တပ်မှူးတပ်သား ပြောစကား (၀၄၅)
ကမ္ဘာ့နိုင်ငံတွေက စစ်တပ်တွေနဲ့အမိန့်နာခံမှု အကြောင်းကို မြန်မာ့တပ်မတော်ရဲ့ အမိန့်နာခံမှုနဲ့ယှဉ်တွဲပြီး ဒီသီတင်းပတ်ရဲ့ “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ ဦးရော်နီညိမ်းက “စစ်တပ်နှင့်အမိန့် နာခံမှု - အပိုင်း (၂)” ခေါင်းစဉ်နဲ့ စီစဉ်တင်ဆက်ထားပါတယ်။
ဦးရော်နီညိမ်း။ ။ ၁၉၉၉ ခုနှစ်မှာ မြောက်အတ္တလန္တိတ်စစ်စာချုပ် NATO (North Atlantic Treaty Organization) တပ်ဖွဲ့တွေရဲ့တပ်မှူးကြီးလည်းဖြစ်၊ ယူဂိုဆလားဗီးယား စစ်ပွဲရဲ့ တပ်မှူးကြီးလည်းဖြစ်တဲ့ အမေရိကန်ဗိုလ်ချုပ်ကြီး Wesley Clerk ရဲ့ လက်ထောက်ကတော့ ဒုတိယတပ်မှူးကြီး ဗြိတိသျှ ဗိုလ်ချုပ်ကြီး Michael Jackson ပါ။ ဒီအခြေနေမှာ ဗိုလ်ချုပ်ကြီး Michael Jackson ပါဝင်လာခဲ့ပုံကို အဆိုတော် James Blunt က အခုလို ဆက်ပြီးပြောပြပါတယ်။
James Blunt ။ ။ ကံကောင်းထောက်မစွာနဲ့ အဲဒီအချိန်မှာ ရေဒီယိုဆက်သွယ်ရေး စက်ပေါ်ကို ဗိုလ်ချုပ်ကြီး Mike Jackson တက်လာခဲ့ပါတယ်။ အဲဒီတုန်းက အမေရိကန်ဗိုလ်ချုပ်ကြီး Wesley Clerk ကို ဗိုလ်ချုပ်ကြီး Mike Jackson ပြောလိုက်တဲ့ စကားလုံးအတိုင်း အတိအကျ ပြန်ပြောရမယ်ဆိုရင် ကျုပ်ရဲ့ ရဲဘော်တွေက တတိယကမ္ဘာစစ်ကြီးဖြစ်အောင် စပြီးလုပ်လိုက်ကြတဲ့အဖြစ်မျိုး ကျုပ်အဖြစ်မခံ နိုင်ဘူးလို့ သူကပြောခဲ့တာပါ။ ကျနော့်တပ်ကိုလည်း လေယာဉ်ကွင်းကိုသွားပြီး ဝိုင်းမယ့်အစား ကားလမ်း တလျှောက်မှာပဲ စနစ်တကျစုစည်းထားဖို့ ဗိုလ်ချုပ်ကြီး Mike Jackson က ပြောခဲ့ပါတယ်။
ဦးရော်နီညိမ်း။ ။ ၁၉၈၃ ခုနှစ် ရန်ကုန်မြို့၊ အာဇာနည်ဗိမာန်ဗုံးခွဲတိုက်ခိုက် ခံရစဉ်က တရားခံ မြောက် ကိုရီးယားသူလျှိုတွေကို မိမိစစ်သည်တွေအသေခံပြီး အရှင်လက်ရ ဖမ်းဆီးရမယ်ဆိုတဲ့ အထက်ကအမိန့် ကို သန်လျင်မြို့ ခလရ (၉၀) တပ်စု တစ်စုထဲက commando (ကွန်မန်ဒို) တွေအဖြစ် အရွေးခံထားရတဲ့ စစ်သည်တွေက အမိန့်အတိုင်း လိုက်နာဆောင်ရွက်ပြီး အသေခံသွားကြတာဟာ ဘာကြောင့်လဲလို့ ပြန်ပြီး သုံးသပ်ကြည့်လို့ရပါတယ်။ အထက်ကနေ ဒီအကြောင်း ဒီအကြောင်းတွေကြောင့် အသေခံသင့် ခံရမယ် ဆိုတဲ့အမိန့်ကို ပေးရတဲ့ရည်ရွယ်ချက်က မိမိတိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကို ပြန်ပြီး ဆည်ယူဖို့ဆိုတဲ့ နိုင်ငံရေး ရည်မှန်းချက်ဖြစ်တာကို လိုက်နာရမယ့် စစ်သည်အားလုံးက လက်ခံနားလည်နေကြကြောင်း တွေ့ရှိရပါတယ်။
ဒီစစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်ဟာ အငြင်းပွားစရာမရှိသလို ဒီစစ်ဆင်ရေးကြောင့် ဖြစ်ပေါ်လာမယ့် အကျိုးဆက်ဟာ စစ်သည်တွေ အသေခံသွားရနိုင်ပေမယ့် တိုင်းပြည်အတွက် ဂုဏ်သိက္ခာပြန်တက်နိုင်တဲ့ ကောင်းသောအကျိုးဆက် ဖြစ်တယ်ဆိုတာကို အမိန့်ကိုလိုက်နာရမယ့် စစ်သည်အားလုံးက နားလည် သဘောပေါက်နေတာကိုလည်း တွေ့ရှိရပါတယ်။
ဗိုလ်ကြီး James Blunt အမိန့်မနာခံခဲ့သလို ကြားကနေ ဗိုလ်ချုပ်ကြီး Wesley Clerk ရဲ့အမိန့်ကို ဝင်ရောက်ပိတ်ဆို့ခဲ့တဲ့ ဗိုလ်ချုပ်ကြီး Michael Jackson ဟာလည်း အမိန့်နာခံဖို့ ပျက်ကွက်ခဲ့ပါသလား လို့ ဘီဘီစီ ရေဒီယို Channel 5 နိုင်ငံရေးကဏ္ဍ အစီအစဉ်တင်ဆက်သူ John Pienaars က ပြီးခဲ့တဲ့ ၂၀၁၀ နိုဝင်ဘာ လ ၁၄ ရက်နေ့က ဗိုလ်ချုပ်ကြီး Michael Jackson ကို တွေ့ဆုံမေးမြန်းခန်းမှာ မေးခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး Michael Jackson ။ ။ အမိန့်မနာခံဘူးလို့ ပြောကြကြေးဆိုရင် James Blunt က ဘယ်သို့ဘယ်ပုံ အမိန့်မနာခံဘူးဆိုတာတော့ ဗိုလ်ချုပ်ကြီး Wesley Clerk က အသေးစိတ်ပြောလိမ့်မယ် မဟုတ်ဘူးဗျ။ ရုရှတပ်တွေ ပရစ္စတီးနား (Pristina) လေဆိပ်ကို ဦးတည်ချီတက်နေကြပြီဆိုတာကို ရှင်းရှင်းလင်းလင်း သိလိုက်ရတဲ့နေ့မတိုင်ခင် တစ်ရက်မှာ ဒီအကျပ်အတည်း စပြီးတော့ဖြစ်ခဲ့တာပါ။
ဒီနေရာမှာ ကျနော့်အထက် ဗိုလ်ချုပ်ကြီး Wesley Clerk က ဒေသခံတွေက တောင်းဆိုလို့ တနည်းအား ဖြင့် ကျနော်တို့ကိုဖိတ်ခေါ်လို့ ပရစ္စတီးနားလေဆိပ်မှာ ကျနော်တို့ NATO တပ်တွေ အခြေပြုဖို့ ရောက်လာကြတာပါဆိုပြီး ရုရှားတွေကို ခပ်တင်းတင်းရင်ဆိုင်ထားတဲ့ အခြေအနေမျိုး ဖြစ်ချင်တယ်။ ဒါက တကယ့်ကို အတိမ်းအစောင်းမခံတဲ့ အခြေအနေပါ။ ကျနော်တို့ ဒီကိစ္စကို လက်တွေ့ကျကျ မျက်နှာချင်းဆိုင် မဖြေရှင်းနိုင်ခင်အထိ ဒီအကျပ်အတည်း ဖြစ်နေတာ (၇၂) နာရီ ကြာခဲ့ပါတယ်။ James Blunt က ဒါဟာ စစ်ပွဲကြားမှာ နိုင်ငံရေးအမြတ်ထုတ်ချင်လို့ ဖြစ်လာရတဲ့ အခက်အခဲ ကျပ်အတည်းလို့ ထောက်ပြခဲ့တာပါ။ ကျနော်တို့ကလည်း ဒီအလုပ်ဟာ ကျနော်တို့စစ်သားတွေ လုပ်ရမယ့်အလုပ် မဟုတ်ဘူးလို့ ယူဆခဲ့ပါတယ်။
ဦးရော်နီညိမ်း။ ။ အနောက်နိုင်ငံတွေက သူတို့ရဲ့ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ဖို့ ဖွဲ့စည်း ထားတဲ့ မြောက်အတ္တလန္တိတ်စစ်စာချုပ် NATO (North Atlantic Treaty Organization) တပ်ဖွဲ့တွေ မှာ အကွဲကွဲအပြားပြားသော နိုင်ငံတွေက တပ်မတော်တွေနဲ့ ဖွဲ့စည်းထားတာကြောင့် အမေရိကန် ဗိုလ်ချုပ်ကြီးရဲ့ အမိန့်ကို ဗြိတိသျှစစ်ဗိုလ်က မလိုက်နာတာဟာ NATO ရဲ့ စစ်ခုံရုံးကို ရောက်စရာရှိရင် ရောက်မှာ ဖြစ်ပေမယ့် နိုင်ငံမတူတဲ့ တပ်မတော်နှစ်ခုက စစ်အရာရှိတွေကြားက ပြဿနာလို့လည်း စောဒက တက်လို့ရပါတယ်။
ဒါကြောင့် ဒါဟာ စစ်တပ်ရဲ့အမိန့်နာခံမှု၊ မနာခံမှု အကြောင်းအရာနဲ့ နှိုင်းယှဉ်လို့ မရဘူးလို့လည်း ပြောလို့ရပါတယ်။ ဒါပေမယ့် ဒီနေရာမှာ စစ်တပ်ချင်းမတူတာတို့၊ နိုင်ငံချင်းမတူတဲ့ စစ်အရာရှိ နှစ်မျိုး နှစ်စားကြားက အမိန့်နာခံမှု၊ မနာခံမှုဆိုတာထက် အထက်ကပေးအပ်လာတဲ့အမိန့်ဟာ ဘာရည်ရွယ် ချက်နဲ့ ပေးတာလဲ၊ အကျိုးဆက်က ဘာဖြစ်နိုင်သလဲဆိုတာကို အမိန့်ပေးခံရတဲ့ လက်အောက်စစ်သည် တစ်ဦးရဲ့ စဉ်းစားဆင်ခြင်ပုံကို ရှုမြင်သုံးသပ်ကြည့်လို့ရပါတယ်။
မြန်မာနိုင်ငံမှာ ၁၉၉၈ ခုနှစ်က တောင်ဘက်အစွန်ဆုံး ခရစ္စတီး (Christie) ကျွန်းပေါ်မှာ အပြစ်မဲ့ သာမန် အရပ်သူအရပ်သားတွေကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့အမိန့်နဲ့ တသွေမတိမ်း လိုက်နာဆောင်ရွက် သတ်ပစ်ခဲ့ကြတဲ့ မြန်မာ့တပ်မတော်အရာရှိကြီးငယ်တွေကို ပြန်ပြီး လေ့လာသုံးသပ်ကြည့်တဲ့အခါမှာလည်း အားလုံးဟာ ဗြိတိသျှစစ်တပ်က စစ်ဗိုလ်ကလေး ဗိုလ်ကြီး James Blunt လိုပဲ မြန်မာနိုင်ငံရဲ့ ခေတ်ပညာတတ် စစ်အရာရှိတွေ ဖြစ်ကြတာကို တွေ့ရှိရပါတယ်။ ခြားနားမှုကတော့ အထက်ကအမိန့်ဟာ ဘာရည်ရွယ်ချက်နဲ့ပေးတာလဲ၊ အကျိုးဆက်က ဘာဖြစ်နိုင်သလဲဆိုတာကို စဉ်းစားဆင်ခြင်မှု မရှိခြင်း ဆိုတာကို တွေ့ကြရပါတယ်။
စစ်မြေပြင်မှာသာ ရန်သူနဲ့ရင်ဆိုင်တိုက်ခိုက်နေရချိန်မှာ အထက်အမိန့်အတိုင်း တသွေမတိမ်း လိုက်နာ ဆောင်ရွက်ကြဖို့ ဖြစ်ပေမယ့် စစ်မြေပြင်မဟုတ်တဲ့နေရာမှာ မိမိရဲ့ရန်သူမဟုတ်တဲ့ သာမန်အရပ်သူ၊ အရပ်သားတွေ အမျိုးသမီးတွေ၊ ကလေးတွေပါမကျန် သတ်ပစ်လိုက်ကြသူတွေရဲ့ အထက်အမိန့် အတိုင်း နာခံမှုမှာစဉ်းစားဆင်ခြင်ပြီး လိုက်နာခဲ့ကြခြင်းမဟုတ်တာကို ၁၉၉၈ ခုနှစ် ခရစ္စတီး (Christie) ကျွန်း ကြည်း-ရေ-လေ စစ်ဆင်ရေးမှာပါဝင်ခဲ့တဲ့ ထောက်လှမ်းရေး အရာရှိဟောင်း ဦးအောင်လင်းထွဋ် က ဗီအိုအေကို အခုလို ပြောပြခဲ့ပါတယ်။
ဦးအောင်လင်းထွဋ် ။ ။ ဗိုလ်ချုပ်ကြီးကြည်မင်းက အားလုံးပေါ့လေ ကျနော်တို့ အပါအဝင် အားလုံးကို ခေါ်ပြီးတော့ ဘာပြောလဲတော့ အခု ဖမ်းထားတဲ့ (၅၉)ယောက်လုံးကို အကုန်လုံးကို ရှင်းပစ်ရမယ် သတ်ပစ်ရမယ်ဆိုပြီး အမိန့်ပေးတယ်ဆိုပြီး ပြောပါတယ်။ ဗိုလ်ချုပ်မြင့်ဆွေက ဗိုလ်ချုပ် ကြီးကြည်မင်းကို ဆက်သွယ်ရေးစက်နဲ့ လှမ်းပြီးအမိန့်ပေးတာပါ။ ဗိုလ်ချုပ်သူရမြင့်အောင် အခု စစ်ရေးချုပ် လုပ်နေတဲ့လူက ဘာပြောလဲဆိုတော့ “ဒါ အထက်အမိန့်ပဲ၊ အကုန် သတ်ပစ်ရမှာပေါ့”ဆိုပြီးတော့မှ သူက စပြောပါတယ်။ ဆက်ပြီးတော့ ရှင်းရှင်းပြောရရင်တော့ အမိန့်ပေးလိုက်တဲ့ အတိုင်းပဲ။
အဲ့ဒီ့နေ့မှာပဲ အဲ့ဒီ့ အရပ်သူအရပ်သားတွေကို သောင်ပြင်မှာပဲ အကုန်လုံးက သေနတ်နဲ့ပစ်သတ်ပြီးတော့ မှ သောင်ပြင်မှာမြှုပ်လိုက်တယ်လို့ ကျနော်တို့သိရပါတယ်။ အခု သွားပြီး အဲ့ဒီ့အရိုးတွေကို တူးကြည့်ရင် မြင်ရပါဦးမယ်။ ၁၉၉၇ခုနှစ် လောက်ထဲက စစ်ဆင်ရေးလေးလပတ် (စစ်ရုံးချုပ် အစည်း အဝေး) တခုမှာ “အစိပ်သားတောင် မချန်နဲ့၊ မင်းတို့ အကုန်လုံးရှင်းပစ်”ဆိုပြီးတော့မှ အမိန့်က တရားဝင်ပေးတာ။
အဲ့ဒီ အမိန့်ကို အကောင်အထည်ဖေါ်တာက ဗိုလ်ချုပ်မောင်ဘို (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့ (၃)၏ ကစထမှူး အဖြစ်မှ တပ် မတော်စစ်ဆေးရေး နှင့် စာရင်းစစ်ချုပ် ကြည်း-ရေ-လေ အဖြစ် ရာထူးချခံရပြီး ကွယ်လွန်သွားခဲ့သူ ဒုဗိုလ်ချုပ်ကြီး မောင်ဘို)။ ဗိုလ်ချုပ်ကြီးမောင်ဘို တိုင်းမှူး (အေ့ရှပိုင်းတိုင်း စစ်ဌာနချုပ်) ဘဝတုံးက ရွာသူ ရွာသားတွေကို ဘယ်လောက် သတ်ပစ်ခဲ့တယ်ဆိုတာ သူ အသိဆုံးပါ။ “အစိပ်သားတောင် မချန်နဲ့” ဆိုတဲ့ဥစ္စာက ကိုယ်ဝန်ပေါ့ဗျာ။ ကိုယ်ဝန်ကို တပ်ထဲမှာ “အစိပ်သား” လို့ ကျနော်တို့ ခေါ်တာကိုး။ ဗိုက်ထဲမှာရှိတဲ့ ကလေးတောင် မချန်နဲ့၊ အကုန်လုံးသတ်ပစ်ဆိုပြီးတော့ တရားဝင်အမိန့်ပါ။
တရားဝင်အမိန့်ဆိုတာ စစ်ဆင်ရေးအစည်းအဝေးတစ်ခုမှာ နှုတ်မိန့်ပေါ့ ဗျာ။ စာနဲ့တော့ ဘယ်သူမှ မထုတ်ပါဘူး။ ပြောလိုက်တဲ့စကားပါ။ အဓိကကတော့ ရှမ်းပြည်နယ်၊ မွန် ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း။ အညိုရောင်လို့ သတ်မှတ်ထားတဲ့နယ်မြေမှာ။ အဲ့ဒီအချိန်က ဒါ ဘာလို့ဖြစ်ရလဲဆိုတဲ့ အခါကျတော့ ရှင်းရှင်းပြောရရင် ရွာတွေကို စုတာပါဘဲ။ Replacement လုပ်တယ်။ (မှတ်ချက်။ ။ တိုင်းရင်းသားဒေသတွေမှ ကျေးရွာတွေကို စစ်အင်အားနှင့် ခြိမ်းခြောက်ပြီး အတင်းအကျပ် ပြောင်းရွှေ့ ပစ်ခြင်းကို မြန်မာ့တပ်မတော်တွင် “ရွာစုသည်”ဟု တရားဝင်ခေါ်ဝေါ်သည်။)
ရွာတွေကိုစုတဲ့အခါမှာ တချို့ရွာတွေက သူတို့ရဲ့အိုးအိမ်၊ သူတို့ရဲ့တောင်ယာ လေးတွေကို မဖျက်ချင်တဲ့ အခါကျတော့ မပြောင်းချင်ဘူး။ မပြောင်းချင်တဲ့ဥစ္စာကို by force မပြောင်းရင် မရဘူးဆိုတဲ့ ဟာမျိုးနဲ့ လူတွေကို သတ်ပစ်ခဲ့တဲ့ဖြစ်စဉ်တွေ အများကြီး ရှိပါတယ်။ အဲ့ဒီ့ သက်ဆိုင်ရာနယ်မြေမှာ ရှိတဲ့လူတွေ အသိဆုံးပါ။
ဦးရော်နီညိမ်း။ ။ ဒီနေရာမှာ မြန်မာ စစ်တပ်ထဲမှာ အရိုးစွဲနေပြီးတော့ ဒီစကားကို ကြားလိုက်ရရင် အထက်အမိန့်ကို “ကျိုးကြောင်းဆင်ခြင်ဖို့မလို၊ လိုက်ကိုလိုက်နာရမယ်” လို့ မှတ်ယူသွားစေတဲ့ စကား တခွန်းဟာ မြန်မာ့တပ်မတော်ထဲမှာ နှစ်ပေါင်းများစွာ တည်ရှိနေခဲ့ပါတယ်။ "ရေဗူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲလိုချင်တယ်" ဆိုတဲ့ “ကောင်းတာရော မကောင်းတာရော အထက်ကခိုင်းရင် ဘာမှမစဉ်းစားနဲ့၊ လိုက်သာလုပ်" ဆိုတဲ့ အတွေးအခေါ် ဖြစ်ပေါ်စေတဲ့ ဒီစကားရပ်နဲ့ပတ်သက်ပြီးတော့ ဂျပန်ခေတ် မင်္ဂလာဒုံ စစ်တက္ကသိုလ်အပတ်စဉ်(၃)က ဗိုလ်သင်တန်းဆင်းခဲ့တဲ့ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးကို ဗီအိုအေက မေးကြည့်ခဲ့ပါတယ်။
ဦးတင်ဦး။ ။ ဗိုလ်ချုပ်အောင်ဆန်းတို့က ဟိုင်နန်ကျွန်းမှာ ရဲဘော်သုံးကျိပ် သန္ဓေတည်ပြီးတော့ ဗမာ့ လွတ်လပ်ရေးတပ်မတော် စ ဖြစ်လာတာကိုး။ ဂျပန်မှာက သူတို့ စစ်သားတွေနဲ့ ပတ်သက်လို့ မနက်ကို သစ္စာဆိုရတယ်ပေါ့ဗျာ။ သစ္စာ (၄) ချက်က အဲဒီ ဂျပန်တပ်မတော် ကနေပြီးတော့ training ကနေပြီး ဆင်းသက်လာတဲ့ သစ္စာ(၄)ချက်ပဲ။
ပထမဦးဆုံးက (ဂျပန်ဘာသာနှင့်) gunjin ha chusetsu wo tsukusu wo honbun to subeshi "နိုင်ငံတော်ရဲ့ ကျေးဇူးသစ္စာကို စောင့်သိရိုသေပါမည်" ဆိုတဲ့ စကားပေါ့။ နောက် ဒုတိယကတော့ (ဂျပန် ဘာသာနှင့်) gunjin ha reigi wo tadaskiku subeshi "အမိန့်ကို နာခံပါမယ်" ဆိုတဲ့ သဘောပေါ့။ အဲဒီလို ကျနော်တို့ ဆိုလာကြရတာပေါ့နော်။ အဲဒါကို မြန်မာလို ပြန်လိုက်တဲ့ အခါကျတော့ ဒုတိယပိုဒ်က "အထက်မှပေးသော အမိန့်ကို ကျေပွန်စွာထမ်းဆောင်ပါမည်" ပေါ့။ အဲဒီလို ဖြစ်လာတာပေါ့။ နောက်တခု က ဟိုတုန်းက slogan ကလည်းပဲ ဒီတနိုင်ငံလုံးမှာ ဂျပန်ရဲ့ စစ်အုပ်ချုပ်ရေး အောက်မှာဆိုတော့ ကျနော်တို့တိုင်းပြည်ကိုပါလာတာက ဘာလဲဆိုတော့ ကြွေးကြော်သံတခုက “တသွေး၊ တသံ၊ တမိန့်” ဆိုတာ ပါလာတာကိုးဗျ။
“တသွေး၊ တသံ၊ တမိန့်” ဆိုတာ စစ်အတောအတွင်းတုန်းက ကြွေးကြော်သံဖြစ်တော့ အဲဒီဟာရဲ့ အရှိန်က ပါလာခဲ့တယ်။ အမိန့်နာခံမှုဆိုတာမှာ ဂျပန်ကလည်း သိတဲ့အတိုင်းပဲဗျ၊ သူတို့စစ်တပ်က လေ့ကျင့်ခန်းက လည်းပဲ ကျနော်တို့ (ဂျပန်ဘာသာနှင့်) meirei ha meirei da ၊ “meirei” ဆိုတာ ရှိတယ်။ meirei ဆိုတာ အမိန့်ဗျ။ “meirei ha meirei da” ဆိုတဲ့စကားလုံးက အမြဲတမ်း စစ်သင်တန်းပေးတဲ့ အခါတိုင်းမှာ ပြောတဲ့စကား။ “meirei ha meirei da” ရဲ့ အဓိပ္ပါယ်က “အမိန့်ဟာ အမိန့်ပဲ”။ ဘာမှ လျှောက်ပြီးတော့ ပြန်ပြောလို့မရဘူး။ ဒါနဲ့ ပတ်သက်တာအားလုံးကို မင်းက ပေးတဲ့အတိုင်း လိုက်ရမယ်။” ဒီလို ဟာမျိုးပေါ့ဗျာ။ အဲဒီဟာက နေပြီးတော့ လာခဲ့တဲ့ကိစ္စဟာ တောက်လျှောက် ဖြစ်လာတာကိုး။
ဒီ အမိန့်နာခံမှုဆိုတဲ့ အမိန့်ပေးတဲ့နေရာမှာ စကားလုံးတွေက ဘာထွင်လာသလဲဆိုတော့ ပြောတဲ့နေရာ မှာ စစ်သားနားလည်အောင်ဆိုပြီးတော့ ပြောရင်းနဲ့ အမိန့်ပေးလိုက်လို့ရှိရင် “အမိန့်အတိုင်းလုပ်၊ ဘာမှ ပြန်မပြောနဲ့” ဆိုတာမျိုး ဖြစ်လာရအောင် အပေါ်ကအုပ်ချုပ်တဲ့လူ၊ ခိုင်းတဲ့လူက၊ အမိန့်ပေးတာကို ဘာပဲ ဖြစ်ဖြစ် ရအောင်လုပ်ရမယ်။ မရတာ မရှိရဘူး။ ဒီဟာဖြစ်အောင် လုပ်ရမယ်ဆိုတဲ့ အခါကျတော့ စကားလုံးဟာ သုံးလိုက်တဲ့အခါကျတော့ “ရေဗူးပေါက်တာ ငါမလိုချင်ဘူး၊ ရေပါတာ လိုချင်တယ်” စစ်မြေပြင်ထွက်သွားတဲ့အခါမှာ “ရေဗူးပေါက်တာမလိုချင်ဘူး ရေပါတာလိုချင်တယ်” အဲဒီလိုဟာတွေက သုံးလာကြတာပေါ့။ အဲဒီ စကားလုံးက အဓိပ္ပာယ်တော့ သိပ်မရှိလှဘူးဗျ။
ဦးရော်နီညိမ်း။ ။ အဲဒီဟာက ခုန အန်ကယ်ပြောသလို အဓိပ္ပာယ်သိပ်မရှိလှပေမယ့်လည်း တော်တော် လေးတော့ ထိရောက်ခဲ့ပုံ တယ်။ တပ်ထဲမှာလည်းပဲ အဲဒီအတိုင်း အထက်ကပြောလိုက်ရင် အောက်က လိုက်လုပ်ရမယ့်လူကလည်း ဒီစကားလုံးကို ကြားလိုက်တာနဲ့ “ရေဗူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်” ဆိုတဲ့ဟာနဲ့ နှိုင်းယှဉ်ပြီး ပြောဆိုပြီး သူ့ကို တာဝန်တခုခုပေးလိုက်ပြီဆိုရင် သူကလည်း ခေါင်းထဲမှာ အဲဒါက လျှောကနဲဝင်သွားပြီးတော့ ဘာမှစဉ်းစားစရာမလိုတော့ဘူး။ ဒီဥပမာက ခေါင်းထဲမှာ အဲဒီဟာက တော်တော် ထိထိရောက်ရောက်ရှိခဲ့တာပေါ့ နော်။ ဒီ လက်သုံး စကားကြီးနဲ့။
ဦးတင်ဦး။ ။ တခုတာ့ရှိတာပေါ့ဗျာ၊ ထိထိရောက်ရောက်တော့ ရှိတာပေါ့။ ဒါပေမယ့် စစ်ရဲ့ အောင်မြင် ရာအောင်မြင်ကြောင်းနဲ့ ပတ်သက်တဲ့ ကိစ္စအရပ်ရပ်အ၀၀မှာ ထိရောက်အောင်မြင်နိုင်စေဖို့အတွက် အကောင်းဘက်ကို အကျိုးသက်ရောက်မယ့်ဟာကို ရည်စူးပြီးပြောတာပဲ ဖြစ်ရမယ်ပေါ့။
ဦးရော်နီညိမ်း။ ။ သောတရှင်များ ခင်ဗျာ၊ နောက် သီတင်းပတ် စနေနေ့ မနက်နဲ့ ညနေပိုင်း ဗီအိုအေ မြန်မာပိုင်းအစီအစဉ် “တပ်မှူးတပ်သား ပြောစကား အပတ်စဉ်ကဏ္ဍ” မှာ စစ်တပ်နှင့် အမိန့်နာခံမှု အပိုင်း(၃)ကို ဆက်ပြီး တင်ဆက်ပေးသွားပါမယ်။ စောင့်မျှော်နားဆင်ကြပါ။ ကျနော် ရော်နီညိမ်းပါ။