေ (လက်ရှိ မြန်မာ့တပ်မတော် စစ်ခေါင်းဆောင်တွေ) လုပ်နေတဲ့ ဥစ္စာကို ကျနော်တို့ စစ်သားတွေ ပြောနေကျ စကားပါပဲ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ခင်ဗျ၊ အခု မကြာသေးခင်က ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေ ကြည့်မယ်ဆိုရင်၊ ဝေါ လေတိုက်ပွဲ။ ဝေါလေတိုက်ပွဲကို အခု အမေရိကန်တပ်မတော်က ပြန်သုံးသပ်ထားတာ၊ သူတို့ကတော့ အပေါ် ကနေပြီးတော့ လေကြောင်း aerial photo (ကောင်းကင်ဓါတ်ပုံ) တွေ ဘာတွေနဲ့ ကြည့်ပြီး၊ သူတို့ပြောတာက သူတို့ ထင်တောင် မထင်ဘူး။ ဒီ ဝေါလေကို မြန်မာစစ်တပ်ကနေပြီးတော့ ခံစစ်စည်းချတာ တကယ့် အခြေခံ လုပ်ရမယ့်ဟာတောင်မှ အခြေခံအတိုင်း မသွားဘူး။ chopper (ရဟတ်ယာဉ်) ထားရမယ့်နေရာနဲ့ command center (အမိန့်ပေးနေရာ) နဲ့ နေရာလွဲ တာတို့ ဘာတို့၊ အဲဒါကြောင့်မို့ အခု ဒီ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ တက်သိမ်းတဲ့အခါမှာ အလွယ်တကူနဲ့ သူ တို့ ကျသွားတယ်။ တပ်စခန်းတခုကို ဘယ်လိုကာကွယ်ရ မလဲဆိုတဲ့ ဟာမျိုးတောင်မှ နော်၊ သူတို့ မလုပ်နိုင်တော့ဘူး ဆိုတော့ အခု အဖက်ဖက်ကနေ ဒီလိုမျိုး ချွတ်ချုံ ကျနေတာ လက်နက်ခဲယမ်းပိုင်းကော၊ စိတ်ဓါတ်ရေးရာအရကော၊ အရာရှိတွေကော စစ်သည်တွေကော တပ် ပြေးတွေ ဒီလောက်များတာကော၊ တိုက်ပွဲတစ်ပွဲကို နိုင်အောင် မတိုက်နိုင်တော့ဘူး။ ဆိုတော့ အဲဒါမျိုးတွေ ဖြစ်လာတဲ့ဟာ တကယ်တမ်း ပြည်ပရန်နဲ့ ကြုံရင် ဒီတပ်မတော်က ဒီတိုင်းပြည်ကို ကာကွယ်နိုင်ပါဦးမလား။ ဗိုလ်မှူးရဲ့ အတွေ့အကြုံအရ ဘယ်လိုမြင်လဲ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ အစောက ပြောတဲ့ ဝေါလေတိုက်ပွဲမှာ chopper တွေကို ဒီဗျူဟာကုန်းရဲ့ နောက်မှာ ထားတယ်ဆိုတာက ဗျူဟာမှူးအနေနဲ့ ပူပန်မှုတွေ ရှိပါတယ်။ နိုင်ငံတကာကနေပြီးတော့ သုံးသပ် မယ်ဆိုရင်၊ မြန်မာ့တပ်မတော်ကအရာရှိတွေကို အင်မတန် ထူးဆန်းတယ်လို့ပဲ သုံးသပ်ကြမှာပဲ၊ ဘာလို့လဲဆို တော့ မြန်မာ့တပ်မတော်က အရာရှိတွေက စက်ယန္တယားတွေကို လူထက်ပိုပြီးတန်ဘိုးထားကြပါတယ်။ ဒီ chopper တွေကို ဗျူဟာကုန်းရဲ့ အနောက်မှာ ထားရတယ်ဆိုတာကလည်း မတော်တဆ ပျက်စီးသွားမှာစိုးလို့ ရဲဘော်တွေကို အရှေ့မှာခံပြီး chopper တွေကို အနောက်မှာ ထားရတာ ဖြစ်ပါတယ်။ ဒီ ရဟတ်ယဉ် တစီး ပျက်ကျသွားမယ်ဆိုရင် အဲဒီဗျူဟာမှူးက စုံ/ခုံ (စုံစမ်းစစ်ဆေးရေးခုံရုံး) တက်ရမှာ ဖြစ်ပါတယ်။ အဲဒီ ပြဿနာ လေးတွေရှိပါတယ်။ ကျနော်တို့ တပ်မတော်မှာ။

ဦးရော်နီညိမ်း။ ။ ဒါဆိုလို့ရှိရင် ဒါ သေနင်္ဂဗျူဟာအခြေခံအရ တောင်ကုန်းတကုန်းကို ခံစစ်စည်း သုံး စည်းလုပ်တဲ့နေရာမှာ၊ အလယ်ဒုတိယစည်းမှာ ဒီ chopper တွေက ထားရမယ်၊ command က နောက်ဆုံး စည်းမှာ ထားရမယ်ဆိုတာ လူတိုင်း သိပြီးသားပဲ၊ တပ်မှာပေါ့နော်။ ဒါပေမယ့် သူတို့က chopper တွေကို နောက်ပို့ရတဲ့ အကြောင်းအရင်း က chopper တွေများ တခုခု ထိခိုက်ပျက်စီးခဲ့မယ်ဆိုရင် စစ်ခုံရုံး တက်ရမှာ စိုးလို့ ဆိုတဲ့အပေါ်မှာ ဖြစ်ရတယ်လို့ ဗိုလ်မှူးက အခုပြောပြတယ်။ အဲဒီတော့ ဒီလိုမျိုးလွဲချော်နေတဲ့ဟာက ခုန က ဗိုလ်မှူးပြောသလို ပစ္စည်းက လူထက်ပိုပြီး တန်ဘိုးရှိနေလို့ ဒါကို ကာကွယ်ရတာ ဖြစ်တယ်ဆိုတော့ စစ် သဘောတရားအရ အမှားကြီးကို သူတို့လုပ်တဲ့ဟာက အခုဒီမှာ အပေါ်က aerial photoနဲ့ ကြည့်တဲ့လူတောင် မှ သိနေတဲ့ကိစ္စ။ ဆိုတော့ အဲဒါတွေက အထက်ကို ပြန်တင်ပြလို့မရဘူးလား၊ ဒီတိုက်ပွဲဟာ ကိုယ်က မကျဖို့ အရေးကြီးတာပေါ့။ အခုတော့ ဒီ chopper တွေကတော့ လွတ်ထွက်သွားပါရဲ့၊ ခုနကပြောသလို နောက်ဆုံးမှာ ထားလို့၊ ဒါပေမယ့် ဒီတောင်ကုန်းကတော့ ကျသွားတယ်။ ဆိုတဲ့ဟာက၊ နောက်အများကြီးလည်း ကိုယ့်ဘက် က သေတာပေါ့။ ဒါမျိုးကို ပြန်ပြီးတော့ တင်ပြလို့ မရဘူးလား။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ မရနိုင်ပါဘူး ခင်ဗျာ၊ ဒါကတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အဲဒီ ရှေ့တန်း အ ပို့ခံရတဲ့ ဗျူဟာမှူးဆိုတာလည်း အမြင်ကပ်လို့အပို့ခံရတဲ့ ဗျူဟာမှူးတွေပဲ ဖြစ်ပါတယ်။ သူတို့မှာ "ရှေ့တိုးလည်း ထမ်းပိုး နောက်ဆုတ်လည်း လှည်းတုတ်" ဆိုတဲ့ အဖြစ်မျိုးပါ။ သူတို့ ဖြစ်နေတဲ့ ပြဿနာကလည်း များသော အားဖြင့် အလုပ်သင်က ဖြစ်တဲ့ (အလုပ်သင်ဗိုလ်သင်တန်းကျောင်းဆင်း) ဗျူဟာမှူးတွေကိုပဲ အဲဒီလိုမျိုး အနှိမ် ခံဗျူဟာမှူးတွေကိုပဲ ရှေ့တန်းကို ပို့တာရှိတယ်။ DSA ဆင်းဆိုရင်လည်း တော်တော်ကြီးကို သူတို့ မျက်မုန်း ကျိုးတဲ့လူတွေကိုပဲ ပို့တာရှိတယ်။ အဲဒီတော့ ခုနဗျူဟာမှူးက လက်တွေ့အကျဆုံး အလုပ်ကို သူ လုပ်သွားတာ ပါပဲ။ လူတွေ အသေခံပြီးတော့ ရဟတ်ယာဉ်တွေကို ကာကွယ်သွားရတဲ့ အနေအထားမျိုးဖြစ်ပါတယ်။ ပြီး တော့ အဲဒီဗျူဟာမှူးက ပြီးရင် စစ်ခုံရုံးတက်ရမှာပါပဲ၊ ဘယ်လိုပဲ ဖြစ်ဖြစ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ DSTA ပေါ့နော်၊ "တပ်မတော်နည်းပညာတက္ကသိုလ်"ဆိုတာက ပြော ယ် ဆို စစ်အင်ဂျင်နီယာတက္ကသိုလ်ပေါ့၊ စစ်အင်ဂျင်နီယာဆိုတာ ဟိုခေတ်က B.Sc Engineering နောက် RIT ဆင်း၊ အဲဒါကို OTS တက်ပြီးတော့မှ ရွေးပြီးခေါ်တယ်။ အခု အဲဒါကို မဟုတ်ဘူး၊ (၁၆)နှစ်(၁၇)နှစ်သား က တည်းက လူငယ်ဘဝကတည်းက စစ်ထဲဝင်လာတဲ့ ကိုယ်ယုံကြည်စိတ်ချရတဲ့ လူမျိုးကိုမှ DSA ပုံစံမျိုးနဲ့ ရွေး ထုတ်ပြီးမှ မွေးမြူမယ်ဆိုတဲ့ ဟာမျိုးနဲ့ သူတို့ လုပ်လာတာ။ DSTA ကော DSMA လည်းရှိသေးတယ်၊ "တပ်မ တော်ဆေးတက္ကသိုလ်"။ ဆိုတော့ အဲဒီလိုမျိုး သူတို့ ယုံကြည်ပါတယ် ဆိုပြီးတော့ ငယ်ငယ်လေးကတည်းက မွေးပြီးတော့မှ ထောင်လာတဲ့ တက္ကသိုလ်ကထွက်တဲ့ ဗိုလ်မှူးဆိုရင် ဒါ DSTA အပတ်စဉ် (၁)က ထွက်တာ၊ အဲဒီတော့ အဲလိုဗိုလ်မှူးတောင်မှ ဒီလိုမျိုး သူတို့ လုပ်နေတဲ့အပေါ်မှာ ကိုယ် သဘောမတွေ့တဲ့ ကိစ္စဖြစ်လာ တော့ အဲဒီ DSTA ကို တက်ဖြစ်တဲ့အကြောင်းနဲ့ နောက် ရုရှ သွားပြီးတော့ ပညာသင်ရ တဲ့အကြောင်းကို ချုံငုံပြီး ပြောပေးပါခင်ဗျ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ DSTA ကို join တာကတော့ စစ်ထဲဝင်လိုက်တယ် ဆိုတာထက် ကိုယ်က တက္ကသိုလ်တခုကို တက်လိုက်တဲ့ သဘောပဲ ရှိပါတယ်။ ဒါပေမယ့် စစ်သားစိတ်ပေါက်သွားတယ် ဆိုတာက တော့ ကျနော်တို့ စစ်သင်တန်းတက်ပြီးတဲ့ အချိန်မှာ သူငယ်ချင်းတွေနဲ့ အတူတူသွားတယ်။ အတူတူစား တယ်။ အဲဒီလို နေလာတဲ့အခါကျမှသာ ကျနော်တို့က စစ်သားစိတ်ဆိုတာ ဖြစ်လာပါတယ်။ စစ်သားစိတ်ဖြစ် လာတဲ့အခါမှာလည်း ကျနော်တို့က ဒါ တိုင်းပြည်ကို ကာကွယ်ဖို့၊ ပြည်ထောင်စုသားအားလုံးကို ကာကွယ်ဖို့ ကျနော်တို့ တိုင်းပြည်ထဲမှာရှိနေတဲ့ ပြည်ထောင်စုသားဆိုရင် ကျနော်တို့ ကာကွယ်ရမယ်။ ဒါပေမယ့် နောက် ပိုင်း ကိုယ့်ရဲ့ခံယူချက်တွေ ကိုယ့်ရဲ့ယုံကြည်ချက်တွေက အလွဲသုံးစား လုပ်ခံရတယ် ဆိုတာကတော့ မြင်လာ တယ်ဗျ။ ကျနော့်အနေနဲ့ ပိုပြီးတော့ သိသာမြင်သာတာကတော့ ဒီ "လူကြီး" တွေရဲ့ လုပ်ပုံကိုင်ပုံဟာ စေတနာ မမှန်တာကို ကျနော်တို့က သိတော့သိလာတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ယူနီဖောင်း တရောင်တည်း ဝတ် ထားတဲ့လူအနေနဲ့ ၊ ပြီးတော့ ကိုယ်အလေးပြုနေတဲ့ လူအနေနဲ့ ကျနော်တို့ဟာ ဘာမှ ပြန်ပြီးဝေဖန်ဖို့အတွက် စိတ်ကူးမရှိခဲ့ဘူးပေါ့ ဗျာ။ ရဲရဲမတွေးရဲဘူးပေါ့၊ အဲဒီအချိန်မှာ နောက်ပိုင်းမှာ ရုရှကို ပညာတော်သင် သွားရ တယ်။ အဲဒီမှာ ကျနော်တို့ ပိုပြီးတော့ လွတ်လပ်ပွင့်လင်းသွားတယ်။ ပထမဦးဆုံး အင်တာနက်ကို စသုံး လာရ တယ်။ အဲဒီမှာ ကျနော်တို့ ပိုပြီးတော့ တခြားစာပေတွေ လေ့လာခဲ့တာရှိတယ်။ တခြား မိတ်ဆွေအပေါင်းအ သင်း တွေ့ကြုံလာတာရှိတယ်။ အဲဒါ ပြောဆိုဆွေးနွေးရင်းနဲ့ကမှ ပိုပြီးတော့မျက်စိပိုပွင့်လာပြီးတော့မှ၊ နောက် ဆုံး တိုင်းပြည်အတွက် အကျိုးရှိမယ်ထင်တဲ့အလုပ်တခုကို ကျနော် လုပ်ခဲ့တာပါ။

ဦးရော်နီညိမ်း။ ။ ဗိုလ်မှူးကို ဗိုလ်မှူးမဖြစ်သေးဘဲနဲ့ ကိုယ့်ကိုယ်ကို ဗိုလ်မှူးလို့ ပြောတယ် ဘာညာ သူ တို့ သတင်းစာတွေက ရေးတယ်။ ကျနော်တို့သိထားသလောက်ကတော့ officiating (တစ်နှစ် အစမ်းခန့်) ဗိုလ်မှူးဆိုရင်၊ ဒါ အပွင့် မတင်သေးခင်စပ်ကြားမှာ တပ်ထဲမှာ လူတိုင်းက ဗိုလ်မှူးလို့ပဲ ခေါ်ရတယ်။ အဲဒီအခါ ကျတော့ ကျနော်တို့က ဗိုလ်မှူးပဲ ခေါ်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့တောင်မှ ဒီမှာ အသက် (၈၀) နား နီးနေပြီ။ တပ်မတော် အက်ဥပဒေနဲ့ ဆိုရင် ကျနော်တို့ ကြားဖူးတာ ပုဒ်မ (၆၅) " စစ်စည်းကမ်းကျနမှု" ကို ဖောက်ဖျက်ပြီး ကိုယ်ကတော့ အငြိမ်းစားမယူဘဲနဲ့ သူများကို အသက်(၆၀) မှာ အငြိမ်းစားယူခိုင်းပြီး သူတို့ လုပ်နေတယ်။ ဗိုလ်မှူးက officiating မစေ့ခင်မှာ ထွက်လာတဲ့ဟာကို သူတို့က ဘာပဲပြောပြော ကျနော်တို့က တော့ ဗိုလ်မှူးကို ဗိုလ်မှူးလို့ပဲ မြင်ပါတယ်။ နောက်တခါကျတော့ ဗိုလ်မှူးက ဒီအတိုင်းပဲ နေသွားရင်လည်းပဲ officiating ပြည့်ပြီး ဗိုလ်မှူးဖြစ်၊ နောက် မကြာခင်မှာပဲ ဒုဗိုလ်မှူးကြီးပေါ့ နော်၊ ဒုဗိုလ်မှူးကြီးဆိုတာ ပထမ တန်း First Grade ထဲက ဒါ တံခါးဝပဲ။ အဲဒီတော့ ဒီတံခါးဝကို ဗိုလ်မှူးက ရောက်ခါနီးနေတဲ့အချိန်မှာ တောင် မှ၊ ဒီကိစ္စကို ငါ ရအောင်လုပ်မှ ဖြစ်မယ်ဆိုတဲ့ဟာမျိုး ဘယ်အကြောင်းအရာက စေ့ဆော်ပြီး ဘယ်လိုဖြစ်သလဲ ဆိုတာ ကျနော်တို့ကို ပြောပြပေးပါ ခင်ဗျ။

(မှတ်ချက်။ ။ မြန်မာ့တပ်မတော်တွင် အရာရှိများအား ဒု-ဗိုလ် မှ ဗိုလ်ကြီး အထိ Third Grade အရာရှိ၊ ဗိုလ်မှူးအား Second Grade အရာရှိ၊ ဒု-ဗိုလ်မှူးကြီးနှင့်အထက် အရာရှိကြီးများအား First Grade အရာရှိ ဟု ခွဲခြားသတ်မှတ်ထား သည်။)

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ မြန်မာပြည်ကို ဘယ်သူမှလည်း လာပြီး ကျူးကျော်စရာ မရှိဘူး။ သူတို့က တချိန်လုံး ဒါ ပြည်ပကျူးကျော်စစ်ကို ကာကွယ်ဖို့ဆိုတဲ့ ရည်မှန်းချက်ကြီးနဲ့ပဲ တောက်လျှောက်လုပ်နေပါ တယ်။ အဲဒီမှာ ကျန်တဲ့ ကဏ္ဍတွေ အားလုံးက ယုတ်လျော့သွားတယ်။ "တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အားရှိမည်" ဆိုတဲ့ဟာကို ကျနော်က လက်မခံပါဘူး။ ကျနော်က "တိုင်းပြည် အင်အားရှိမှ တပ်မတော် အင်အားရှိမည်" ဆိုတာကိုပဲ လက်ခံပါတယ်။ အဲဒါကြောင့်မို့ တိုင်းပြည်အင်အား ယုတ်လျော့စေတဲ့ ဒီကိစ္စကို ကျနော် လုံး၀ လက်မခံတာပါ။ ဒီ နျူးကလီးယားစီမံကိန်းဆိုတာ ကျနော်တို့ မြန်မာပြည်အတွက် လုံး၀ မလို အပ်တဲ့ကိစ္စပါ။ မလိုအပ်တဲ့ ကိစ္စဆိုတာ သူတို့ရဲ့ paranoia ပေါ့ ကိုယ့်ကိုယ်ကို ကြောက်နေတာ၊ တစ်တီတူး ခြေထောက်မိုးပေါ်ထောင်ပြီး အိပ်သလိုမျိုး ဖြစ်နေပါတယ်။ ဆိုလိုတဲ့ သဘောက ဒီဥစ္စာကြီးက ပြည်သူ့ဘဏ္ဍာ ငွေတွေ ဖြုန်းတီးနေယုံတင်မကဘဲ ကျနော်တို့ လူငယ်တွေရဲ့ ဘဝတွေကိုပါ ဖြုန်းတီးပစ်နေတယ်။ လူ အရင်း အမြစ်၊ ပစ္စည်းအရင်းအမြစ်မရှိဘဲနဲ့ technology အရင်းအမြစ်မရှိဘဲနဲ့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စကို နိုင်ငံ တကာနဲ့လည်း ပွင့်ပွင့်လင်းလင်းဆက်ဆံပြီးတော့ လုပ်တာလည်း မရှိဘူး။ ကျနော် ဒီကိစ္စကို ဖော်ထုတ်ရတဲ့ အကြောင်းအရင်း အဓိက ကတော့ ဒီ မအောင်မြင်နိုင်တဲ့ အဓိပ္ပါယ်မရှိတဲ့ "ရူးနှမ်းနှမ်း စီမံကိန်းကြီး"ကို ကျနော်က ဖျက်ချင်တာ၊ ဒီစီမံကိန်းကြီးကို ကျနော်က ရပ်တန်းက ရပ်စေချင်တဲ့ သဘောနဲ့ လုပ်တာပါ။ တပ်မ တော်သားတွေအနေနဲ့ သစ္စာစောင့်သိခြင်းမှာ အတွေးအခေါ်နဲ့ယှဉ်ပြီးသစ္စာစောင့်သိတာက ပိုပြီးတော့ကောင်း မယ်လို့ ကျနော် ထင်ပါတယ်။ တပ်မတော်သားတွေဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ခါးပုံစကိုဆွဲပြီးတော့ သစ္စာ ဆိုလာကြတာ မဟုတ်ပါဘူး။ နိုင်ငံတော်အလံကို ကိုင်ပြီးတော့ သစ္စာဆိုလာကြ တာပါ။

ဦးရော်နီညိမ်း။ ။ မြန်မာစစ်အစိုးရဟာ နျူကလီးယားလက်နက်တွေ လျှို့ဝှက်ထုတ်လုပ်ဖို့ စီမံကိန်း တွေရှိနေ တယ်ဆိုတဲ့ အထောက်အထား တချို့ကို ယူဆောင်ပြီး ပြည်ပကို ထွက်ခါွလာသူ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းရဲ့ ပြော စကား စတုတ္ထပိုင်း၊ နောက်ဆုံးပိုင်းကို တင်ဆက်ပေးခဲ့တာဖြစ်ပါတယ် ခင်ဗျာ။ ကျနော် ရော်နီညိမ်းပါ။

XS
SM
MD
LG