သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ် နှင့် အမိန့်နာခံမှု - အပိုင်း (၄)


တပ်မှူးတပ်သား ပြောစကား (၀၄၇)

ဦးရော်နီညိမ်း။ ။ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံကြီးကာလမှာ လူထုဆန္ဒပြပွဲတွေကို ပစ်ခတ်နှိမ်နင်းဖို့ တာဝန်တွေနဲ့ ရန်ကုန်မြို့ကို ရောက်ရှိနေသူ ခြေမြန်တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၀၈)က ဗိုလ်ကြီး စိုင်းဝင်း ကျော်ဟာ အထက်ကနေ လာလတ္တံ့သော အမိန့်တွေကို မနာခံလိုတော့တဲ့ အဖြစ်ကို ရောက်စေတဲ့ သူ့ရဲ့ အတွေ့အ ကြုံကို အခုလို ပြောပြပါတယ်။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ ရှစ်လေးလုံးရဲ့ အစပိုင်းပေါ့နော်၊ လူထုက စပြီးတော့မှ အုံကြွမှုဖြစ်တဲ့အချိန်နဲ့ ကျနော်တို့နဲ့ မြောက်ဥက္ကလာတံတား ကြီးမှာ တွေ့ကြပါတယ်။ တကယ်တမ်း ကျနော့်ဘဝကို အပြောင်းအလဲဖြစ်စေခဲ့တဲ့ အဖြစ်အပျက်ပေါ့နော်။ ကျနော်ထင်တာတော့ မြောက်ဥက္ကလာ တမြို့လုံးများထွက်လာသလား မသိဘူး။ လမ်းပေါ်မှာ လူတွေက ပြည့်သိပ်နေတယ်။ အဲဒီအချိန်မှာ တပ်ရင်းမှူးဗိုလ်မှူးသိုက်ထွန်းကနေ အထက် ကို အခြေအနေ တင်ပြပါတယ်။ နောက်ဆုံးအထက်က ညွှန်ကြားချက်အရ တပ်ရင်းမှူး ဗိုလ်မှူးသိုက်ထွန်းက “ပစ်” ဆိုတဲ့ အမိန့်ပေးလိုက်ပါတယ်။ ပထမ ပစ်ခိုင်းထားကတော့ ညွှန်ကြားချက်အရ ရာဘာကျည်ဆံတွေနဲ့ ပစ်ခိုင်းတာပါ။ ဒါပေမယ့် ရှေ့က တပ်ခွဲ(၁)က ပစ်တဲ့အချိန်မှာ ကျနော်မြင် တာ အတုံးအရုံး အဲဒီမှာ သေကုန်ကြပါတယ်။ ဒါပေမယ့် ကျနော်သိရသလောက်တော့ အဲဒီအချိန်မှာ ကျနော်တို့ကို ကျည်အစစ်နဲ့ပစ်ပါလို့ ညွှန် ကြားထားတာတော့ မရှိဘူး။ ကျနော်မြင်တာတော့ အဲဒီမှာ ရှေ့ဆုံးက ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံကိုင်ထားတဲ့ ကောင်မလေးကိုယ်တိုင် လဲသွား တာလေ။ ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံလည်း အစိပ်စိပ်အမွှာမွှာ မှန်တွေက ကွဲသွားတယ်။ အဲဒီမြင်ကွင်းလေးက ကျနော့်ကို တော်တော် စိတ်ထိ ခိုက်စေပါတယ်။ နောက်ပိုင်းမှာ ကိုယ့်ဘာသာ ပြန်သုံးသပ်မိတာပေါ့နော်။ ငါ ဒီအတိုင်းဆက်သွားလို့ကတော့ ဒီဘဝကြီးဟာ ပျော်ပိုက်စရာ မကောင်းတော့ဘူးလို့ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်မိတာတွေ ဖြစ်လာတာပေါ့ဗျာ။

ဦးရော်နီညိမ်း။ ။ ဗိုလ်ကြီးစိုင်းဝင်းကျော်ဟာ လူထုကို ပစ်ခတ်ရမယ့်အမိန့်တွေနဲ့ ရင်မဆိုင်လိုတော့တာကြောင့် နောက်ဆုံးမှာတော့ ရှစ်လေး လုံးလူထုအုံကြွမှုကာလအတွင်းမှာပဲ မိမိရဲ့လက်နက်ကို တပ်စခန်းမှာ ထားခဲ့ပြီးတော့ ဆန္ဒပြ ပြည်သူလူထုဆီ သွားရောက်ပူးပေါင်းခဲ့ပါတယ်။

ဦးရော်နီညိမ်း။ ။ ဇန်နဝါရီလ(၃၁)ရက်နေ့က စပြီးတော့ ပြုလုပ်ခဲ့တဲ့ ပထမအကြိမ် လွှတ်တော် အစည်းအဝေး ကာလမှာ မြန်မာ့တပ်မတော် က စစ်ရေးချုပ်ဟောင်း ဒုတိယဗိုလ်ချုပ်ကြီးသူရမြင့်အောင်ကို ကာကွယ်ရေးဝန်ကြီးတာဝန်ယူခိုင်းတာမှာ ဒီတာဝန်ကို မယူနိုင်ဘူးလို့ အမိန့် မနာ ခံမှု တခု ဖြစ်ပေါ်နေတာကြောင့် ဒီသတင်းကို အများက စိတ်ဝင် စားနေကြပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနရုံးချုပ်မှာ ဒုတိယဗိုလ်ချုပ်ကြီး သူရ မြင့်အောင် စစ်ဦးစီးမှူးဒုတိယတန်း (G-2) တာဝန်ထမ်းဆောင်စဉ် ၁၉၉၀ အစောပိုင်းနှစ်တွေမှာ၊ တပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံး မှာလည်း (G-2) ဖြစ်နေသူ ဗိုလ်မှူးအောင်လင်းထွဋ်ကို အခုဖြစ်ပေါ်နေတဲ့ ဗိုလ်ချုပ်ကြီးသူရမြင့်အောင်ရဲ့ အမိန့်မနာခံမှုနဲ့ ပတ်သက်ပြီး နောက်ခံ အကြောင်းတရား ဖြစ်နိုင်ခြေတွေကို မေးကြည့်ခဲ့ပါတယ်။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အဲဒီတော့ အခု ဒီဖြစ်စဉ်မှာလည်း ဗိုလ်ချုပ်ကြီးသိန်းစိန်က တဆင့်ပေါ့လေ၊ ပြောခိုင်းတာမျိုး ဖြစ်ပါလိမ့်မယ်။ သူ့ရဲ့ အခြေအနေမှန်နဲ့ ဒီကာကွယ်ရေးဝန်ကြီးရဲ့ ကာကွယ်ရေးဦးစီးချုပ်အောက်ကနေပြီးတော့မှ ဖွဲ့ စည်းပုံက ပြောင်းပြန်ဖြစ်နေတဲ့အပေါ် သူ့စိတ်ထဲမှာ မကျေနပ်ချက်တွေ ရှိနေပါလိမ့်မယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အမိန့်နာခံမှုဆိုတဲ့ အပိုင်းကို ပြန်ကြည့်ရင် ဗိုလ်ချုပ်ကြီး သူရမြင့်အောင်ရဲ့ စစ်သားဘ၀ career ကို ကျနော်တို့ ကြည့်လိုက်တဲ့အခါမှာ နှစ်က မနည်းတော့ဘူး။ သူ့ရဲ့profile အရဆိုရင် သူဟာ ၁၉၇၃ ခုနှစ်ကတည်းက စစ်တက္ကသိုလ် စတက်တယ် ဆိုတော့ အခုဘာပဲပြောပြော နှစ်(၄၀) နီးပါး ရှိနေပြီ။ အဲဒီတော့ ဒီလောက် လုပ်လာတဲ့ career ကြီးမှာ နောက်ဆုံးမှာ အခု သူဘာမှ မပြောဘဲ ဒုတိယ ဗိုလ်ချုပ်ကြီးကိုကို လိုပဲ နေလိုက်ရင်လည်း ဘာပဲပြောပြော ဒုတိယဗိုလ်ချုပ်ကြီး အနေနဲ့ တနေ့မှာ ပင်စင်သွားရမှာပဲ။ ဆိုတော့ အဲဒီအခြေအနေ ကို သူမခံယူနိုင်ဘူး ဆိုတာဟာ ဘာကြောင့်လို့ ယူဆပါသလဲ ခင်ဗျ။ နှစ်ပိုင်း ပေါ့နော်။ သူ့အတွက်ဆိုရင် (မိမိထက် ဂျူနီယာကျသူ) ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် အောက်မှာ လုပ်ရမှာ ဖြစ်လို့ ဒီလိုဖြစ်တယ်။ ဒါမှမဟုတ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အရ ဖြစ်ချင်တိုင်းဖြစ်ပြီးတော့ ဗိုလ်ချုပ် မှူးကြီးသန်းရွှေ ခိုင်းချင်သလိုခိုင်းနေတဲ့ ကိစ္စမျိုးကို လိုက်မလုပ်နိုင်ဘူးဆိုတဲ့ သဘောမျိုးလား ခင်ဗျ။ အဲဒီအမိန့်နာခံမှု မရှိတဲ့ အပိုင်းနှစ်ပိုင်းကို ခွဲ ပြီးကြည့်ရင် ဘယ်လိုမြင်ပါသလဲခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ကျနော် ပထမပိုင်းအနေနဲ့ ပြောရရင် သူဟာ ငယ်စဉ်တလျှောက်မှာ တောက်လျှောက်ပေါ့လေ၊ တပ်မမှူးတိုင်းမှူး ဘဝလောက်အထိက တော်တော်လေးလည်း နာမည်ကောင်းရခဲ့ပါတယ်။ လုပ်ရည်ကိုင် ရည်လည်းရှိတယ်။ ထက်ထက်မြက်မြက်လည်းရှိတယ်။ စစ်ရေးစွမ်းရည်လည်း ရှိတယ်။ အမိန့်နာခံမှု အပိုင်းမှာလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနဲ့ ကျေနပ်တဲ့ အပိုင်းတွေရှိတဲ့ အတွက်ကြောင့်မို့ သူ့ ကို သူများတကာတွေထက် ပိုပြီးတော့မှ ဗိုလ်မှူးကြီး၊ ဗိုလ်မှူးချုပ်၊ ဗိုလ်ချုပ်အဆင့်တွေကို အရင်ဆုံးရခဲ့တဲ့ ပုဂ္ဂိုလ်ပါ။ အထူးသဖြင့် သူ့ရဲ့ပင်ကိုယ် စရိုက် က professional soldier ပေါ့လေ၊ အထူးသဖြင့် ဗိုလ်ချုပ်ကြီးမောင်အေး တို့လိုပေါ့ စစ်တပ်အတွက် ဆိုရင်တော့ ဘာမဆို ခိုင်းတာလုပ် မယ်ဆိုတဲ့ ပုဂ္ဂိုလ်မျိုးဖြစ်ပါတယ်။ ဒါက ပထမပိုင်းပါ။ ဒုတိယပိုင်းအနေနဲ့ကတော့ နိုင်ငံရေးပိုင်းနဲ့ နည်းနည်းသွားပြီး နွယ်ပါတယ်။ အခ ုဒီဖွဲ့စည်းပုံ အပေါ်မှာလည်း သူတို့ မလွှဲသာလို့သာ အောင့်အည်းပြီးတော့မှနေရတဲ့ သဘောမျိုးရှိပါတယ်။ သူတို့မကျေနပ်မှုတွေက ၂၀၀၇ခုနှစ် သံဃာ့အ ရေးအခင်းပြီးကတည်းကိုက စစ်တပ်ထဲမှာ ဗိုလ်ချုပ်မှူးကြီးအပေါ် တော်တော်လေး စိတ်ကုန်တဲ့ အနေအထားမျိုးတွေ ရှိခဲ့ပါတယ်။ ဒါနိုင်ငံရေးပေါ့ လေ။ ဒီထက် ထပ်ဆိုးတာက ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်လာတဲ့အခါကျတော့ ခုနပြောသလိုပေါ့လေ။ ကာကွယ်ရေးဦးစီးချုပ်နဲ့ ကာကွယ်ရေးဝန် ကြီးဟာ ပြောင်းပြန်ဖြစ်နေတယ်ဗျ။ တကယ်တော့ ဝန်ထမ်းအဖွဲ့အစည်းဖြစ်တဲ့ စစ်တပ်ဟာ ပြည်သူ့အဖွဲ့အစည်း ဖြစ်တဲ့ လွှတ်တော်ရဲ့အောက်က ကာကွယ်ရေးဝန်ကြီးအောက်မှာပဲ ရှိသင့်ပါတယ်။ အမိန့် မနာခံမှုနဲ့ပတ်သတ်ပြီး သူ ရဲရဲဝံ့ဝံ့ တော့ ကျနော်တို့ တပ်မတော်စကားနဲ့ပြောရရင်တော့ anti ကန်တဲ့ သဘောမျိုး လုပ်တာပါ။ အဲဒီလို လုပ်တဲ့ အတွက်ကြောင့်လည်း ထွက်ခိုင်းတာပါ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီဟာ ဟိုတရက်တုန်းက တပ်မတော်သားအစုအဖွဲ့က နေပြီးတော့ ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန် ကြီး၊ ပြည်ထဲရေးဝန်ကြီးတွေ စာရင်းတင်တဲ့ဟာမှာ၊ သူများလွှတ်တော်နှစ်ရပ်က တရက်ထဲနဲ့ ပြီးသွားပေမယ့် သူတို့မှာ နှစ်ရက်နဲ့ မပြီးနိုင် ဖြစ်နေ ရတာ၊ ဒီ ကိစ္စကော ပါမယ်လို့ ယူဆပါသလား ခင်ဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်က သူ့ကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်လို့ လျာထားတယ်လို့ သိထားပြီး last minute ကျမှ လာပြောင်းလိုက်တဲ့အတွက်၊ အခုကျမှ ဒီဟာတွေ သတင်းတွေ ထွက်လာတာ ကိုး။ အဲဒီလိုမျိုးကော ဖြစ်နိုင်ပါသလား ဒီအမိန့်မနာခံမှု ကိစ္စဟာ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဒီဖြစ်စဉ် ဖြစ်သွားတာ ကျနော်တို့ ကြားသိရသလောက်တော့ လွန်ခဲ့တဲ့အပတ် တကယ် အဲဒီစာရင်းကို တင်သွင်း တဲ့အခါကျမှ ကိုမြင့်အောင်ကတော့ ဒီလိုပဲ တင်ပြပါတယ်ဆိုတာကို ဗိုလ်ချုပ်မှူးကြီး သိသွား ပြီးတော့မှ ဒေါသဖြစ်ပြီး အခုချက်ချင်း ထွက်ခိုင်းလိုက် ဆိုပြီးတော့မှ ပြောခိုင်းတာပါ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ ဒီဝန်ကြီးစာရင်း cabinet list ဟာ ဗိုလ်ချုပ်မှူးကြီးဆီကနေ ဦးသိန်းစိန် ဆီလာမယ်။ ဦးသိန်းစိန်ကမှ ဒီ list ထဲမှာ ပါတဲ့လူတွေကို ခင်ဗျားတို့တော့ မင်းတို့တော့ ဝန်ကြီးဖြစ်ပြီ ဆိုပြီး သူပြောမယ်။ အဲဒီအခါမှာ ဗိုလ်ချုပ်ကြီးမြင့်အောင်က သူမလုပ်နိုင် ဘူး ဆိုတာကို ဗိုလ်ချုပ်ကြီးသိန်းစိန်ကတဆင့် ပြောလိမ့်မယ်လို့ ယူဆရပါတယ်။ အဲဒီအခါမှာ ဗိုလ်ချုပ်ကြီးသိန်းစိန်ရဲ့ အမိန့်နာခံမှုအပိုင်းကရော ဘယ်လိုရှိလဲ။ သူ့အနေနဲ့ပဲ “ကိုမြင့် အောင်လေး၊ ခင်ဗျား အဲဒါမျိုးတော့ မလုပ်သင့်ဘူး” လို့ ပြန်ပြောပြီး ဆွေးနွေးတဲ့အနေအထားမျိုး ရှိမလား။ ဒါမှမဟုတ် တခါတည်းတန်းပြီး ဗိုလ်ချုပ်မှူးကြီးဆီကို တိုက်ရိုက် ဒီ ကိစ္စကို သတင်းပို့မလား။ အဲဒီတော့ ဗိုလ်ချုပ်ကြီးသိန်းစိန်ရဲ့ အမိန့်နာခံမှု ရှိခဲ့ တဲ့ အဖြစ်အပျက် အတွေ့အကြုံကိုလည်း ဗိုလ်မှူးအနေနဲ့ ကြုံခဲ့တာရှိရင် ကျနော်တို့ကို ပြောပြပေးပါ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်ကြီးသိန်းစိန်ကတော့ တိတိကျကျပေါ့ဗျာ၊ ဗိုလ်ချုပ်မှူးကြီးခိုင်းတယ် ဆိုရင်တော့ တသဝေမတိမ်း လုပ်ရတဲ့ အနေအထားမျိုးရှိပါတယ်။ ဗိုလ်ချုပ်ကြီးသိန်းစိန် အနေနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပေါ်မှာ ဘယ်လောက် အမိန့်နာခံလဲ၊ သြဇာခံလဲ ဆိုတာ က၊ ကျနော့်အတွေ့အကြုံအရ ပြောရရင် ၁၉၉၆ခုနှစ် ခွန်ဆာ ကိုယ်တိုင် လက်နက်ချတော့ ကျနော်ကိုယ်တိုင် လက်နက်ချပွဲ အခမ်းအနားကို သွားရ ပါတယ်။ အဲဒီကိုရောက်တဲ့အခါမှာ အဲဒီတုန်းက စစ်ဦးစီးဗိုလ်မှူးကြီးသိန်းစိန်ဆီကနေ ကြေးနန်းဝင်လာပါတယ်။ “အောင်လင်းထွဋ်ကို အခုရိုက်ပြီး သား ဗီဒီယိုအခွေနဲ့ ရန်ကုန်ကို အမြန်ဆုံးပြန်လာခိုင်းပါ။ ဒီည(၈)နာရီသတင်းမှာ သတင်းလွှင့်ဖို့ ရှိတယ်” ဆိုပြီး ကျနော့်ကို သီးသန့်ရဟတ်ယာဉ် တစီးနဲ့ ရန်ကုန်ကို ပြန်ခိုင်းပါတယ်။ ရန်ကုန်ပြန်ရောက်တဲ့အခါကျတော့ အဲဒီဗီဒီယိုအခွေကို စစ်ရုံးမှာထိုင်နေတဲ့ ဗိုလ်မှူးကြီးသိန်းစိန်ကို ကျနော် သွားပေးတယ်။ ချက်ချင်းပဲ ဗိုလ်မှူးကြီးသိန်းစိန်က ဘေးခန်းမှာရှိတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို သွားပေးပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အဲဒီ အခွေကို ထိုင်ကြည့်ပါတယ်။ ၄၅ မိနစ် ကြာပါတယ်။ အခွေက အကြမ်းပါ။ ပြီးတဲ့အခါကျတော့ ကျနော့်ဆီကို ဗိုလ်မှူးကြီးသိန်းစိန်က ဖုန်းဆက် တယ်။ “အောင်လင်းထွဋ် မင်း မြန်မာ့အသံမှာ ဒီနေ့ည(၈)နာရီသတင်းမှာ သွားလွှင့် ဆိုပြီးတော့မှ လွှင့်ခိုင်းပါတယ်။ လွှင့်ခိုင်းတဲ့အတွက်ကြောင့် ကျနော် အဲဒီအခွေကိုယူပြီး မြန်မာ့အသံမှာ သွားလွှင့်ပါတယ်။ သွားလွှင့်တဲ့အခါမှာ သတင်းရဲ့ထုံးစံအရ ရုပ်မြင်သံကြား မှာလွှင့်တယ်၊ public ကို လွှင့်တယ်ဆိုတော့ ဘယ်တော့မှ အခွေအကြမ်းကို တိုက်ရိုက်လွှင့်လေ့လွှင့်ထ မရှိပါဘူး။ အဲဒီအခွေကို edit လုပ်ပြီး ကောင်းတဲ့အပိုင်းတွေ ယူ မကောင်းတဲ့အပိုင်းတွေ ဖျက်ပြီးတော့မှ လွှင့်ရပါတယ်။ အဲဒီတော့ လွှင့်တဲ့အချိန်မှာ မြန်မာ့အသံညွှန်ကြားရေးမှူးက edit လုပ်ပြီးမှ အခွေကို လွှင့်မိပါတယ်။ edit လုပ်ပြီးသားအခွေက မိနစ် ၂၀ ကျော်လောက်ကြာပါတယ် ခင်ဗျ။ အဲဒီအခွေကို မြန်မာ့အသံက လွှင့်ပြီး တာနဲ့ ကျနော့်ဆီကို ဗိုလ်မှူးကြီးသိန်းစိန်ဆီက ဖုန်း ချက်ချင်း ရောက်လာပါတယ်။ ဗိုလ်မှူးကြီးသိန်းစိန်က ကျနော့်ကို ပြောတယ်။ “ဟေ့ကောင် အောင်လင်းထွဋ် မင်း ဘာလို့ ခိုင်းတဲ့အတိုင်းမလုပ်တာလဲ” ဆိုပြီး ကျနော့်ကို ဆူပါတယ်။ “သူ ကြည့်ထားတဲ့အခွေက ၄၅ မိနစ်ရှိတယ်။ ဘာဖြစ်လို့ မင်း ၄၅ မိနစ်လုံး အဲဒီ အခွေကို မလွှင့်တာလဲ” ဆိုပြီး ကျနော့်ကို ဆူပါတယ်။ “ငါတို့ကိုလည်း အခန်းထဲခေါ်ပြီး ခိုင်းတဲ့အတိုင်း မလုပ်ရပါ့မလား ဆိုပြီး စားပွဲပေါ်မှာ ရှိတဲ့ ဖန်ခွက်နဲ့ ပေါက်တယ်” တဲ့။ “အဲဒီတော့ မင်းအမြန်ဆုံး သူခိုင်းတဲ့အတိုင်း ပြန်လုပ်ပါ။ ၄၅ မိနစ်ကြာတဲ့ အခွေကြမ်းကို ပြန်လွှင့်ပါ” လို့ ကျနော့်ကို ခိုင်းခဲ့ဖူးပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ခင်ဗျာ၊ ဗိုလ်မှူးအောင်လင်းထွဋ် ပြောတဲ့အတိုင်း ဆိုရင် ဗိုလ်ချုပ်ကြီးသိန်းစိန်ဟာ ဗိုလ်ချုပ် မှူးကြီးသန်းရွှေရဲ့အမိန့် ကို မြေဝယ်မကျ နာခံသူဖြစ်တယ်။ ဒါကြောင့်မို့လည်း အခု စိတ်ချလက်ချ သမ္မတအဖြစ်ကို ထား တာ ဖြစ်တယ်လို့ ကျနော်တို့ ယူဆရတယ်။ အဲဒီတော့ အခု မမျှော်လင့်တဲ့အချိန်မှာ၊ ဗိုလ်ချုပ်မှူးကြီးက လွှတ်တော်အစည်းအဝေးနဲ့အခုလုပ်နေတဲ့ဟာကို၊ နိုင်ငံတကာ အသိအမှတ်ပြုမှုလည်း ရစေချင်တယ်။ အောင်မြင်စွာ ပြီးဆုံးသွားတယ်ဆိုတဲ့ အဖြစ်ကိုလည်း သူ လိုချင်တယ်။ အဲဒီအချိန်မှာ ဒီ cabinet member ရွေးတာကစပြီး ဒီ ပြဿနာက တက်တယ်။ အပြင်ကိုလည်း ဒီသတင်းက ပေါက်ထွက်နေတယ်ဆိုတော့၊ ဒီ အမိန့်မနာခံမှုနဲ့ ပတ်သတ်ပြီးတော့ တပ်တွင်းမှာ “ဟာ ..ဒါမဟုတ်တာလာခိုင်းရင် ဗိုလ်ချုပ်ကြီး သူရမြင့်အောင်တောင် မခံဘူး။ သူမလုပ်နိုင်ဘူးပြောတယ်။ အဲဒီတော့ ဗိုလ်ချုပ်ကြီးမြင့်အောင်ကို နမူနာ ကြည့်ပြီးတော့ ငါတို့လည်း မဟုတ်တဲ့အမိန့်လာရင် မနာခံဘဲနေမယ်” ဆိုတဲ့ နမူနာ မျိုးဖြစ်လာနိုင်သလား ခင်ဗျ။ အောက် အထိကို။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဖြစ်လာနိုင်ပါတယ် ခင်ဗျ၊ အဲဒီ စိတ်ဓါတ်မျိုးတွေက တပ်မတော်ထဲမှာ ဖြစ်ဖို့ တာစူနေကြပါတယ်။ အင်အားစု တခု ပဲလိုတယ်။ တယောက်တည်း၊ နှစ်ယောက်တည်းတော့ ကွက်မဖြစ်ရဲဘူး။ အင်အားစုတခု စုမိရင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခံနိုင်မှာ မဟုတ်ပါဘူး ခင်ဗျ။

ဦးရော်နီညိမ်း။ ။ သောတရှင်များ ခင်ဗျာ၊ နောက်သီတင်းပတ် စနေနေ့ မနက် နဲ့ ညနေပိုင်း ဗီအိုအေ မြန်မာပိုင်း အစီအစဉ်ရဲ့ “တပ်မှူးတပ် သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ “စစ်တပ် နှင့် အမိန့်နာခံမှု အပိုင်း (၅)” ကို ဆက်ပြီး တင်ဆက်သွားပါမယ်။ စောင့်မျှော် နားဆင်ကြပါ။ ကျနော် ရော်နီညိမ်းပါ။

XS
SM
MD
LG