သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘဏ္ဍာငွေခွဲဝေမှုဆွေးနွေးမည့် လွှတ်တော်စည်းဝေးတွေစတင်


ဘဏ္ဍာငွေခွဲဝေမှုဆွေးနွေးမည့် လွှတ်တော်စည်းဝေးတွေစတင်
ဘဏ္ဍာငွေခွဲဝေမှုဆွေးနွေးမည့် လွှတ်တော်စည်းဝေးတွေစတင်

အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်တို့ရဲ့ ပထမအကြိမ် တတိယ ပုံမှန်စည်းဝေးပွဲတွေကို ဒီကနေ့ ဇန်နဝါရီလ ၂၆ ရက်နေ့မှာ နေပြည်တော်မှာ စတင်ပါတယ်၊ ဒီတခါလွှတ်တော်စည်းဝေးပွဲတွေမှာ ဘဏ္ဍာငွေ ရသုံးဆိုင်ရာနဲ့ အမျိုးသား စီမံကိန်းဆိုင်ရာ ဥပဒေကြမ်းတွေကို အဓိက ဆွေးနွေးသွားမှာဖြစ်တယ် ဆိုတာကို လွှတ်တော် ၂ ရပ်လုံးက ဥက္ကဌတွေက အသိပေးပြောကြားခဲ့ကြပါတယ်၊ သမ္မတဦးသိန်းစိန်ကတော့ သူ့အစိုးရ အနေနဲ့ လွှတ်တော်တွေနဲ့ လက်တွဲပြီး ဒီမိုကရေစီစနစ်ပေါ်ပေါက်ရေးနဲ့ ရေရှည်တည်တံ့ရေးကို လုပ်သွားမယ် လို့ သဝဏ်လွှာပေးပို့ခဲ့တဲ့အကြောင်း ဘန်ကောက်ရုံးက မစုမြတ်မွန်ကသတင်းပို့ထာပါတယ်။

အမျိုးသားလွှတ်တော်နဲ့၊ ပြည်သူ့လွှတ်တော် ၂ ရပ်လုံးကို ပြန်လည်စတင်ခဲ့တဲ့ ဒီကနေ့ ကြာသပတေးနေ့မှာပဲ ဒီတခါ လွှတ်တော် စည်းဝေးပွဲတွေမှာ ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး Budget ဥပဒေကြမ်းတွေကို အဓိကထား ဆွေးနွေးသွားမှာဖြစ်တယ်ဆိုတာကို လွှတ်တော် ဥက္ကဌတွေက လွှတ်တော်ကိုယ်စားလှယ်တွေကို မိန့်ခွန်းထဲ က နေ အသိပေးခဲ့ကြပါတယ်၊ ပြီးခဲ့တဲ့ ဒုတိယပုံမှန် အစည်းအဝေးတွေမှာ အတည်မပြုနိုင်သေးတဲ့ ဥပဒေ တွေ အတည်ပြုနိုင်ရေးဆွေးနွေးကြရမဲ့အပြင် ဘတ်ဂျက်ကိစ္စတွေကို ဆွေးနွေးရမှာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ခုလိုပြောခဲ့တာပါ၊

“ပြည်ထောင်စုအစိုးရအဖွဲ့မှ တင်သွင်းမည့် ၂၀၁၁-၂၀၁၂ ခုအတွက် နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာငွေအရသုံးဆိုင်ရာနှင့် အမျိုးသားစီမံကိန်း ဆိုင်ရာ ဥပဒေကြမ်းတို့ကို ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များအဖြစ် စိစစ်သုံးသပ်ပြီး အတည်ပြုရေးနှင့် လွှတ်တော်ကိုယ်စားလှယ်များကမှ တင်ပြလာသော အဆိုများ၊ မေးခွန်းများနှင့် ဥပဒေကြမ်းများကို ရရှိတဲ့ အချိန်ပေါ်မှာ မူတည်ပြီး၊ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။”

ရှေ့လာမည့် ၂၀၁၂-၁၃ ဘဏ္ဍာနှစ် အတွက် ဘတ်ဂျက်မူကြမ်းကို မဆွေးနွေးခင်မှာ မတ်လ ၃၁ ရက်နေ့မှာ ကုန်မဲ့ လက်ရှိ ၂၀၁၁-၁၂ ဘဏ္ဍာနှစ်အတွက် နောက်ထပ် ဖြည့်စွက်ခွင့်ပြုငွေစာရင်းကို ကိုယ်စားလှယ်တွေ ဆွေးနွေးကြရမှာဖြစ်လို့ မူကြမ်းထဲမှာ ဘယ်လို ကဏ္ဍတွေအတွက် ဖြည့်စွက်တောင်းထားပါသလဲ၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးကတော့ ပမာဏအားဖြင့်များတာကတော့ ဆောက်လုပ် ရေး လုပ်ငန်းတွေအတွက် ဖြစ်တယ်လို့ ပြောပါတယ်၊

"ဘယ်လိုကဏ္ဍတွေမှာများသလဲဆိုတော့၊ တည်ဆောက်ရေးလုပ်ငန်းတွေမှာရှိနေတဲ့ ကဏ္ဍတွေမှာ ငွေလိုအပ် နေတာကိုတွေ့ရပါတယ်။ နောက်တခါ ကုန်ထုတ်လုပ်မှုလုပ်ငန်းကဏ္ဍတွေမှာလည်း ဖြည့်စွက်ရမယ်ဆိုပြီး တင်ပြတောင်းခွလာတာကိုတွေ့ရပါတယ်ခင်ဗျ။”

ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေမှာလဲ ဖြည့်စွက်ရန်ပုံငွေတောင်းတာရှိပေမဲ့ ပမာဏ မများလှဘူးလို့ ပြောပါ တယ်၊ အခုလိုတိုင်းပြည်ဘဏ္ဍာ ခွဲဝေသုံးစွဲရေးကိစ္စ၊ အမျိုးသား စီမံကိန်းကြီးတွေနဲ့ ဆိုင်တဲ့ကိစ္စနဲ့ အခွန် အကောက်ဆိုင်ရာ ကိစ္စတွေက လွှတ်တော် ၂ ရပ်ပေါင်းထားတဲ့ ပြည်ထောင်စုလွှတ်တော်မှာသာ ဆွေးနွေးရ မှာဖြစ်တာမို့ ဇန်နဝါရီလ ၃၁ ရက် နောက်ပိုင်းမှာ ဒီကိစ္စတွေကို စတင်ဆွေးနွေးကြရမှာ ဖြစ်ပါတယ်။

ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးက ဘဏ္ဍာငွေခွဲဝေသုံးစွဲမှုနဲ့ ပတ်သက်တဲ့ တင်ပြချက်ကို ပြည်ထောင်စု လွှတ်တော်မှာ လာရောက်တင်ပြပါလိမ့်မယ်၊ အဲဒီနောက်မှာ သက်ဆိုင်ရာ ဝန်ကြီးဌာန ဝန်ကြီးတွေကနေ သူူတို့ ဝန်ကြီးဌာနအတွက် ဘယ်လောက်လျာထား သုံးစွဲ မယ်ဆိုတာတွေကို တင်ပြကြဖို့ရှိပါတယ်။ ဒီလို တင်ပြချက်တွေအပေါ်မှာ ကဏ္ဍအလိုက်ဆွေးနွေးဖို့အတွက် လွှတ်တော် ကိုယ်စားလှယ် တွေက ၃ ရက်စီ ကြိုစာရင်းပေးရမှာဖြစ်တယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဒေါက်တာမြတ်ဉာဏစိုးက ပြောပါ တယ်၊ ပြည်ထောင်စုလွှတ်တော်က တင်ပြလာတဲ့ ဆိုင်ရာ ဘတ်ဂျက်တွေကို လွှတ်တော် ကိုယ်စား လှယ်တွေအနေနဲ့ လျှော့ချနိုင်ပေမဲ့ ဘတ်ဂျက်တိုးမြှင့်သုံးဖို့အတွက်ကိုတော့ ပြန်လည် အကြံပြုဆွေးနွေးရ မှာဖြစ်ပါတယ်၊

“ဘတ်ဂျက်ကိုဆွေးနွေးတဲ့အခါမှာ လွှတ်တော်က ဘတ်ဂျက်ကိုတိုးမြှင့်ပေးလို့မရပါဘူး။ ပြည်ထောင်စုအစိုးရ က တင်ပြလာတဲ့ ဥပမာ ကျန်းမာရေးအသုံးစရိတ်ဟာ ဘတ်ဂျက်တခုလုံးရဲ့ ဘယ်လောက်ရာနှုံးရှိတယ်၊ ဘယ်လောက်ရာနှုံးလိုနေတယ် စသဖြင့် တင်ပြလာတဲ့ဟာကို လွှတ်တော်ကနေပြီးတော့ တိုးမြှင့်ပေးလို့ ခွင့်ပြုလို့မရပါဘူး။ သို့သော် လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ဟာ ဘယ်လောက် တော့ ရှိသင့်တယ် ဆိုတာကိုတော့ဆွေးနွေးလို့ရပါတယ်။ ကျန်းမာရေးကဏ္ဍအတွက်ဘယ်လောက်သုံးသင့်တယ်၊ ဘယ်လို နေရာမျိုးတွေမှာ သုံးသင့်တယ်ဆိုတာ အကြံပြုလို့ရပါတယ်။ အဲဒီအခါကျရင် ပြည်ထောင်စုအစိုးရအနေနဲ့ ဘတ်ဂျက်ခွဲဝေမှုကို တိုးမြှင့်ပြင်ဆင်ပြီးတော့ တင်ပြလာလို့ရပါတယ်။”

ပြည်ထောင်စုလွှတ်တော် ပြန်စတာနဲ့ ဒီဘတ်ဂျက်ကိစ္စတွေကို အကြေအလည် ဆွေးနွေးကြရမှာဖြစ်လို့ ပုံမှန် လွှတ်တော်ပြီးဆုံးချိန်ထက်ကို အချိန်ပိုပေးပြီး ဆွေးနွေးပေးကြဖို့ အမျိုးသား လွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်က ကိုယ်စားလှယ်တွေကို မေတ္တာရပ်ခံထားပါတယ်။ ဒီကနေ့ အမျိုးသားလွှတ်တော် ပထမနေ့မှာတော့ ကော်မတီတချို့ဖွဲ့စည်းတာနဲ့ ကော်မတီဥက္ကတချို့ အပြောင်းအလဲလုပ်တာတွေကိုဘဲ အဓိကထား လုပ်ခဲ့ပါတယ်၊

လွှတ်တော်တွေဆီ သမ္မတဦးသိန်းစိန် က သဝဏ်လွှာပေးပို့ခဲ့တဲ့ထဲမှာတော့ တရား ဥပဒေ စိုးမိုးရေး၊ အမျိုးသား စည်းလုံး ညီညွတ်ရေး၊ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးနဲ့ သန့်ရှင်းတဲ့ အစိုးရဖြစ်ရေး၊ ပြည်သူတွေရဲ့ မူလအခွင့်အရေးတွေ ရရှိရေးအတွက် ပြည်ထောင်စုအစိုးရက ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပါတယ်လို့ ဖေါ်ပြထားပါတယ်၊ ဒါ့အပြင် တိုင်းရင်းသား လက်နက်ကိုင် ၁၁ ဖွဲ့ နဲ့ ညှိုနှိုင်းဆွေးနွေးခဲ့ပြီး အဖွဲ့ ၆ ဖွဲ့နဲ့ အခြေခံ သဘောတူ ညီမှုတွေ လက်မှတ်ထိုးနိုင်ခဲ့တဲ့အတွက် ငြိမ်းချမ်းရေးဖော်ဆောင်မှုတွေ အခြေအနေကောင်းတယ်လို့ သမ္မတ ဦးသိန်းစိန်က သဝဏ်လွှာပို့ခဲ့ပါတယ်၊ ဒီတခါလွှတ်တော် စည်းဝေးပွဲတွေမှာ ထူးခြားတာက သတင်းယူတဲ့ သတင်းထောက်တွေ လွှတ်တော်ခန်းမတွေထဲမှာ လွတ်လွတ်လပ်လပ် သတင်းယူနိင်သလို၊ လွှတ်တော် အမတ်တွေကိုလဲ မေးမြန်းခွင့်ရတယ်လို့ ကိုယ်တိုင်သတင်းယူခဲ့တဲ့ သတင်းထောက်တွေက VOA မြန်မာပိုင်းကို ပြောပါတယ်။ သတင်းထောက်တွေရဲ့ လက်ကိုင်ဖုန်းတွေကိုလဲ ခန်းမထဲ ယူဆောင်ခွင့် ပေးခဲ့ပါ တယ်၊

XS
SM
MD
LG