သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

HIV/AIDS ဝေဒနာရှင် စောင့်ရှောက်ရေး ရန်ပုံငွေ ဂီတပွဲကျင်းပ


မြန်မာနိုင်ငံက HIV / AIDS ရောဂါ ဝေဒနာရှင်တွေကို ကူညီစောင့်ရှောက်ရေးအတွက် ရန်ပုံငွေ တေးဂီတ ဖျော်ဖြေပွဲကို ရန်ကုန်မြို့မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။ နိုင်ငံတ၀န်းမှာရှိတဲ့ HIV / AIDS ကူညီစောင့်ရှောက် ရေးအဖွဲ့တွေ ရန်ပုံငွေ အခက်အခဲဖြစ်လာတာကို အကူအညီပေးနိုင်ဖို့ အတွက် အခုလို ကျင်းပခဲ့တာဖြစ်ပြီး၊ ဂီတ အနပညာရှင်ပေါင်းများစွာ ပါဝင်ခဲ့ကြပါတယ်။ ကိုရန်နိုင် တင်ပြထားပါတယ်။

HIV / AIDS ရောဂါ ဝေဒနာရှင်တွေကို ကုသစောင့်ရှောက်ပေးနေတဲ့ အဖွဲ့ ၇ ဖွဲ့ကို အကူအညီ ပေးနိုင်ဖို့ ရည်ရွယ်ပြီးတော့ ရန်ကုန်မြို့က ကန်တော်ကြီး မျှော်စင်ကျွန်းမှာ အခုလို ရန်ပုံငွေ ဂီတဖျော်ဖြေပွဲကို ကျင်းပ ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းက HIV / AIDS ကူညီစောင့်ရှောက်ရေးအဖွဲ့ ၇ ဖွဲ့ စုပေါင်း ဖွဲ့စည်း ထားတဲ့ အေးမြမေတ္တာ ကျန်းမာရေးစောင့်ရှောက်မှု ဖောင်ဒေးရှင်း နဲ့ အနုပညာရှင်တွေ ပူးပေါင်းလုပ်ခဲ့တာ ဖြစ်ပြီး၊ တိုင်းပြည်တွင်းလိုအပ်နေတာတွေကို စုပေါင်းလုပ်ဆောင်သွားဖို့ဖြစ်တယ်လို့ ဒီပွဲကို စီစဉ်သူတဦး ဖြစ်တဲ့ ကိုမြတ်စံ က ပြောပါတယ်။

“အဓိက ကတော့ ဒေါ်အောင်ဆန်းစုကြည်ကနေ World Aids Day မှာ ပေးလိုက်တဲ့ အမှာစကား ခင်ဗျ။ စုပေါင်းစွမ်းအားနဲ့ ကိုယ်ခံစွမ်းအားတွေကို မြှင့်တင်ကြလို့ဆိုပါတယ်။ ကိုယ့်တိုင်းပြည်တွင်း မှာရှိတဲ့ပြဿနာတွေကို အားလုံး စုပေါင်းဖြေရှင်းကြမယ်ဆိုရင် ကျနော်တို့ အောင်မြင်နိုင်တယ် ဆိုတာ ယုံကြည်တဲ့မျှော်လင့်ချက်နဲ့ ဒီပွဲကို ကျင်းပတာပါ။”

မြန်မာနိုင်ငံအတွင်း ရောဂါ ၃ မျိုး တိုက်ဖျက်ရေးအတွက် အကူအညီပေးနေတဲ့ 3D Fund ရံပုံငွေ ထောက်ပံ့မှု တွေဟာ အခက်အခဲ တွေရှိနေတဲ့အတွက် အခုနှစ်မှာ ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။ အဲဒီလိုအကူအညီတွေ ရပ်ဆိုင်း ခဲ့တာကြောင့် မြန်မာနိုင်ငံထဲမှာရှိတဲ့ HIV / AIDS ကူညီစောင့်ရှောက်ရေးအဖွဲ့တွေဟာလည်း ရန်ပုံငွေတွေကို ကိုယ်ထူကိုယ်ထရှာဖွေဖို့လိုအပ်လာနေတာဖြစ်တယ်လို့ ကိုမြတ်စံက ပြောပါတယ်။

“ဒေသတွင်းမှာ HIV ကူးစက်ခံရတဲ့သူတွေကို ဆေးကျွေးရုံတင်မဟုတ်ဘူး၊ အဲဒီလူတွေကို စောင့် ရှောက်ရတဲ့လူတွေကို စောင့်ရှောက်ဖို့ အတွက် အခက်အခဲဖြစ်လာတယ်။ အဲတော့ အဲဒါနဲ့ ပတ်သက်ပြီး ကျနော်တို့ ၇ ဖွဲ့ စုပေါင်းပြီး ဒေါက်တာတင်မျိုးဝင်း နဲ့ တိုင်ပင်ပြီး ၊ သူရဲ့ ကရုဏာ လရိပ်အပါအ၀င် အေးမြမေတ္တာ ကျန်းမာရေးစောင့်ရှောက်မှုဖောင်ဒေးရှင်း ဆိုပြီးတော့ (၇) ဖွဲ့ စလုံးကို စုပေးပြီးတော့ ကျနော်တို့ ဂီတဖျော်ဖြေပွဲအတွက် အနုပညာရှင်တွေ၊ ဂီတပညာရှင်တွေ ၊ နောက် ပန်းချီ နဲ့ကာတွန်း ပညာရှင်တွေ ပူးပေါင်းပါဝင်ပြီးတော့ မျှော်စင်ကျွန်းမှာ ကျနော်တို့ ဖျော်ဖြေပွဲကို စလုပ်တာပေါ့။ ဖျော်ဖြေပွဲနဲ့ အတူ ရရှိလာတဲ့ ရန်ပုံငွေတွေကို အဖွဲ့ (၇) ဖွဲ့က ညီမျှ စွာခွဲယူပြီးတော့ သူတို့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ဆက်ပြီးတော့ အကူအညီ ဖြစ်အောင် အသုံးချသွားမယ်လို့ သိရပါတယ်။”

ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ဒီကနေ့ညနေမှာ ကျင်းပတဲ့ ရံပုံငွေဖျော်ဖြေပွဲကို ခေတ်ဟောင်း အဆိုတော် တွေ၊ ဂီတပညာရှင်တွေအပြင် ၊ အခုခေတ်ပေါ် လူငယ် ရက်ပ် နဲ့ ဟစ်ဟော့ပ်အဆိုတော်တွေလည်း ပါဝင်ခဲ့ကြ သလို၊ ပန်းချီ နဲ့ အနုပညာတွေလည်း ပါဝင် ကူညီခဲ့ကြပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်န၀ါရီလအတွင်းက သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ လွတ်မြောက်လာခဲ့တဲ့ အရင် ရွှေသံစဉ်တီးဝိုင်းရဲ့ ဂီတမှူးဖြစ်တဲ့ ကိုဝင်းမော်ကလည်း ဒီပွဲမှာ ပါဝင်ကူညီခွင့်ရတဲ့ အပေါ် အခုလို ပြောပါတယ်။

“၀မ်းသာတာပေါ့ဗျာ။ ဘာလို့လဲဆိုတော့ ကျနော်တို့ ပထမတကြိမ် ဒေါ်စုအတွက် သီချင်းတပုဒ်တီး ပေးပြီး ၆ နှစ်လောက်ကြာတော့ ပြန်ထွက်လာတော့ ရွှေသံစဉ်နာမည်သုံးခွင့်မရတော့ဘူးလေ။ အလင်္ကာဆိုတဲ့နာမည်နဲ့ တီးရတာကိုး။ အခုဒီတစ်ခေါက် လွန်ခဲ့တဲ့ ၂ ပတ်ကျော်လောက်က ပြန် လွတ်လာတော့ ပထမဦးဆုံး HIV ဝေဒနာရှင်တွေအတွက် ရန်ပုံငွေရှာပေးရတဲ့ ကိစ္စဖြစ်တာက တစ်ကြောင်း ၊ နောက် ကျနော်ရွှေသံစဉ်အဖွဲ့အနေနဲ့ ဒီနာမည်နဲ့ ပြန်ပြီး ပရိသတ်နဲ့ ပြန်ပြီးထိတွေ့ ခွင့် ရတာကတစ်ကြောင်း ၀မ်းသာတာပေါ့ဗျာ။”

အခုလိုမျိုး HIV / AIDS ဝေဒနာရှင်တွေကို အကူအညီပေးနိုင်ဖို့အတွက် ရည်ရွယ်တဲ့ ရံပုံငွေ ဂီတဖျော်ဖြေပွဲ တွေကို နောက်ပိုင်းမှာ သက်ဆိုင်ရာအဖွဲ့ ၇ ဖွဲ့ပါဝင်တဲ့ နယ်မြို့တွေဖြစ်တဲ့ ဘားအံ၊ မော်လမြိုင်၊ ရွှေဘို၊ မန္တလေး၊ ကျောက်ပန်းတောင်း စတဲ့ မြို့တွေမှာ လိုက်ပါဆောင်ရွက်သွားနိုင်တဲ့ ဂီတပညာရှင်တွေနဲ့ အတူ ကျင်းပပြီး ရန်ပုံငွေရှာဖွေတာတွေ၊ ပညာပေးတာတွေ လုပ်သွားဖို့ရှိတယ်လို့ ပြောပါတယ်။

XS
SM
MD
LG