သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေမျိုးဇင် အပြစ်မရှိကြောင်း တရားရုံးဆုံးဖြတ်


နေမျိုးဇင် အပြစ်မရှိကြောင်း တရားရုံးဆုံးဖြတ်
နေမျိုးဇင် အပြစ်မရှိကြောင်း တရားရုံးဆုံးဖြတ်

ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ခံ အကျဉ်းဦးစီးဌာနကနေ အကျဉ်းထောင် အက်ဥပဒေပုဒ်မ ၄၂ အရ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို တရားစွဲဆိုထားတဲ့ တရားမဝင်ပစ္စည်း ခိုးသွင်းမှုကို ဒီကနေ့မှာ အင်းစိန်မြို့နယ်တရားရုံးကနေ အပြစ်မရှိကြောင်း ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါတယ်။ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ပြီးခဲ့တဲ့လက နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့တဲ့နေ့မှာပဲ ပုဒ်မ ၄၂ နဲ့ ပြန်ပြီးတော့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ သူ့ကို အပြစ်မရှိကြောင်း တရားရုံးရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီးတော့ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ထိုင်း အခြေစိုက်၊ ဗွီအိုအေ သတင်းထောက် မအေးမာက တင်ပြပေးထားပါတယ်။

ပြည်တဲရေးဝန်ကြီးဌာနလက်အောက်၊ အကျဉ်းစီးဦးဌာနကနေ တရားလိုလုပ်တိုင်ကြားပြီး အမှုဖွင့် ခဲ့တာကတော့ ဗိုလ်ကြီးဟောင်းနေမျိုးဇင်ဟာ ဗိုလ်ချုပ်အောင်ဆန်းပုံပါ အင်္ကျီနဲ့ ဒေါ်အေင်ဆန်းစုကြည်ပုံပါ သော့ချိတ်ကို အင်းစိန်ထောင်ထဲ ယူဆောင်လာတယ်ဆိုပြီး အမှုဖွင့် တရားစွဲခဲ့တာပါ။

ဒီနေ့တရားရုံးထုတ်ချိန်မှာ အင်းစိန်မြို့နယ်တရားရုံးကနေ အပြစ်မရှိဘူးဆိုတဲ့အမိန့်ကိုချမှတ်ခဲ့တယ်လို့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ပြောပါတယ်။

“အင်းစိန်မြို့နယ်တရားရုံးမှာပါ။ တရားသူကြီးရဲ့ တရားခွင်မှာ NLD ပါတီဝင်လူငယ်တွေရော၊ စိတ်ပါဝင်စားတဲ့ သူတွေရော တော်တော်များများလာရောက် နားထောင်ပါတယ်။ နောက် တရားသူကြီးက စတင်ဖတ်ကြားပါတယ်။ လျှောက်လဲချက်တွေနဲ့ စွဲဆိုချက်တွေကိုတော့ မပြောတော့ပါဘူးတဲ့- မပြောတော့ဘဲနဲ့ သုံးသပ်ချက်နဲ့ အမိန့်ကိုပဲ ဖတ်ပြပါတယ်။ သုံးသပ်ချက်ကို ဖတ်ပြရာမှာလည်း တရားလို အရာရှိတွေ တင်သွင်းလာတဲ့ ဗိုလ်ချုပ်ပုံပါတဲ့ အင်္ကျီတွေ၊ ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့ သော့ချိတ်တွေဟာ တရားမဝင်ဘူးဆိုတဲ့အကြောင်း လုံလောက်တဲ့ အထောက်အထားမရှိပါဘူး၊ နောက်ပြီး ဥပဒေပုဒ်မတွေလည်း မရှိပါဘူးတဲ့။ အကျဉ်းထောင်တွေထဲမှာ ပြဌာန်းထားတဲ့အထဲမှာလည်း မပါပါဘူးတဲ့။

ပြီးတော့ ကျနော်က သူတို့စွပ်စွဲသလို ခိုးသွင်းဖို့ ကြိုးစားတာ မဟုတ်တဲ့အပြင် ဒီပစ္စည်းတွေကလည်း တရားမဝင်ပစ္စည်း မဟုတ်ဘူးဆိုပြီးတော့ ပေါ်လွင်ထင်ရှား တွေ့ရှိရတဲ့အတွက်ကြောင့် ကွင်းလုံးကျွတ် လွှတ်လိုက်ပါတယ်တဲ့။ ကျနော်အပြစ်မရှိဘူးလို့ ဆုံးဖြတ်ပါတယ်တဲ့”

ဒါဟာ ပြည်တဲရေးဝန်ကြီးဌာနလက်အောက်မှာ တရားရုံးကနေ အပြစ်မရှိဘူးလို့ ဆုံးဖြတ်တာဟာ ဖြစ်တောင့်ဖြစ်ခဲ အမှုကိစ္စ ဖြစ်ပြီး သူရဲ့အမှုဟာ ပထမဦးဆုံးတောင် ဖြစ်နိုင်တယ်လို့ ကိုနေမျိုးဇင်က ပြောပါတယ်။

“ပြည်ထဲရေးဝန်ကြီးဌာန ဝန်ထမ်းယန္တရားကနေ တရားလိုပြုပြီးတော့ စွဲတင်တဲ့အမှုမှာ တရားခံအဖြစ် စွပ်စွဲခံရသူ လွတ်တယ်ဆိုတာ မရှိသလောက် ရှားခဲ့ပါတယ်- ကျနော်တို့ သမိုင်းမှာ။ ကျနော်သိ သလောက်ပေ့ါနော် - ကျနော် ထမဆုံးပဲ ဖြစ်မလားတော့ မသိပါဘူး။ ပြည်ထဲရေးဝန်ကြီးဌာနက စွဲဆိုတဲ့ အမှုတခုကို တရားရုံးက အပြစ်မရှိကြောင်းဆိုပြီးတော့ ကွင်းလုံးကျွတ် လွှတ်လိုက်တဲ့အမှုဟာ။ ကျနော်တို့ ဝမ်းမြောက်ပါတယ်။ ဂုဏ်ယူပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ရင်ထဲမှာ ကျနော်တို့ ေ လးစားရတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်ပြီးတော့ တရားမဝင်ဘူးလို့ သုံးနှုံးစွပ်စွဲလာတာကိုခံရတဲ့ အမှုကြီးပေါ့နော်”

တရားမဝင် ပစ္စည်းလို့ အကျဉ်းထောင်က သတ်မှတ်ခဲ့တာက ဗိုလ်ချုပ်အောင်ဆန်းပုံ ပါတီရှပ်နဲ့ ဒေါ် အောင်ဆန်းစုကြည်ပုံပါ သော့ချိတ်ဖြစ်နေတဲ့အတွက် ဒါဟာ မဖြစ်သင့်တဲ့အမှုဖြစ်တဲ့အတွက် ပြစ်ဒဏ်ကနေ လွှတ်ပေးလိုက်တယ်လို့ ယူဆတယ်လို့လည်း ပြောပါတယ်။

“အားလုံး အထွေထွေ ပါပါလိမ့်မယ် ခင်ဗျ၊ အားလုံးက ဝိုင်းဝန်း စိတ်ဝင်တစား စောင့်ကြည့် နေတာလည်း ပါပါတယ်။ ပြီးတော့ ဒီအမှုဖြစ်စဉ်ကိုကလည်း မဖြစ်သင့် မဖြစ်ထိုက်တဲ့အကြောင်း တရားသူကြီးတွေ ကိုယ်တိုင်ကလည်း လေးလေးနက်နက် ယုံကြည်တာလည်း ပါပါမယ်။ တရားသူကြီးတွေမှာ ချုပ်ခြယ်လွှမ်းမိုးခံရခြင်း မရှိဘဲ လွတ်လပ်စွာ၊ တည့်မတ်စွာစီရင်ပိုင်ခွင့် သူတို့မှာ ရရှိသွားလို့လည်း ပါပါမယ်ခင်ဗျ”

မြန်မာနိုင်ငံရဲ့တရားစီရင်ရေး မဏ္ဍိုင်တည့်မတ်စေဖို့အတွက် မတရားပြစ်ဒဏ်ချထာတဲ့အမှုတွေကို လည်း ဆက်လက်စိစစ်ပေးဖို့ ဗိုလ်ကြီးဟောင်းနေမျိုးဇင်က တောင်းဆိုပါတယ်။

“အစိုးရသစ်ရဲ့လက်ထက်မှာ ကျနော်ဟာ ပထမဆုံးအဖမ်းခံရတဲ့ နိုင်ငံရေးအကျဉ်းသားလည်း ဖြစ်ခဲ့ ပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်တဲ့နေ့မှာပဲ နောက်တမှုနဲ့အစွဲခံရပြီးတော့ ထပ်ပြီးအစွဲခံရ သူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အခု ၂ ပတ်ကျော် အကြာမှာပေါ့- နောက်ဆုံးစီရင်ချက် ချတဲ့ အချိန်မှာ ကျနော့်ကို ကွင်းလုံးကျွတ် လွှတ်လိုက်တယ် ဆိုတဲ့ အတွက်ကြောင့် ဒီ လပိုင်း အတောအတွင်းမှာ တရားစီရင်ရေး မဏ္ဍိုင်အနေနဲ့တော့ တည့်မတ်မှန်ကန်လာတယ်၊ ဆုံးဖြတ်ချက်တွေ မှန်ကန်လာတယ်လို့တော့ ပြောချင်ပါတယ်။

ဒါပေမယ့် ဆုံးဖြတ်ခဲ့ပြီးသော အမိန့်များ- အဲဒါက လက်ရှိ ထောင်ထဲမှာ လက်ရှိ အကျဉ်းကျခံနေရတဲ့ အမှုများကို၊ တရားစီရင်ရေးစနစ်ဟောင်းမှာ ဖမ်းဆီးထားခံရတဲ့သူများကို ပြန်လည်စစ်ဆေး ဖော်ထုတ်ပြီးတော့ မတရားဖမ်းဆီးထားခံရသူများအရေးကိုလည်း အစိုးရသစ်အနေနဲ့ ဆောင်ရွက်စေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိဖြစ်နေတဲ့ အမှုတခုခုကို မှန်ကန်စွာ ဆုံးဖြတ်လိုက်ရုံနဲ့ တရားစီရင်ရေး မဏ္ဍိုင် တည့်မတ်သွားမှာ မဟုတ်ပါဘူး”

ဗိုလ်ကြိးဟောင်းနေမျိုးဇင်ဟာ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေနဲ့ ထောင်ဒဏ် ၁ဝ နှစ်ချမှတ်ခံရပြီး မကြာခင်ကမှ ပြန်လွတ်လာခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဖြစ်ပါတယ်။

သူဟာ သွေးအကူအညီပေးရေးနဲ့ တခြား လူမှုရေးလုပ်ငန်းတွေကို လုပ်ကိုင်ရင်း အဖမ်းဆီးခံခဲ့ရပြီး နောက် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့မှာ ပြန်လွတ်လာခဲ့ပြီး ဒီအမှုကတော့ ပြန်လွတ်တဲ့နေ့မှာပဲ တရားစွဲဆိုခံခဲ့ရတဲ့အမှုလည်း ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG