သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်တားနား မြန်မာအစိုးရ ခေါင်းဆောင်ပိုင်းနဲ့ တွေ့ဆုံ


ကင်တားနား မြန်မာအစိုးရ ခေါင်းဆောင်ပိုင်းနဲ့ တွေ့ဆုံ

မြန်မာနိုင်ငံကို ၆ ရက်ကြာခရီးရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် သောမတ်အိုဟေး ကင်တာနားဟာ ဒီကနေ့ နေပြည်တော်မှာ အစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

မစ္စတာကင်တာနားဟာ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်း တို့ အဝင် အစိုးရပိုင်းတာဝန်ရှိသူတွေ တခြားအာဏာပိုင်တွေနဲ့ တွေ့ဆုံခဲ့ပြီး အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နဲ့ မနက်ဖြန် တွေ့ဆုံဖို့ရှိပါတယ်။

အဲဒါပြီးရင် ရန်ကုန်မြို့ကို ပြန်လာပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံဖို့ရှိ သလို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။ သူဟာ လူမှု အခြေပြု အဖွဲ့အစည်းက တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ လည်းဆုံတွေ့ဖို့ အစီအစဉ်ရှိသလို အင်းစိန်အကျဉ်းထောင်ဆီ လည်း သွားရောက်ကြည့်ရှုမှာပါ။

ရန်ကုန်အပြင် ကရင်နဲ့ မွန်ပြည်နယ်တွေဆီ သွားရောက် ကြည့်ရှုဖို့လည်း ရှိပါတယ်။ မစ္စတာကင်တာနားဟာ ဖေဖဝါရီလ ၅ ရက်နေ့အထိ မြန်မာနိုင်ငံတွင်း ရှိမှာဖြစ်ပြီး ခရီးစဉ်အပြီးမှာတော့ သတင်းစာရှင်းလင်းပွဲ တရပ်လုပ်ဖို့ အစီအစဉ်လည်း ရှိတယ်လို့ ကုလသမဂ္ဂ ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက ပြောပါတယ်။

“ဒီနေ့မနက်အစောကြီးမှာ ပညာရေးဒုဝန်ကြီး ဦးဘရွှေနဲ့တွေ့ပါတယ်။ နောက်တရားသူကြီးချုပ် ဦးထွန်း ထွန်းဦး နဲ့ တွေ့တယ်။ ပြီးတော့ ရှေ့နေချုပ် ဒေါက်တာထွန်းရှင်နဲ့တွေ့ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနဲ့ တွေ့တယ်။ နောက်တခါ သမ္မတရဲ့ တရားရေးအကြံပေးအဖွဲ့ဝင် ဦးစစ်အေးနဲ့တွေ့တယ်။ နေ့လည်ကျတော့ လွှတ်တော်မှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြန်ကြားရေးဝန်ကြီးဋ္ဌာန ဒုတိယ ၀န်ကြီး ဦးစိုးဝင်းနဲ့တွေ့တယ်။ ညနေပိုင်းမှာတော့အလုပ်သမား ဒုဝန်ကြီးဦးမြင့်သိန်းနဲ့ တွေ့ပါတယ်။ ဒီညနေ မှာတော့ ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်းနဲ့တွေ့ပါတယ်။ မနက်ဖြန် ရန်ကုန်သွားမှာပါ။ သန်ဘက်ခါ ကျရင်တော့ ဘားအံနဲ့ မော်လမြိုင်ကိုသွားဖို့ စီစဉ်ထားပါတယ်။ နောက် ရန်ကုန်မှာ အင်းစိန်ထောင် ကိုလည်း သွားပြီးလေ့လာမှာပါ။”

သူ့ရဲ့ အခုဒီခရီးစဉ်အတွင်းက လေ့လာတွေ့ရှိချက်တွေကိုတော့ လာမယ့် မတ်လ ၁၉ ကြိမ်မြောက် လူ့ အခွင့်အရေး ကောင်စီကို အစီရင်ခံစာတင်သွင်းမှာဖြစ်ပါတယ်။ ၂ဝဝ၈ ခုနှစ် မေလကစပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရတဲ့ မစ္စတာကင်တာနားဟာ အရင် မြန်မာစစ်အစိုးရ လက်ထက်တုန်း က မြန်မာအစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာကြောင့် နောက်ပိုင်း ကာလတွေမှာ မြန်မာနိုင်ငံတွင်း ဝင်ရောက်ခွင့်မရခဲ့ပါဘူး။

အရပ်သားအစိုးရသစ်တက်လာပြီးနောက် ပြီးခဲ့တဲ့နှစ်ကတော့ မြန်မာနိုင်ငံတွင်း ဝင်ရောက်ခွင့်ရပါတယ်။ မစ္စတာ ကင်တာနားအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်လာတာအပါအဝင် အခြား တိုးတက် ပြောင်းလဲ မှုတွေကို ကြိုဆိုခဲ့ပေမယ့် လူ့အခွင့်အရေးဆိုင်ရာ လုပ်ဆောင် စရာတွေ ကျန်နေသေးတယ်လို့ ထောက်ပြခဲ့ ပါတယ်။ ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ပြောသလို ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ရဲ့ လွတ်လပ်မျှတမှုကို စောင့်ကြည့်မယ်လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ တွင်းဖြစ်ခဲ့တဲ့ ဆိုးဝါးလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ်မှာ ဘယ်လို တာဝန်ယူ ဖြေရှင်း ကိုင်တွယ် မလဲ ဆိုတာကိုလည်း အခုအချိန်အထိ တွန်းအားပေး မေးခွန်းထုတ်နေသူ ဖြစ်ပါတယ်။

XS
SM
MD
LG