သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခွန်ထွန်းဦး ရွေးကောက်ပွဲဝင်ဖို့ SNDP ကမ်းလှမ်း


၂၀၁၀ ရွေးကောက်ပွဲတုန်းက လွှတ်တော်မှာ တတိယ မဲအများဆုံး အနိုင်ရထားတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ပါတီက ရှမ်းပြည်နယ်ထဲမှာ လစ်လပ်နေတဲ့ လာရှိုးမဲဆန္ဒနယ်မှာ ရှမ်းခေါင်းဆောင် ဦးခွန်ထွန်ဦးကို အရွေးခံဖို့ ကမ်းလှမ်းလိုက်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲတုန်းက လွှတ်တော်မှာ တတိယ မဲအများဆုံး အနိုင်ရထားတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ပါတီက ရှမ်းပြည်နယ်ထဲမှာ လစ်လပ်နေတဲ့ လာရှိုးမဲဆန္ဒနယ်မှာ ရှမ်းခေါင်းဆောင် ဦးခွန်ထွန်ဦးကို အရွေးခံဖို့ ကမ်းလှမ်းလိုက်ပါတယ်၊ မကြာခင်ကမှ နှစ်ရှည်အကျဉ်းကျနေရာက ပြန်လွတ်လာတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ခေါင်းဆောင်တွေကို SNDP ပါတီဖက်က ဒီနေ့ လာရောက်တွေ့ဆုံပြီး ကမ်းလှမ်းခဲ့တဲ့အကြောင်းကို SNLD ပြောခွင့်ရသူ ဦးစိုင်းလိတ်က VOA မြန်မာပိုင်းကို ခုလို ပြောပါတယ်။

“SNDP ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းက အခုလာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဥက္ကဌကြီး ဦးခွန်ထွန်းဦးကို လားရှိုးမဲဆန္ဒနယ်ကနေ ဝင်ရောက်ပြီး အရွေးခံဖို့ လာပြီး ကမ်းလှမ်းတာပါ။”

ဧပြီလ ၁ ရက် ကြားဖြတ် ရွေးကောက်ပွဲအတွက် ရှမ်းပြည်နယ်မှာ လားရှိုး၊ တန့်ယန်း၊ မိုင်းရယ်၊ သိန္ဒီ၊ ကွမ်းလုံ မြို့နယ် ၅ ခုပေါင်းအတွက် အမျိုးသား လွှတ်တော် ၁ နေရာ လစ်လပ်နေတာဖြစ်ပါတယ်၊ ဦးခွန်ထွန်းဦးကတော့ SNLD ဗဟိုအလုပ် အမှုဆောင်တွေအားလုံးနဲ့ တေ့ွဆုံပြီးမှာ ဆုံးဖြတ်နိုင်မဲ့အကြောင်း တုံ့ပြန်တယ်လို့ ဦးစိုင်းးလိတ်က ပြောပါတယ်၊

“ကျနော်တို့ ဥက္ကဌကြီးကတော့ သူ CEC အစည်းအဝေးမထိုင်ရသေးဘူး၊ CEC ရဲ့ သဘောထားပေါ် မူတည်တယ်။ သူ့တယောက်လည်း ဘယ်တော့မှ မဆုံးဖြတ်ဘူး။ အရင်ကလည်း မလုပ်ခဲ့ဖူးဘူး။ နောင်လည်း လုပ်မှာမဟုတ်ဘူး။ အခုလည်း အဲဒီအတိုင်းပါပဲပေါ့။ CEC အစည်းအဝေးထိုင်ပြီးမှ ဒီကိစ္စကို ဆုံးဖြတ်နိုင်မယ်၊ အဲဒီအတိုင်း အတိအကျပြောပါတယ်။”

၁၉၉၀ ရွေးကောက်ပွဲမှာ ဒုတိယမဲ အများဆုံး အနိုင်ရခဲ့တဲ့ SNLD ပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲ မဝင်ဖို့ ဆုံးဖြတ်ပြီး ပါတီကိုလဲ ပြန်လည် မှတ်ပုံမတင်ခဲ့တဲ့အတွက် ဖျက်သိမ်းတယ်လို့ အရင်ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပါတယ်၊ အခုလက်ရှိမှာ တရားမဝင် ပါတီဖြစ်နေတဲ့ SNLD ပါတီအနေနဲ့ SNDP ပါတီနဲ့ ရော ပူးပေါင်းဖို့ အစီအစဉ်ရှိပါသလားဆိုတာကိုတော့ ဦးစိုင်းလိတ်က ခုလိုပြောပါတယ်၊

“ဥက္ကဌနဲ့ အတွင်းရေးမှုးက ထွက်လာတာ ရက်ပိုင်းပဲ ရှိသေးတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ ကိုယ်တိုင်ကလည်း ဥက္ကဌရဲ့ ကျန်းမာရေးအတွက်ပဲ ဂရုစိုက်နေရတော့ နှစ်ပါတီပေါင်းဖို့ ဘယ်ပါတီတွေနဲ့ မဟာမိတ်ပြုဖို့ ဆိုတာတွေကတော့ မရှိသေးဘူး။ အဓိကအားဖြင့်တော့ ကျနော်တို့ပါတီက legally ပါတီ မဟုတ်သေးတဲ့အတွက်ကြောင့် မို့လို့ ဒီကိစ္စကိုလည်း ဦးစားပေးအနေနဲ့ စဉ်းစားထားတာမရှိသေးပါဘူး။”

SNDP ပါတီအနေနဲ့ ရှေ့ဆက် ဘယ်လို ရပ်တည်သွားမယ်ဆိုတာကို နက်ဖြန် ကြာသပတေးနေ့မှာ ဗဟိုအလုပ်အမှုဆောင်တွေ ဆွေးနွေးတိုင်ပင်ကြဖို့ရှိတယ်လို့ ပါတီ ပြောခွင့်ရသူ ဦးစိန်းလိတ်က ပြောပါတယ်၊

XS
SM
MD
LG