သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ကူညီမှုထိရောက်ရေး မြန်မာ့အရေးလှုပ်ရှားသူတွေ တိုက်တွန်း


U.S. Secretary of State Hillary Rodham Clinton greets Burmese comedian & former political prisoner Zaganar

အမေရိကန်အစိုးရကနေ မြန်မာနိုင်ငံကိုပေးမယ့် အကူအညီတွေကို ထိထိရောက်ရောက်ပေးနိုင်ဖို့အတွက် အမေရိကန်နိုင်ငံကိုရောက်ရှိနေတဲ့ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူတွေက တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ၀န်ကြီးကလင်တန်နဲ့ တွေ့ဆုံခဲ့စဉ် အတွင်း အခုလို တိုက်တွန်းပြော ဆိုလိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီတွေ့ဆုံမှုအတွင်းမှာ နိုင်ငံရေးအကျဉ်းသားကိစ္စတွေ၊ တိုင်းရင်းသား ပြဿနာတွေ နဲ့ အမျိုးသမီးအရေးကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံက အပြောင်းအလဲ အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြောဆိုဖို့အတွက် အမေရိကန်နိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ ၃ ဦးဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလရီ ကလင်တန် နဲ့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသား ဟောင်းတွေဖြစ်တဲ့ လူရွှင်တော် ကိုဇာဂနာ ၊ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒေါ်ခင်သန်းမြင့် နဲ့ NDF အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီက ကချင်အမျိုးသမီးရေးဆောင်ရွက်သူ ဒေါ်ဘောက်ဂျာတို့ ၃ ဦးပါဝင်တဲ့ မြန်မာ ကိုယ်စားလှယ်အဖွဲ့ဟာ ၀ါရှင်တန်မှာရှိတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ၀န်ကြီးကလင်တန် နဲ့ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

အဲဒီ တွေ့ဆုံမှုအတွင်း အမေရိကန်က မြန်မာနိုင်ငံကို ပေးမယ့် အကူအညီတွေပေးရေးကိစ္စကို အဓိကထား ဆွေးနွေးဖြစ်ခဲ့တယ်လို့ ၀န်ကြီးကလင်တန်နဲ့ တွေ့ဆုံခဲ့တဲ့ ကိုဇာဂနာက ပြောပါတယ်။

"အဓိက အကျဆုံး အချက်ကတော့ အမေရိကန်အစိုးရအနေနဲ့ ကျနော်တို့ တိုင်းပြည်ကို အကူအညီ ပေးမယ်ဆိုလို့ ရှိရင် ဘယ်လိုပုံစံနဲ့ အကူအညီပေးသင့်သလဲ၊ အဓိက အကျဆုံးအချက် အဓိက ကတော့ဗျာ ထွက်လာမယ့် ရလဒ်ကို အဓိက အခြေပြုမယ့် အကူအညီပေးပုံမျိုးပေါ့၊ ပေးတော့ ပေးနေတာပဲ၊ ထွက်လာတဲ့ ရလဒ်က ဘာမှန်းမသိဘူး။ အဲဒီလို မဖြစ်စေချင်ဘူး။ အခုက ကြည့်လိုက်ရင် ပေးနေတာတွေက တော့ ဒလကြမ်းပေးနေတာဘဲ။ အခုဆိုရင် အမေရိကန် အစိုးရ အနေနဲ့ State Department ကနေပြီး ကျနော်တို့ တိုင်းပြည်ကိုပေးမှာ သန်းပေါင်း ၃၀ ကျော် ၄၀ နီးပါးရှိတယ်။ ဒါပေမဲ့ အဲဒီလောက်ပေးပြီးတော့ ထွက်လာမယ့် result က ဘာလဲ။ result-oriented ပေါ့လေ။ ကျနော်ကတော့ အဲဒီလိုမျိုးဖြစ်စေချင်တယ်။ အဲဒါမျိုးကို အဓိက ဆွေးနွေးခဲ့ပါတယ် ခင်ဗျ။ တော်တော်လည်း ကောင်းပါတယ်။ တိုးတက်မှုလည်း ရပါတယ်။"

ဒါ့အပြင် ကချင်ပြည်နယ်မှာဖြစ်နေတဲ့ တိုက်ပွဲတွေအပါအ၀င် တိုင်းရင်းသားတွေနဲ့ ဖြစ်နေတဲ့ ပြဿနာတွေ၊ အမျိုးသမီးအခွင့်အရေးကိစ္စတွေ နဲ့ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းပိုင်ခွင့် နဲ့ တိုင်းပြည်အတွင်းမှာ လိုအပ် မယ့် အဖွဲ့အစည်းတွေတည်ဆောက်ဖို့တွေကိုလည်း ဆွေးနွေးခဲ့ကြ ပါတယ်။ ဒါ့အပြင် မကြာသေးခင်က သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန်နဲ့ လွတ်မြောက်လာတဲ့နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း ၀န်ကြီးကလင်တန်ကို ရှင်းပြပြောဆိုခဲ့တယ်လို့လည်း ကိုဇာဂနာ ပြောပါတယ်။

"နောက်တစ်ခုကတော့ ကျနော်တို့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်လာပြီဆိုတာတော့ မှန်တယ်။ ဒါပေမဲ့ လွတ်ပေးလိုက်တာ မှန်တယ် ဒါပေမဲ့ မလွတ်သေးဘူးပေါ့ဗျာ။ ကျနော်အဲဒီလို ပြောချင် တယ်။ လွတ်ပေးတာ မှန်ပင်မဲ့ မလွတ်သေးပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ပြစ်ဒဏ်ကြီးတော့က အဲဒီလို unconditional release လေ၊ ပြစ်ဒဏ်ကြီးတွေက ကြွေးကျန် ကျန်နေတယ်။ တကယ်လို့ ကျနော်တို့ နောင်တချိန်မှာ ဟို မော်တော်ကား တိုက်လို့ဘဲ ဖြစ်ဖြစ် ကျနော်တို့ ရန်ဖြစ်လို့ဘဲ ဖြစ်ဖြစ် ဒီကြွေးကျန် ပြစ်ဒဏ်ကြီးတွေကို ပြန်ခံရမှာပေါ့ဗျာ။ ဘယ်လိုဖြစ်ဖြစ်ပါ။ ဆိုတော့ နည်း နည်း နောနော ပြစ်ဒဏ်ကျန်တာ မဟုတ်ဘူးလေဗျာ။ ကျန်တာ နှစ်ပေါင်း ၆၀ လောက် ကျန်တဲ့ လူနဲ့ ၃၀ လောက် ကျန်တဲ့ လူနဲ့ ကျန်နေတဲ့ အခါကျတော့ အဲဒီ ကိစ္စကိုလည်း အဓိကထား ဆွေးနွေးဖို့၊ ကျနော်တို့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်လွတ်လပ်လပ် လွှတ်ပေးတာ မဟုတ် သေးဘူး။ ကျနော်တို့ မလွတ်သေးပါဘူးဆိုတာကို သိအောင်လို့လည်း ဆွေးနွေးတယ်။ ဒီ ကိစ္စတွေကို အဓိက ထားဆွေးနွေးပါတယ်။"

အခုလို မြန်မာ့အရေးလှုပ်ရှားသူတွေဘက်က ဆွေးနွေးတင်ပြသွားတာတွေနဲ့ ပတ်သက်ပြီး ၀န်ကြီးကလင်တန် ဘက်က လက်ခံသဘောတူခဲ့ သလို၊ ၀န်ကြီးကလင်တန်ဟာ မြန်မာ့အမျိုးသမီးတွေအရေးကိစ္စကိုလည်း အထူးစိတ်ဝင်စားမှုရှိတယ်လို့ ဒေါ်ခင်သန်းမြင့်က ပြောပါတယ်။ ဒါ့အပြင် ဒီမြန်မာကိုယ်စားလှယ်အဖွဲ့ဟာ နိုင်ငံခြားရေးဝန်ကြီး ဟီလရီကလင်တန်အပြင်၊ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးတွေဖြစ်တဲ့ ကာ့ဒ်ကမ်းဘဲ၊ မိုက်ကယ်ပိုစနာ ၊ အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒရေးရာ ညွှန်ကြားရေးမှူး ဒဲရက်ခ် မစ်ချဲလ်တို့ နဲ့လည်း သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

XS
SM
MD
LG