သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပုဂ္ဂလိကဘဏ် ၁၁ ခု နိုင်ငံခြားငွေရောင်းဝယ်ခွင့်ရ


မြန်မာပုဂ္ဂလိကဘဏ် ၁၁ ခု နိုင်ငံခြားငွေရောင်းဝယ်ခွင့်ရ
မြန်မာပုဂ္ဂလိကဘဏ် ၁၁ ခု နိုင်ငံခြားငွေရောင်းဝယ်ခွင့်ရ

မြန်မာနိုင်ငံမှာ နိုင်ငံခြားငွေအထုတ်အသွင်း လုပ်ခွင့်ရှိတဲ့ အစိုးရဘဏ်တွေက တဆင့်ဝင်လာတဲ့ ကိုယ့်ရဲ့ နိုင်ငံခြားငွေကို မြန်မာကျပ်ငွေအဖြစ် ပြောင်းလဲချင်သူတွေ၊ အဲဒီဘဏ်တွေကတဆင့် နိုင်ငံခြားငွေ အလွှဲ အပြောင်း လုပ်ချင်သူတွေအနေနဲ့ ဒီနေ့စလို့ ပုဂ္ဂလိကဘဏ် ၁၁ ခုမှာ ဘဏ်စာရင်း ပြောင်းနည်းနဲ့ ရောင်း ဝယ်နိုင်ပြီဖြစ်ပါတယ်၊ ပြည်တွင်းက ပုဂ္ဂလိက ဘဏ်တွေကို နိုင်ငံခြားဘဏ်လုပ်ငန်းလုပ်ကိုင်ဖို့ ပထမအဆင့် အနေနဲ့ အစိုးရက ခုလိုခွင့်ပြုလိုက်တာနဲ့ ပါတ်သက်လို့ ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြထား ပါတယ်။

အစိုးရဘဏ်တွေဖြစ်တဲ့ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် MFTB နဲ့ မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်း ရောင်း ဝယ်ရေးဘဏ် MICB တို့ မှာရှိတဲ့ ကိုယ့်ရဲ့ နိုင်ငံခြားငွေတွေကို အစိုးရခွင့်ပြုထားတဲ့ ပုဂ္ဂလိကဘဏ် ၁၁ ခုဆီ ကို ဒီနေ့ ကစလို့ လွှဲပြောင်း အရောင်းအဝယ်လုပ်လို့ ရသွားတာဖြစ်ပါတယ်၊ အလားတူပဲ ဒီဘဏ် တွေကနေ နိုင်ငံခြားငွေကို ဝယ်ယူလွှဲပြောင်းလို့ ရပြီ ဆိုတဲ့အကြောင်းကို မြန်မာ့ရှေ့ဆောင်ဘဏ်လိမိတက် ရဲ့ တာဝန်ရှိ သူတယောက်က ခုလို ရှင်းပြပါတယ်၊

“ကျနော်တို့ဆီမှာ နိုင်ငံခြားငွေကို အများဆုံးဝင်လာတဲ့ကိစ္စကိုပြောတာပေါ့နော်။ ဝင်လာတဲ့ကိစ္စတွေမှာဆို သံရုံးတွေရှိမယ်၊ နောက်တခါ International INGO တွေရှိမယ်။ Foreign Investment နဲ့ လာပြီးလုပ်တဲ့ ဟာတွေရှိမယ်။ ဆိုတော့ သူတို့ဝင်လာတဲ့ စာရင်းတွေတော်တော်များများဟာ MFTB, MICB မှာရှိတယ်ခင်ဗျ။ MFTB, MICB မှာရှိတဲ့ ငွေစာရင်းကို ပြည်တွင်းမှာသုံးဖို့ Domestic currency ကျပ်ကိုသုံးချင်တဲ့အခါ ပြောင်းချင်တဲ့အခါ ကျနော်တို့ဘဏ်တွေမှာ တရားဝင် ရောင်းချလို့ရပြီခင်ဗျ။ အဲဒါအဝင်ပေါ့နော်၊ နိုင်ငံခြားငွေ ကို ကျနော်တို့ဆီမှာ ရောင်းတဲ့ကိစ္စပေါ့နော်။ နောက်တခါ ကျနော်တို့ Import လုပ်ချင်တဲ့ပုဂ္ဂိုလ်တွေပေါ့၊ နိုင်ငံခြားက ပစ္စည်းကိုသွင်းချင်တဲ့ပုဂ္ဂိုလ်တွေကျတော့သူ့ဆီမှာ နိုင်ငံခြားငွေမရှိဘူးခင်ဗျ။ မရှိတဲ့အခါကျတော့ ကျနော်ဘဏ်တွေမှာ နိုင်ငံခြားငွေကိုဝယ်ချင်ရင်ဝယ်လို့ရပြီ။”

အရင်ကဆိုရင် MFTB, MICB တို့ကတဆင့် ဝင်လာတဲ့ ကိုယ့်ရဲ့ နိုင်ငံခြားငွေတွေကို မြန်မာကျပ်ငွေအဖြစ် ပြောင်းချင်သူ အများစုက နိုင်ငံခြားငွေ မှောင်ခိုဈေးကွက်တွေမှာ ရောင်းချ ပြောင်းလဲကြရတာဖြစ်ပါတယ်၊ အခုတော့ ပုဂ္ဂလိက ဘဏ် တွေဆီကို ရွှေ့ပြောင်းပြီး နိင်ငံခြားငွေလဲ သိမ်ဖြူကောင်တာက သတ်မှတ်ပေးတဲ့ ဈေးနဲ့ မြန်မာငွေ ထုတ်နိုင်တော့မှာ ဖြစ်ပါတယ်၊ အဲဒီလို ဘဏ်စာရင်းပြောင်းနည်းနဲ့ အရောင်းအဝယ်လုပ်ဖို့ ဝန်ဆောင်ခကိုရော ပုဂ္ဂလိက ဘဏ်တွေက ဘယ်လိုယူပါသလဲ။

“လောလောဆယ် ကျနော်တို့ဆီမှာ ငွေဝယ်တာနဲ့ပတ်သက်ပြီးသော်၎င်း၊ ရောင်းတာနဲ့ ပတ်သက်ပြီးသော်၎င်း၊ ကျနော်တို့သတ်မှတ်တဲ့ နှုံးအတိုင်းဘဲဝယ်ပြီးတော့ တခြားဝန်ဆောင်ခဘာညာမရှိသေးပါဘူး။ အရင်တုံးက တော့ သိမ်ဖြူကောင်တာကနေပြီးတော့မှ ဒေါ်လညဆိုရင် ဘယ်လောက်ဝယ်၊ ဘယ်လောက်ရောင်းဆိုတဲ့ သတ်မှတ်ချက်ရှိပါတယ်။ ဒါပေမဲ့ ဒီနေ့ ၉ ရက်နေ့ကစပြီးတော့မှ အဲလိုမျိုးမသတ်မှတ်တော့ဘဲ သိမ်ဖြူ ကောင်တာကနေ ကြားနှုံးတခုသတ်မှတ်ပေးလိုက်ပါတယ်။ ဆိုကြပါစို့ ကျနော်တို့ ငွေပမာဏ ဘယ်လောက် ဆိုတာသတ်မှတ်ပေးတယ်။ အဲဒီမှာ အပေါင်းဖြစ်ဖြစ်၊ အနှုတ်ဖြစ်ဖြစ် ဝ.၈% ဈေးကစားလို့ ရအောင် တွက် ပေးထားပါတယ်။ ဒီနေ့တော့ ၈၁၈ ကျပ်ဈေးသတ်မှတ်ပါတယ်။”

နိုင်ငံခြားငွေကို ရောင်းဝယ်ဖေါက်ကားခွင့် လိုင်စင်ရထားတဲ့ ပုဂ္ဂလိကဘဏ် ၁၁ ခုမှာ ခုလို နိုင်ငံခြား ငွေတွေ ကို ဘဏ်စာရင်းပြောင်းပြီး အရောင်းအဝယ် လုပ်နိုင်ပြီဆိုပေမဲ့ ပြည်တွင်းမှာ ရှိတဲ့ ဘဏ်တွေကြားမှာပဲ ငွေကို အရွှေ့ အပြောင်းလုပ်လို့ ရပါသေးတယ်၊ ဒီဘဏ်တွေကနေ တိုက်ရိုက် နိုင်ငံခြားဘဏ်တွေဆီကို ငွေ အပြောင်းအရွှေ့တော့ လုပ်လို့ မရသေးပါဘူး၊

“ကျနော်ဘဏ်မှာရှိတဲ့ စာရင်းပိုင်ရှင်တယောက်က နိုင်ငံခြားကိုငွေလွှဲချင်တယ်ဆိုရင် ကျနော်တို့ဆီ မှာလာ ဝယ်၊ လာဝယ်ပြီးတော့ MFTB, MICB ကတဆင့်ဘဲ လွှဲလိ့ုရအုံးမယ်ထင်တယ်။ တခြားပုဂ္ဂလိက ဘဏ်တွေ လည်း ဒီအတိုင်းပါဘဲခင်ဗျ၊ လောလောဆယ်ကျနော်တို့က ငွေလွှဲဖို့ Corresponding Banking ဘာညာ လုပ်ဖို့အတွက်က ကျနော်တို့က swift တွေဘာတွေ အခုမှ စပြီး လျှောက်နေဆဲကာလဖြစ်ပါတယ်။ နိုင်ငံခြားကို ကျနော်တို့ဘဏ်ကနေ တိုက်ရိုက်လွှဲဖို့ကိစ္စနဲ့ ပတ်သက်လို့ ပြင်ဆင်ဆဲကာလဖြစ်တဲ့အတွက် ဆောင်ရွက်လို့မရသေးတဲ့ကြားကာလမှာတော့ MFTB, MICB ကတဆင့်ဘဲဆောင်ရွက်ရမှာဖြစ်ပါတယ်။”

မေလဆန်းလောက်မှာတော့ မြန်မာ့ရှေ့ဆောင်ဘဏ်အနေနဲ့ နိုင်ငံခြားဘဏ်တွေနဲ့ တိုက်ရိုက် ချိတ်ဆက် ငွေအပြောင်း အရွှေ့လုပ်နိုင်မယ်လို့ မျှော်လင့်တယ်လို့လဲ ဆိုပါတယ်၊ ဘဏ်လုပ်ငန်းနဲ့ ငွေကြေးဆိုင်ရာ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဖို့ ကြိုးစားနေတဲ့ အစိုးရက နိုင်ငံခြားငွေကို ပြည်တွင်းမှာ တရားဝင်ကိုင်ဆောင်ခွင့် ပြုလိုက်တဲ့သဘောမျိုး တနေ့ ဒေါ်လာ ၁ သောင်းအထိ ဘယ်သူမဆို ငွေလဲကောင်တာတွေမှာ လဲခွင့်ပြု လိုက်ပြီးနောက်မှာ ခုလို နိုင်ငံခြားငွေတွေကို ပြည်တွင်း ပုဂ္ဂလိက ဘဏ်တွေမှာ ဘဏ်စာရင်းပြောင်း ရောင်းဝယ်ခွင့်ကို ပြုလိုက်တာလည်းဖြစ်ပါတယ်၊ ဒါဟာ ပုဂ္ဂလိကဘဏ် တွေကို နိုင်ငံခြားဘဏ်လုပ်ငန်းလုပ်ဖို့ ပထမဆုံးအဆင့် အဖြစ်နဲ့ ခွင့်ပြုလိုက်တာဖြစ်တယ်လို့ မြန်မာ့ရှေ့ဆောင် ဘဏ်လိမိတက် တာဝန်ရှိသူက မြင်ပါတယ်၊

“အရင်တုံးကတော့ဒီလိုမျိုးနိုင်ငံခြားငွေ ကိုင်ဆောင်ရောင်းဝယ်ခွင့်ပြုပေးထားခြင်းမရှိခဲ့ဘူးပေါ့၊ နိုင်ငံခြားဘဏ် လုပ်ငန်းအတွက် ပထမဆုံးအနေနဲ့ ခွင့်ပြုပေးတာပေါ့ခင်ဗျ။ ဘဏ်တွေကို ဒီလိုမျိုး ရောင်းဝယ်ခြင်း လုပ်ငန်း တွေ တဖြည်းဖြည်းခွင့်ပြုပေးတယ်ဆိုတော့ တဖြည်းဖြည်းတရားဝင်ပိုဖြစ်လာပြီး ဘဏ်လုပ်ငန်းတွေ တိုးတက် လာမယ်လို့တော့ ကျနော်တို့မျှော်လင့်ပါတယ်။”

နိုင်ငံခြားငွေတွေကို လောလောဆယ် ပြည်တွင်းမှာပဲ ဘဏ်စာရင်း အပြောင်းအရွှေ့လုပ် ရောင်းဝယ်ခွင့်ရတဲ့ ပုဂ္ဂလိကဘဏ်တွေကတော့ မြဝတီဘဏ်၊ အင်းဝဘဏ်၊ ကမ္ဘောဇဘဏ်၊ အာရှစိမ်းလမ်းမှု ဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ် စတဲ့ နိုင်ငံခြားငွေလဲခွင့် လိုင်စင်ရထားတဲ့ ပုဂ္ဂလိကဘဏ် ၁၁ ခု ဖြစ်ပါတယ်။

XS
SM
MD
LG