သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်လူ့အခွင့်အရေးချိုးဖောက်မှု ကော်မရှင်စုံစမ်းဖို့ ခက်ခဲ


ဖေဖ၀ါရီ ၁၅၊ ၂၀၁၂။ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေ ဝေဖန်ပြောဆိုနေကြတဲ့ ကချင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ရာ အခြေအနေမပေးတာကြောင့်၊ အခုအချိန်မှာ စုံစမ်းစစ်ဆေးဖို့ မဖြစ်နိုင်သေးဘူးလို့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က ပြောပါတယ်။ အဓိက အချက်ကတော့ အဲဒီနယ်မြေကိုသွားရောက်နိုင်ဖို့ လုံခြုံရေးအခြေအနေမရှိတာကြောင့်ဖြစ်တယ်လို့ ဗွီအိုအေကို ပြောပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းထားတာပါ။

ကချင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှု သတင်းတွေကို မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ ကြားသိနေရပေမယ့်၊ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ထံကို အဲဒီက လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ပတ်သက်လို့ တရားဝင်တိုင်ကြားစာ မရောက်သလောက်ပဲလို့ လူ့အခွင့်အရေးကော်မရှင်က ပြောပါတယ်။ အဖြစ်အပျက်တွေကို တကယ် မှန်မမှန် စုံစမ်းစစ်ဆေးနိုင်ဖို့ကလည်း အခုလို ဒေသ မတည်မငြိမ် ဖြစ်နေချိန်အတွင်းမှာ မဖြစ်နိုင်ဘူးလို့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှုး ဦးစစ်မြိုင်က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဇွန်လကစလို့ ကချင်ပြည်နယ်အတွင်း ကေအိုင်အယ် ကချင်လွတ်မြောက်ရေးတပ်နဲ့ မြန်မာအစိုးရတပ်တွေ အကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့ပြီး၊ ဒုက္ခသည်အရပ်သားသောင်းနဲ့ချီဟာ အိုးအိမ်တွေ စွန့်ခွာခဲ့ရပါတယ်။ တဆက်တည်းလိုပဲ အရပ်သားတွေအပေါ် အစိုးရတပ်ဖက်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိတယ်ဆိုပြီး သတင်းတွေလည်း ထွက်လာပါတယ်။ ဒီအခြေအနေတွေကို စုံစမ်း စစ်ဆေးမယ်ဆိုရင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို မထိခိုက်ဖို့လည်း လိုတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှုး ဦးစစ်မြိုင်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“.. တိုင်ကြားမှုလိုတာပေါ့ နံပါတ်တစ်က၊ နံပါတ်နှစ်က အဲဒီနယ်မြေကို သွားရောက်နိုင်မယ့် လုံခြုံရေးအခြေအနေလိုတာပေါ့။ အဲဒီ နှစ်ချက်ပဲ။ အိမ်ဆိုင်တဆိုင်ကို တပ်မတော်ကနေ ၀င်ပြီး ပစ္စည်းတွေ ယူသွားတယ်ဆိုတဲ့ တိုင်စာ တစောင်တော့ ရောက်ပါတယ်။ အဲဒီ နယ်မြေက အခုဟာ ဘယ်သူမှ သွားလို့မရဘူး။ ဆောင်ရွက်တဲ့နေရာမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို မထိခိုက်ဖို့တော့ လိုပါတယ်။ ဒါတွေက တပ်နဲ့ လက်နက်ကိုင်နှစ်ဖွဲ့ပဲလို မြင်လို့မရဘူး။ အဲဒီနယ်မြေမှာက တိုင်းရင်းသားလူမျိုးပေါင်းစုံ ရောနှော နေထိုင်ပါတယ်။ အလွန်သိမ်မွေ့နူးညံတဲ့ သူတို့ရဲ့ အတွင်း ၀ိရောဓိလေးတွေ ရှိတယ်။”

“ခုအတိုင်းကတော့ သွားလို့မရဘူး။ အနည်းဆုံး အပစ်အခတ်ရပ်စဲရေးလက်မှတ်မထိုးသေးရင်တော့ ဘယ်လိုမှ သွားလို့မရဘူး။ နယ်မြေလုံခြုံရေးအခြေအနေက အဲလို ရှိနေတယ်။”

မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်အနေနဲ့ ကချင်ဒေသဖက်က လူ့အခွင့်အရေးတိုင်ကြားမှုတွေမရောက်ပေမယ့်လို့၊ အခြားမြန်မာပြည်အရပ်ရပ်က လူ့အခွင့်အရေးအခြေအနေနဲ့ပတ်သက်လို့ တိုင်ကြားစာ တထောင်ကျော်ရရှိခဲ့ပြီးဖြစ်တယ်လို့ ဦးစစ်မြိုင်က ပြောပါတယ်။ ဒီတိုင်ကြားစာတွေအပေါ်မှာလည်း နှစ်ဖက်ညှိုနှိုင်းပေးတာမျိုးနဲ့ ဖြေရှင်းပေးခဲ့တယ်လို့ ပြောပါတယ်။

“အန်ကယ်တို့ဆီရောက်တဲ့ တိုင်စာတွေက အခုလောက်ဆိုရင် တထောင့် လေးငါးရာလောက်ရှိမယ်ထင်တယ်။ အများစုက တရားမ မှု အနေနဲ့ ရင်ဆိုင်ပြီးသားတွေ၊ တချို့က တရားရုံးမှာ ရင်ဆိုင်ပြီးသားတွေ၊ ဒါမျိုးက လူ့အခွင့်အရေးချိုးဖောက်မှုအနေနဲ့ ခွဲခြား သတ်မှတ်ဖို့ ခက်တာပေါ့။”

“တကယ် လူ့အခွင့်အရေးချိုးဖောက်တာတွေလည်းရှိပါတယ်။ အဲဒါတွေကတော့ သက်ဆိုင်ရာဌာနတွေကို အကြောင်းကြားစာပို့ပြီးတော့ လိုအပ်သလိုဆောင်ရွက်ပေးဖို့ ညှိုနှိုင်းရတာပေါ့။ နှစ်မျိုး ခွဲလို့ရတာပေါ့။ ဌာနဆိုင်ရာနဲ့ ဖြစ်တဲ့ကိစ္စရပ်တွေရှိတယ်၊ နောက် ပုဂ္ဂလိက အချင်းချင်းဖြစ်တဲ့ ကိစ္စရပ်တွေဖြစ်တယ်။ ဌာနဆိုင်ရာနဲ့ဖြစ်တဲ့ကိစ္စရပ်ကျတော့ အစိုးရအဖွဲ့ကတဆင့် သက်ဆိုင်ရာဌာနကို အန်ကယ်တို့ရဲ့ တွေ့ရှိချက်တွေကို ပေးပို့ပါတယ်။ ပုဂ္ဂလိကအချင်းချင်းဖြစ်တဲ့ကိစ္စ လူပုဂ္ဂိုလ်အချင်းချင်းဖြစ်တဲ့ကိစ္စ အဖွဲ့အစည်းနဲ့ဖြစ်တဲ့ကိစ္စတွေကတော့ လိုအပ်ရင် သူတို့ကို ခေါ်ယူပြီးတော့ နှစ်ဖက် စစ်ဆေးတာ လုပ်ပါတယ်။ နောက် သက်သေခံအထောက်အထား အချက်အလက်တွေ ရရှိအောင် ယူပါတယ်။ သက်သေခံအထောက်အထားအပေါ် မူတည်ပြီးတော့ အန်ကယ်တို့က အဖွဲ့နဲ့ပြန်သုံးသပ်တယ်၊ အားသာချက် အားနည်းချက် နစ်နာမှုဘယ်လိုရှိတယ်ဆိုတာ ခွဲခြားပြီးတော့ နှစ်ဖက်ကို ညှိုနှိုင်းတာမျိုး လုပ်ပါတယ်။”

မြန်မာနိုင်ငံမှာ အပြောင်းအလဲအချို့ဖော်ဆောင်တဲ့နေရာမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ဖွဲ့စည်းတဲ့အချက်လည်းပါဝင်ပြီး နိုင်ငံတကာက ကြိုဆိုတာခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း ကော်မရှင်ရဲ့ အစိုးရနဲ့ သီးခြားလွတ်လပ်မှုကိုတော့ မေးခွန်းထုတ်နေကြဆဲပါ။ ကော်မရှင်လူကြီးတွေကိုလည်း အစိုးရကပဲ ခန့်အပ်ခဲ့တာကြောင့်ပါ။

မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်အနေနဲ့ ကချင်ဒေသက လူ့အခွင့်အရေးအခြေအနေတွေကို တရားဝင် စုံစမ်းစစ်ဆေးမှုမလုပ်နိုင်သေးပေမယ့်လို့၊ ကချင်ဒေသမှာ အစိုးရဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား အပစ်အခတ်ရပ်စဲရေးဆွေးနွေးညှိုနှိုင်းဖို့ တိုက်တွန်းချက် ထုတ်ပြန်ခဲ့တာတော့ တွေ့ရပါတယ်။

XS
SM
MD
LG