နိုင်ငံတကာငွေကြေးအဖွဲ့အစည်းတွေက မြန်မာနိုင်ငံကို နည်းပညာအကူအညီတွေ ပြန်လည်ပေးနိုင်ဖို့ အမေရိကန်ပြည်ထောင်စုရဲ့ အရေးယူမှုအချို့ကို မနေ့က ပယ်ဖျက်လိုက်ပါပြီ။ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေအောက်မှာထားတဲ့ မြန်မာအပေါ် အရေးယူမှုအချို့ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ လက်မှတ်နဲ့ ကင်းလွတ်ခွင့်ပေးလိုက်တာပါ။ အမေရိကန်ပြည်ထောင်စုရဲ့ ဒီအရေးယူဆောင်ရွက်ချက်ကြောင့် မြန်မာနိုင်ငံအတွက် ဘာတွေများ အကျိုးရှိစေနိုင်သလဲ ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းထားပါတယ်။
လူကုန်ကူးခံရသူများကို အကာအကွယ်ပေးရေး ဥပဒေအောက်က မြန်မာအပေါ် အရေးယူမှုအချို့ကို နိုင်ငံခြားရေးဝန်ကြီးလက်မှတ်ထိုးပြီး အခုလို ကင်းလွတ်ခွင့်ပေးလိုက်တာကြောင့်၊ အမေရိကန်ပြည်ထောင်စုက ကမ္ဘာဘဏ် အာရှဖွံဖြိုးရေးဘဏ် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့စတဲ့ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေအနေနဲ့ မြန်မာနိုင်ငံကို နည်းပညာရပ်ဆိုင်ရာ အကူအညီတွေ ပြန်ပေးနိုင်တော့မှာပါ။ ဒီလို အရေးယူဆောင်ရွက်မှုကြောင့် ပြီးတဲ့ခဲ့နှစ်ကစခဲ့တဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုအချို့အတွက် အထောက်အပံ့ အားဖြစ်စေလိမ့်မယ်လို့ မြန်မာ့အရေးလေ့လာသူ ဒေါက်တာခင်ဇော်ဝင်းက ပြောပါတယ်။
“အပြည်ပြည်ဆိုင်ရာ ပုံစံမျိုးနဲ့ ဖွံဖြိုးဆဲနိုင်ငံတွေ ပြုပြင်ပြောင်းလဲမှုတွေ လုပ်မယ်ဆိုရင်တော့ International Financial Organization တွေကနေ အကြံဉာဏ်တွေ ယူလို့ရသွားပြီပေါ့။ ဒီလို အကြံဉာဏ်တွေ ယူတိုင်းလည်း ကောင်းတယ်မဟုတ်ဘူးပေါ့။ ဒါပေမဲ့လည်း ကိုယ်က ပြတ်ကျန်ခဲ့တဲ့ နိုင်ငံဆိုတော့ ဘာပဲပြောပြော ကောင်းတယ်လို့ ပြောရမှာပေါ့။”
နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်အရဆိုရင်တော့ အမေရိကန်ပြည်ထာင်စုဘက်က အခုလို လျှော့ပေါ့ပေးလာတာတွေဟာ မကြာခင်က မြန်မာနိုင်ငံတွင်း ဖြစ်ခဲ့တဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကြောင့်ဖြစ်တယ်လို့ ထောက်ပြပါတယ်။ အထူးသဖြင့်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လာမယ့် ရွေးကောက်ပွဲမှာ ပါဝင်ခွင့်ပေးတာ၊ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတာ၊ အရပ်ဖက်လွတ်လပ်ခွင့်တွေ ပေးတာ၊ တိုင်းရင်းသားလူနည်းစုတွေနဲ့ အပစ်အခတ်ရပ်စဲရေး ကနဦးဆွေးနွေးညှိုနှိုှုင်းမှုတွေ စတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အထောက်အကူဖြစ်စေဖို့လို့ ဆိုပါတယ်။ အခုလို အမေရိကန်ပြည်ထောင်စု ဘက်က မြန်မာနဲ့ ပိုပြီး အဆင်ပြေနီးစပ်လာတဲ့သဘောကြောင့် မြန်မာအစိုးရအဖွဲ့အတွင်း ပြုပြင်ပြောင်းလဲရေးလုပ်လိုသူတွေကို ပိုမို တွန်းအားဖြစ်စေလိမ့်မယ်လို့ သြစတေးသျှ အမျိုးသားတက္ကသိုလ်က မြန်မာ့အရေးသုတေသီ Nicholas Farrelly က မြင်ပါတယ်။
“ ပြီးခဲ့တဲ့ လပိုင်းတွေအတါင်းက သူတို့ စွန့်စားပြီး ပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်မှုအချို့အပေါ် နိုင်ငံတကာက အပြုသဘောတုံ့ပြန်လာကြပြီဆိုတာမျိုး ခံစားရပါလိမ့်မယ်။ ဒါကြောင့် ဒီလို အရေးယူမှုတွေဟာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို ဆက်ဖြစ်စေပြီး၊ ဒီအတွက် ဆုံးဖြတ်ချက်တွေကို လည်း အားဖြစ်စေပါတယ်။”
မြန်မာအစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေလုပ်ရာမှာ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးနဲ့ စီးပွားရေး ဖွံဖြိုးမှုတွေကိုပါ ထည့်သွင်းလုပ်ဆောင်နေတာပါ။ ဒါပေမယ့် ဒီနေရာမှာ နိုင်ငံတကာပိတ်ဆို့မှုအချို့ကြောင့် အခက်အခဲအချို့ ရင်ဆိုင်နေရတယ်လို့ စီးပွားရေးလေ့လာသူတွေက သုံးသပ်ပါတယ်။ အခုလို နိုင်ငံတကာငွေကြေးအဖွဲ့အစည်းတွေရဲ့ နည်းပညာအကူအညီတွေ တရားဝင် ပေးခွင့်ရမယ့်အခြေအနေကြောင့်၊ ငွေကြေးပြုပြင်ပြောင်းလဲမှုတွေ လုပ်လာနိုင်ရင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ဝင်လာနိုင်တယ်လို့ ဒေါက်တာခင်ဇော်ဝင်းက ပြောပါတယ်။
“ မြန်မာပြည်ရဲ့ ဘဏ္ဍာရေးကဏ္ဍမှာဆိုရင်လည်း အဟန့်အတားတွေ ပုံစံဟောင်းကြီးတွေက စွဲမြဲပြီး ရှိနေသေးတာပေါ့၊ ငွေလဲနှုန်းတို့ကို သူတို့အနေနဲ့ Rationalize လုပ်မယ်၊ ဒါမှမဟုတ် Float လုပ်မယ် အကြံကောင်း ဉာဏ်ကောင်းတွေ ဝိုင်းပေးနိုင်ကြမယ်ဆိုရင်တော့ ပီပြင်လာမယ်ပေါ့ ကျနော် အဲလို မြင်ပါတယ်။ National Economy ကိုတော့ ပြုပြင်ပြောင်းလဲမှုတွေကို သူက အားပေးမယ်၊ ပီပြင်အောင်လုပ်ပေးမယ်ပေါ့၊ Exchange Rate တို့ ဘာတို့ အခုနက အဆင်ပြေလာရင်တော့ Investment က ဝင်လာမှာပေါ့၊ အထူးသဖြင့် အာရှက Investment က ပိုပြီး ဝင်လာနိုင်မယ် ထင်ပါတယ်။”
အခု အမေရိကန်ပြည်ထောင်စုရဲ့ လျှော့ပေါ့ပေးမှုမှာ နိုင်ငံတကာငွေကြေးအဖွဲ့အစည်းတွေက မြန်မာပြည်အပေါ် ချေးငွေထုတ်ပေးနိုင်တဲ့ အခြေအနေတော့ မရောက်သေးပါဘူး။ ဒါပေမယ့်လည်း နောက်ပိုင်း အမေရိကန်-မြန်မာ ဆက်ဆံရေး ဒီအခြေအနေအတိုင်း အရှိန် ကောင်းမွန်လာမယ်ဆိုရင်တော့ အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာအပေါ် ပိတ်ဆို့မှုတွေ တဖြေးဖြေး လျှော့ကျလာမယ်လို့ ဒေါက်တာခင်ဇော်ဝင်းက အကောင်းမြင်ပါတယ်။
“ World Bank Loan ၊ IFIs (International Financial Institutions) က Loan တွေ ရနိုင်မယ်၊ ADB (Asia Development Bank) က ပိုပြီး ရနိုင်ဖို့ ရှိမယ်၊ Investment က ဗီယက်နမ် လိုများ ဖြစ်လာနိုင်မလားပဲ၊ Sanction တို့ Financial Restriction တို့ ရုပ်တာတင် မကဘူးပေါ့၊ ကျနော်တို့ Infrastructure တို့ ဘာတို့ကလည်း လိုသေးတာကိုး။ တယ်လီဖုန်းတို့ Power Supply တို့ Human Resource တို့ကလည်း လိုသေးတာကိုး။ ဗီယက်နာမ်လို အမေရိကန်ကုမ္ပဏီတွေက မြန်မာပြည်လာပြီး ဒီက ဝန်ထမ်းတွေ များများခန့်၊ ဒီက ဝန်ထမ်းတွေကို သင်တန်းတွေ ပေးနိုင်မယ်ဆိုရင် အစိုးရတင်မကဘူး လူထုလည်း အကျိုးရှိမယ်လို့ ထင်ပါတယ်။ ကျနော်တို့လည်း မျှော်လင့်ပါတယ်။”
နိုင်ငံတကာငွေကြေးအဖွဲ့အစည်းတွေအနေနဲ့ နည်းပညာအကူအညီတွေ ပေးလာနိုင်မယ်ဆိုရင်တော့ မြန်မာနိုင်ငံတွင်း ဆင်းရဲမွဲတေမှုလျော့ပါးရေး လိုအပ်တာတွေအပေါ် ဘယ်လို ကူညီဆောင်ရွက်ပေးနိုင်မလဲဆိုတဲ့ မြန်မာ့စီးပွားရေးအခြေအနေကို ပိုပြီး နားလည်သဘောပေါက်လာနိုင်ပါတယ်။
တဖက်မှာလည်း မြန်မာအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ ပိတ်ဆို့မှုတွေကို ပြန်ရုပ်သိမ်း သင့်မသင့် ကိစ္စကို အစိုးရနဲ့ လွှတ်တော်အကြားမှာ ဆွေးနွေမှုတွေ စလု်ပနေပြီလို့ အမေရိကန်ပြည်ထောင်စု အရှေ့ အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာဒ်ကမ်ဘယ်က ပြောခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့ နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၊ မြန်မာနိုင်ငံကို လာရောက်ခဲ့သလို အထင်ကရ အထက်လွှတ်တော် အမတ်တွေဖြစ်ကြတဲ့ မစ်ချ်မက်ကောနဲလ်၊ ဂျွန်မက်ကိန်း နဲ့ ဂျိုးလစ်ဘာမန်း တို့ ကိုယ်တိုင်လည်း မြန်မာနိုင်ငံကို သွားရောက်ခဲ့ပါတယ်။ မြန်မာအပေါ် အရေးယူ ဒဏ်ခတ်မှုဆိုင်ရာ ဥပဒေတွေကို ပြင်ဖို့ အစိုးရအဖွဲ့နဲ့ လွှတ်တော်အကြား ညှိနှိုင်း ဆွေးနွေးမှုတွေ လုပ်နေတဲ့အခြေအနေဟာ၊ မကြာခင် လအနည်းငယ်အတွင်းမှာပဲ အဖြေထွက်ဖို့ရှိတယ်လို့လည်း မစ္စတာကန်ဘဲလ်က ပြောခဲ့ပါတယ်။