ဖေဖ၀ါရီ ၅၊ ၂၀၁၂။ တိုင်းရင်းသားအရေးကိစ္စဟာ မြန်မာ့လွတ်လပ်ရေးနဲ့တပြိုင်တည်း ပေါ်လာတဲ့ ဆယ်စုနှစ်နဲ့ချီလာတဲ့ မြန်မာ့နိုင်ငံရေးပြဿနာတရပ်ဖြစ်ပါတယ်။ စစ်အစိုးရတက်လာပြီးတဲ့နောက် တိုင်းရင်းသားလက်နက်ကိုင်အတော်များများနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် ၁၇ ဖွဲ့နဲ့ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ခဲ့ပြီဆိုပြီး စစ်အစိုးရက ၀ံ့ကြွားခဲ့တဲ့ အထိပါပဲ။
အခု အစိုးရသစ်လက်ထက် အစပိုင်းမှာ အရင်စစ်အစိုးရလက်ထက်က အပစ်ရပ်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ မြန်မာအစိုးရတပ်တွေအကြား တင်းမာမှုတွေ ဖြစ်ပြီး သေနက်သံတွေ ပြန်ပေါက်ခဲ့ပါတယ်။ ပြည်တွင်း ပြည်ပ တောင်းဆိုသံတွေ တိုက်တွန်းချက်တွေနဲ့အတူ အစိုးရသစ်ကလည်း တိုင်းရင်းသားတွေနဲ့ ပြန်ပြီးညှိုနှိုင်းဆွေးနွေးမှုတွေ လုပ်လာပြီး၊ မကြာခင်ကဆိုရင် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တွေ တဖွဲ့ချင်းနဲ့ လက်မှတ်ထိုးလာနိုင်ခဲ့ပါပြီ။
နောက်တကျော့ဖြစ်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တွေဟာ အရင်လို ပြိုကွဲလေဦးမလား၊ အရှည်သဖြင့် တည်တံနိုင်မလားဆိုတာ မေးခွန်းဖြစ်လာပါတယ်။ အခု တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာတော့ ဒီအခြေအနေတွေကို အခြေခံပြီး မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားအရေးဖြေရှင်းရာမှာ လက်ရှိအားဖြင့် ရေရှည်တည်တံနိုင်မယ့် အဖြေထုတ်နိုင်မလား သုံးသပ်ဆွေးနွေးထားပါတယ်။ အမေရိကန်ပြည်ထောင်စု အင်ဒီယားနားတက္ကသိုလ် ဖွဲ့စည်းပုံဥပဒေဆိုင်ရာကျွမ်းကျင်သူ ဒေါက်တာ အင်ဒရူး၊ NDF အမျိုးသားဒီမိုကရေစီအင်အားစု ပါတီက ကချင်လူမျိုး ဒေါ်ဘောက်ဂျာ၊ KNU ကရင်အမျိုးသားအစည်းအရုံး ပြောခွင့်ရသူ ဗိုလ်မှုးစောလှငွေတို့က အဓိက ဆွေးနွေးထားကြပါတယ်။