သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ် နှင့် အမိန့်နာခံမှု - အပိုင်း (၅)


တပ်မှူးတပ်သား ပြောစကား (၀၄၈)

မြန်မာ့တပ်မတော်ရဲ့အမိန့်နာခံမှုနဲ့ ပတ်သက်ပြီး၊ ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်နဲ့ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးတို့နဲ့ ဆက်သွယ် မေးမြန်းထားတာတွေကို ဒီသီတင်းပတ်ရဲ့ “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ ဦးရော်နီညိမ်းက “စစ်တပ် နှင့် အမိန့်နာခံမှု - အပိုင်း (၅)” ခေါင်းစဉ်နဲ့ စီစဉ် တင်ဆက်ထားပါတယ်။

ဦးရော်နီညိမ်း။ ။ အမိန့်မနာခံတာနဲ့ ပတ်သက်ပြီးတော့ ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ရာထူးကနေ ဖယ်ရှားပြီး မကြာခင်မှာ၊ ဗိုလ်ချုပ်ကြီး သူရရွှေ မန်း ကိုယ်တိုင်လုပ်သွားတဲ့ သတင်းစာရှင်းလင်းပွဲမှာ သူပြောသွားတဲ့ စကားတခွန်းက “ဗိုလ်ချုပ်ကြီးခင်ညွန့်ဟာ အထက်က ပေးအပ်တဲ့ အမိန့် တွေကို မနာခံတာတွေက ရှိသေးတယ်။ အဲဒါကိုတော့ နောက်မှပြောမယ်”ဆိုပြီး အခန်းဆက်ဝထ္ထုလိုလိုဘာလိုလိုနဲ့လုပ်သွားတာ (၇)နှစ်လောက် ရှိပြီ။ အဲဒီတော့ သူပေးတဲ့ အမိန့်ကို မနာခံဘူးလို့ ဆိုလိုချင်တာလား၊ ဗိုလ်ချုပ်မှူးကြီး ပေးတဲ့အမိန့်ကို မနာခံဘူး လို့ဆိုချင်တာလား၊ ဘာများဖြစ် ခဲ့လို့ ဘာအမိန့်ကို ဗိုလ်ချုပ်ကြီးခင်ညွန့်က မနာခံဘူးလို့ ဗိုလ်ချုပ်ကြီးရွှေမန်းက ဆိုလိုတယ်လို့ ဗိုလ်မှူး ဘယ်လိုယူဆပါလဲ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အဲဒီအချိန်တုန်းကတော့ ကျနော်တို့သိသလောက် ကျနော်တို့ ရှိစဉ်တုန်းက ဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့ တပ်မတော် ထောက်လှမ်းရေးမှူးချုပ်ရာထူးကို (ဒုတိယ) ဗိုလ်ချုပ်ကြီးမြင့်ဆွေ (ယခု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ) ပေါ့လေ၊ သူ့ကိုလွှဲပေးဖို့ ဆိုတာမျိုးကို ဗိုလ်ချုပ်မှူးကြီးက ပြောတယ်လို့ ကျနော်တို့ ကြားရပါ တယ်။ တိုက်ရိုက်တော့ မဟုတ်ဘူးဗျ။ သူ တိုက်ရိုက် လူတစ်ယောက်ကို ဒဲ့သွားပြီးတော့မှ အဲဒီလို သူမပြောရဲဘူး။ ကြား လူကနေပြီး ပြောခိုင်းတာ။ အဲဒီအချိန်တုန်းကတော့ ဗိုလ်ချုပ်ကြီးခင်ညွန့်က သူ့ထောက်လှမ်းရေး အဖွဲ့အစည်းဟာ သူနဲ့ တိုက်ရိုက်အလုပ်လုပ်နေတဲ့လူတွေ ဖြစ်တယ်။ နောက်ပြောင်းလာမယ့် ဗိုလ်ချုပ်ကြီးမြင့်ဆွေ(DSA 15, 1973)ကလည်း အများကြီး junior ကျတယ်။ အဲဒီအချိန်မှာ (ဒုတိယတပ်မတော်ထောက်လှမ်းရေးမှူးချုပ်) ဗိုလ်ချုပ်ကျော်ဝင်း (OTS 38, 1968) တို့နဲ့ ဗိုလ်ချုပ် မြင့်ဆွေတို့ seniority အများကြီးကွာတယ်။ ဒါကို တချက် ထောက်ပါတယ်။ ဒုတိယတခါ ထပ်ပြီးတော့မှ စရဖ(တပ်မတော်စစ်ဖက်ရေးရာလုံခြုံ ရေး) ချုပ်လုပ်သွားတဲ့ ဗိုလ်ချုပ်(ဒုတိယဗိုလ်ချုပ်ကြီး) ရဲမြင့် (DSA 15, 1973) (ယခု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်) ပေါ့လေ၊ သူ့ကို MI Chief ဆိုပြီးတော့မှ ထပ်ပြီးခန့်ဖို့ဆိုပြီး ပြောလာပြန်တယ်။ အဲဒီအချိန်တုန်းကလည်း အလားတူပဲ ဗိုလ်ချုပ်ခင်ညွန့်က လက်မခံခဲ့ဘူး ပေါ့ဗျာ။ လက်မခံတဲ့ သဘောမျိုးနဲ့ ကိုသူရမြင့်အောင်လိုပဲ အသာလေး ငြင်းထုတ်ခဲ့တဲ့ အနေအထားမျိုး ရှိတယ်။ နောက်တခါ….

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ခင်ဗျာ၊ ကျနော်တို့ ၂၀၀၄ ခုနှစ်က ကြည့်ရင်၊ အဲဒီတုန်းက ဗိုလ်ချုပ်ကြီးတစ်ဦးဟာ သူ့ကို ရာထူးစွန့်လွှတ်ခိုင်းတာ ကို သူ မစွန့်လွှတ်နိုင်ဘူးလို့ အမိန့်ကို မနာခံခဲ့ဘူး။ ဗိုလ်ချုပ်ကြီးသူရရွှေမန်းက ဒါကို ဆိုလိုပြီး ပြောသွားတယ်လို့ အခု ဒါ ဗိုလ်မှူးရဲ့ ပြောကြား ချက်အရ ကျနော်တို့ သိရပြီ။ နောက် (၇)နှစ်လောက်ကြာတဲ့ အခါမှာ (ဒုတိယ)ဗိုလ်ချုပ်ကြီး သူရမြင့်အောင်က သူ့ကို ‘မင်း ကာကွယ်ရေးဝန်ကြီး လုပ်” ဆိုတာကို မလုပ်နိုင်ဘူး ဆိုပြီးတော့ အခု အမိန့်မနာခံပြန်ဘူး။ အဲဒီတော့ ဒီ ဗိုလ်ချုပ်ကြီးလောက် အဆင့်တွေက အမိန့်မနာခံတဲ့ဟာ စဖြစ် နေပြီလို့ ပြောလို့ ရလားခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ပြောလို့ရပါတယ်။ အခုနောက်ပိုင်းဖြစ်လာမယ့် ဗိုလ်ချုပ်ကြီးတွေလည်း ထွက်လာပါဦးမယ်။ စောင့်ကြည့်ပါ ခင်ဗျ။ အခြေအနေအရပေါ့လေ။ ကိုယ့်ရဲ့မိသာစုအရေးကို ကြည့်ပြီးတော့သာ အခြေအနေအရ နေနေရတာပါ။ ဘယ်သူမှတော့ အခုလို ဖြစ်နေတဲ့ အနေ အထားမျိုးကို မကြိုက်ကြပါဘူး။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ နောက်တခု ကျနော်တို့ သိချင်တာပေါ့နော်။ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်က ကာကွယ်ရေးဝန်ကြီးကို ငြင်းတယ် ဆိုတော့ ဟိုတုန်းက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်ကဆိုရင် ဒုတိယဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦး ကျော်ထင်က လုပ်တဲ့အချိန်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ ဗိုလ်ချုပ်မှူးကြီးစောမောင်က လုပ်ခဲ့တယ်။ အဲဒီအချိန်ကတော့ ဗိုလ်ချုပ် ကြီးစောမောင်အနေနဲ့ပေါ့ နော်။ အဲဒီ အချိန်တုန်းက ဘာမှ ပြဿနာမရှိဘူး။ ဝန်ကြီးနဲ့ ကာကွယ်ရေးဦးစီးချုပ်။ အခု ပြဿနာဖြစ်ရတဲ့ (cause) အကြောင်းရင်းက ခုန ဝန်ကြီးနဲ့ ကာကွယ်ရေးဦးစီးချုပ်မှာ ဘယ်သူက ဘယ်လိုပိုပြီး powerful ဖြစ်နေလို့လဲ။ နောက်တခါ ကိုယ့်အထက်က ကိုယ့်အပေါ်မှာ powerful ဖြစ်မယ့်နေရာကို ကိုယ့် junior လာပြီးထားတာကို မခံနိုင်ဖြစ်တဲ့ သဘောလား။ ဘယ်လို မြင်ပါသလဲခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။အဲဒါလည်း ပါပါတယ် ခင်ဗျ။ ဝါစဉ်ပေါ့လေ၊ ဘယ်သူကမှ ကြီးတဲ့လူက ငယ်တဲ့လူရဲ့ အောက်မှာ မလုပ်ချင်ပါဘူး ခင်ဗျ။ ကြီးတဲ့လူ ဖယ်သွားမှသာ ငယ်တဲ့လူက တက်ရပါတယ်။ ကာကွယ်ရေးဝန်ကြီးအနေနဲ့ ဗိုလ်ချုပ်ကြီးဖြစ်တာမှန်သော်လည်း သူရဲ့အထက် က ဦးစီးချုပ် (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်)၊ ဒုချုပ် (ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်) ၊ ညှိကွပ် (တပ်မတော် ညှိနှိုင်းကွပ်ကဲရေး မှူး ကြည်း-ရေ-လေ) ပေါ့ဗျာ။ ဒါတွေက သူ့ရဲ့အထက်မှာ ရှိနေမယ့်အခါကျတော့၊ ကိုမြင့်အောင်လို့ senior တော်တော်ကျနေတဲ့ ဗိုလ်ချုပ်ကြီး တယောက်အနေနဲ့ junior ကျတဲ့ ဗိုလ်ချုပ်ကြီးတွေရဲ့အောက်မှာ သူ လုပ်ဖို့အတွက်ကတော့ ဝန်လေးပါလိမ့်မယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ခင်ဗျ၊ အဲဒီတော့ အခု အဲဒီ junior နဲ့ senior ကိစ္စကိုကြည့်တဲ့အခါမှာ အဲဒီလိုမျိုး senior တွေကို နှိမ်ထားလိုက် ပြီးတော၊့ ကိုယ်ပိုပြီး နိုင်နိုင်နင်းနင်း ကိုင်လို့ရမယ့် ကိုယ့်ကို မော်မကြည့်ရဲတဲ့ seniority အရမ်း ပြတ်တဲ့ junior တွေကို ဆွဲဆွဲတင်ပြီး လုပ်တာ ဟာ တော်တော်ကြာနေပြီ။ ၁၉၉၇ မှာတော့ ပိုပြီး ရှင်းရှင်းလင်းလင်းပဲ။ junior တွေဆွဲတင်ပြီး senior တွေအပေါ်မှာ တင်ပစ်လိုက်တာ၊ အခု နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဆိုတာ ၁၉၉၇ မှာ ဖွဲ့စည်းလိုက်တဲ့အခါ၊ senior ဗိုလ်ချုပ်တွေ အကုန်လုံးရှိနေတာကို သူ တို့အောက်က လူတွေကို အပေါ်ဆွဲတင်ပြီး၊ အပေါ်ဆုံး အမြင့်ဆုံး စစ်ကောင်စီ ဖွဲ့ခဲ့တာ၊ ကျနော်တို့ တွေ့ရတယ်။ အဲဒီကနေစပြီးတော့ အဲဒီလိုမျိုး seniority ကို ဂရုမစိုက်ဘဲနဲ့ လုပ်လာတာ ဆက်တိုက်ပဲ။ အခုထိ တွေ့ရတာပေါ့နော်။ အဲဒီအခါကျတော့ ဒါတွေဟာ ဘယ်တော့တုန်းက စဖြစ်ပြီး တော့၊ ဒီဟာနဲ့ ပတ်သက်လို့ မကျေမနပ် ဖြစ်တာတွေ၊ ဗိုလ်မှူး စစ်ရုံးမှာ ရှိနေတုန်းက ကြားခဲ့ဖူးလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။အဲဒါ စတာကတော့ နဝတ ဗိုလ်ချုပ်ကြီးတွေပေါ့လေ၊ ဗိုလ်ချုပ်ကြီးထွန်းကြည်တို့ ဗိုလ်ချုပ်ကြီးကျော်ဘတို့ အဖွဲ့ တွေပေါ့၊ သူတို့ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ မတိမ်မယိမ်းပါ။ ဗိုလ်ချုပ်ကြီးထွန်းကြည် တို့ဆို ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ကိုသန်းရွှေပဲ ခေါ်တာ။ နဝတဥက္ကဌဖြစ်တဲ့ အထိလည်း ကိုသန်းရွှေပဲ ခေါ်ကြတာကိုး။ ရေရှည်ကျတဲ့အခါကျတော့ သူ အဲဒီဒဏ်တွေ ပေါ့လေ၊ သူ့ကို ပုခုံးချင်းယှဉ်တယ်၊ သူ့ကိုဂရုမစိုက်ဘူး ဆိုတာမျိုး တွေးခေါ်လာတဲ့ အနေအထားမျိုး ရှိပါတယ်။ ဒါကြောင့်မို့ နဝတကို ရှင်းစဉ်တုန်းကလည်း မူလပြဿနာဖြစ်တဲ့ ဗိုလ်ချုပ်ကြီးတွေတင် မဟုတ်ဘူး။ ကျန်တဲ့ သူနဲ့ တန်းတူရှိတဲ့ ဗိုလ်ချုပ်ကြီးတွေကိုပါ အားလုံးဖယ်ပြီးတော့မှ ရှင်းပစ်လိုက်တာပါ။ အဲဒီ နောက် ပိုင်းမှာ သတိထားမိပါလိမ့်မယ်။ တိုင်းမှူးတွေက အထက်က၊ ဝန်ကြီးတွေက အောက်က၊ ဆိုတဲ့ ဥစ္စာဟာ။ အဲဒီ နောက်ပိုင်းမှာမှ ဖြစ်လာတဲ့ ဖြစ်စဉ်ပါ။ အဲဒါကို သူက အငယ်တွေကို ဦးစားပေးသယောင်ယောင်နဲ့ အပေါ်တင်ပြီးတော့ အကြီးတွေကို နှိပ်ကွပ်လိုက်တဲ့ အနေအထားမျိုး ရှိပါ တယ်။ အဲဒီလမ်းစဉ်က ၁၉၉၇ နောက်ပိုင်းကတည်းက စကျင့်သုံး လာတာ အခုထိပဲ ဆိုပါတော့ဗျာ။

ဦးရော်နီညိမ်း။ ။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်က ပထမဦးဆုံးအကြိမ် ပြုလုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးကနေ ကာကွယ် ရေးဝန်ကြီးအဖြစ် တင်မြှောက်ခံရတဲ့ ကာကွယ်ရေးဦးစီးချုပ်ဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦး ကိုလည်း၊ အဲဒီအချိန်က လွှတ်တော် ရဲ့ ရွေးချယ်တင်မြှောက်မှုနဲ့ ပတ်သက်ပြီး မေးကြည့်ခဲ့ပါတယ်။

ဦးရော်နီညိမ်း။ ။ အန်ကယ် ဒုကာကွယ်ရေးဦးစီးချုပ်(ကြည်း) ကနေပြီးတော့မှ ကာကွယ်ရေးဦးစီးချုပ် ဖြစ်တဲ့အချိန်မှာ၊ ၁၉၇၄ ခုနှစ် အခြေခံ ဥပဒေ ပေါ်လာပါပြီလား ခင်ဗျ။

ဦးတင်ဦး။ ။ ကျနော် ဒုကာကွယ်ရေးဦးစီးချုပ် ဖြစ်တာက ၁၉၇၂ ခုနှစ်။ ၁၉၇၄ ခုနှစ်ကျတော့ သူတို့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ လုပ်ပြီး တော့ ပထမဦးဆုံး လွှတ်တော် ခေါ်တယ်။ အဲဒီအခါမှာ ကျနော်က ဗိုလ်မှူးချုပ်ကနေ ဗိုလ်ချုပ်ကြီး တခါတည်း ဖြစ်သွားတာ ခင်ဗျ။ ၁၉၇၄ ခုနှစ် လွှတ်တော်အစည်းအဝေး ကျင်းပတဲ့ မတ်လထဲမှာပဲ ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အန်ကယ်။ အဲဒီတော့ ဒုချုပ်(ကြည်း) ကနေပြီးတော့၊ ကာကွယ်ရေးဦးစီးချုပ် အရင်ဖြစ်ပြီး နောက်တော့မှ လွှတ် တော်အစည်းအဝေးပေါ်လာပြီးမှ ကာကွယ်ရေးဝန်ကြီးအဖြစ် ထပ်ပြီး ပူးတွဲ ခန့်အပ်ခံရတာလား ခင်ဗျ။

ဦးတင်ဦး။ ။ ဟုတ်တယ်။ ဗိုလ်ချုပ်(ဗိုလ်ချုပ်ကြီး)စန်းယုတို့ (ကာကွယ်ရေးဦးစီးချုပ်အဖြစ်မှ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အထွေထွေ အတွင်းရေးမှူး အဖြစ်သို့) တက်သွားတဲ့အခါကျတော့၊ အဲဒီနေရာမှာ ကျနော်က ကာကွယ်ရေးဦးစီးချုပ် ဖြစ်တာပေါ့။ ပြီးတော့မှ ဝန်ကြီးက သပ်သပ်။ နောက်တော့ လွှတ်တော်ခေါ်တဲ့အချိန် ဝန်ကြီးတွေ ခန့်တော့မှ ကာကွယ်ရေးဝန်ကြီး ဖြစ်တာခင်ဗျ။

ဦးရော်နီညိမ်း။ ။အန်ကယ် အဲဒီတုန်းက ဒီ ကာကွယ်ရေးဦးစီးချုပ်ဟာ ကာကွယ်ရေးဝန်ကြီး လုပ်ရမယ်လို့ ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေ ထဲမှာ ပြဌာန်းထားတာလား ဒါမှမဟုတ် ဦးနေဝင်းရဲ့ တချက်လွှတ် အမိန့်နဲ့ပဲ ပါတီရဲ့ CEC (Central Executive Committee - ဗဟိုအလုပ် အမှုဆောင်ကော်မီတီ) အစည်းအဝေးကနေ ဆုံးဖြတ်တာလား။ အဲဒါက ဘယ်လိုပါလဲ ခင်ဗျ။

ဦးတင်ဦး။ ။ အမှန်ကတော့ ကာကွယ်ရေးဦးစီးချုပ် သပ်သပ် ခန့်လည်း ရတယ်။ ကာကွယ်ရေးဝန်ကြီးကို သပ်သပ် ခန့်ရင်လည်း ရတယ်။ ဒါပေမယ့် အဲဒီတုန်းကတော့ တပါတီ စနစ်ဆိုတဲ့အတွက်ကြောင့်မို့ ကာကွယ်ရေးဦးစီးချုပ်ကိုလည်း ကာကွယ်ရေးဝန်ကြီးအဖြစ် တခါထဲ တွဲပေး လိုက်တာပါပဲ။ ဥပဒေမှာကတော့ ကာကွယ်ရေးဦးစီးချုပ်ဟာ ကာကွယ်ရေးဝန်ကြီးဖြစ်ရမယ် ဆိုတာမျိုးတော့ မဆိုလိုဘူး။ (၁၉၆၂) တော်လှန် ရေးကောင်စီ အာဏာသိမ်းတုန်းကလည်းပဲ အဲဒီလို အစဉ်အလာမျိုးဖြစ် လာတော၊့ အဲဒီအစဉ်အလာပေါ် မူတည်ပြီး ဖြစ်သွားတဲ့ သဘောပဲ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ အန်ကယ့်ကို နှစ်ခုစလုံး ပူးတွဲ တာဝန်ပေးအပ်တဲ့အပေါ်မှာ၊ အဲဒီအချိန်တုန်း က မကျေနပ်တဲ့လူ တပ်မတော်ခေါင်းဆောင်ပိုင်းမှာ ရှိခဲ့ပါသလား ခင်ဗျ။ ဝန်ကြီးကော ကာကွယ်ရေးဦးစီးချုပ်ကော တဦးထဲကို ပေးတယ် ဆိုပြီးတော့။

ဦးတင်ဦး။ ။ အဲဒီလိုတော့ မရှိဘူးခင်ဗျ၊ ဒါပေမယ့် ဒီ ကာကွယ်ရေးဝန်ကြီး မဲခွဲတဲ့ အချိန်မှာ (လျှို့ဝှက်မဲပေးသည့်) ခလုပ်တွေနဲ့ နှိပ်တဲ့ အချိန် မှာ ကျနော့်ကျတော့ ကန့်ကွက်မဲ နည်းနည်းပိုများတယ် ခင်ဗျ။ ကန့်ကွက်မဲ (၁၁) မဲလား (၁၂) မဲလား ပါတယ်။ အဲဒါတော့ ထူးခြားတဲ့ သဘောရှိ တယ်။ မဲပုံးထောင်တဲ့အခါမှာ အမှား နဲ့ အမှန်ပဲ၊ ကြိုက်တာနဲ့ မကြိုက်တာ ခြစ်ဖို့ပဲ ရှိတယ်။ တယောက်တည်းပဲ။ အဲဒီ တယောက်တည်း nominate လုပ်တာကို မကြိုက်ရင် cross လုပ်၊ ကြိုက်ရင် အမှန် ခြစ်၊ ဒါပဲ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အဲဒီတော့ အန်ကယ်က ကာကွယ်ရေးဦးစီးချုပ်ကော ကာကွယ်ရေးဝန်ကြီးပါ တာဝန်ယူတဲ့အချိန်မှာ၊ဒုချုပ်(ကြည်း) ကို ဘယ်သူ့ကို တာဝန်ပေးပါသလဲ။

ဦးတင်ဦး။ ။ ဒုချုပ်(ကြည်း) ဆိုတာက၊ အဲဒီတုန်းက မူလ ကျနော်တို့ တင်ထားတာကတော့ ဗိုလ်မှူးကြီးတင့်ဆွေ (နောင် စက်မှု(၁) ဝန်ကြီး အငြိမ်းစားဗိုလ်မှူးချုပ် ဦးတင့်ဆွေ) ခင်ဗျ။ ဗိုလ်မှူးကြီးတင့်ဆွေကို အားလုံး သဘောတူပြီး နောက်ပိုင်းကျမှ ဗိုလ်မှူးကြီးတင့်ဆွေကို ကာကွယ်ရေး ဒုဝန်ကြီး ပေးလိုက်ပြီးတဲ့နောက်၊ ဗိုလ်မှူးကြီးကျော်ထင်ကို ဒုချုပ်(ကြည်း) ပေးလိုက်ပြီးတော့၊ ဗိုလ်မှူးချုပ်ကျော်ထင် ဆိုပြီး ဒုကာကွယ်ရေးဦးစီး ချုပ်(ကြည်း)တာဝန် ပေးလိုက်တာ ဖြစ်ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ အန်ကယ်တို့ အချိန်တုန်းကလည်း၊ ဗိုလ်မှူးကြီးတင့်ဆွေဟာ ဒုကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဖြစ်လာ မယ်၊ တပ်မတော်မှာ ဒုတိယအကြီးအကဲ ဖြစ်လာမယ်၊ လို့ အားလုံးက မျှော်လင့်နေတဲ့အချိန်မှာ သူက မဖြစ်ဘဲနဲ့ ဒုဝန်ကြီးဖြစ်သွားပြီးတော့၊ တခြားတယောက်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးကျော်ထင်က ဒုချုပ်(ကြည်း) ဖြစ်လာတဲ့အပေါ်မှာ “ကျနော်တော့ ဒုဝန်ကြီး မလုပ်နိုင်ပါဘူး၊ ကျနော် ဒီတာ ဝန်ကို မယူနိုင်ပါဘူး” ဆိုတဲ့ကိစ္စမျိုး ပေါ်ခဲ့ဖူးပါ သလား ခင်ဗျ။ အခုတော့ ပေါ်တယ်လို့ သတင်းက ထွက်နေပါတယ်။

ဦးတင်ဦး။ ။ မပေါ်ပါဘူး ခင်ဗျ။ အဲဒီ ဥစ္စာက နည်းနည်းလေး ရှုပ်ထွေးတဲ့ သဘောရှိတယ်။ ဒီလိုပါ၊ အဲဒီဟာနဲ့ပတ်သက်ပြီး လွှတ်တော်ခေါ်ခါ နီးမှာ ကျနော်ကတော့ ကာကွယ်ရေးဦးစီးချုပ် ဖြစ်မယ်ဆိုတော့၊ ဒုချုပ်(ကြည်း)အဖြစ် ကျနော်တို့ ဗိုလ်မှူးကြီးတင့်ဆွေကို nominate လုပ်တယ်။ ဗိုလ်မှူးကြီးတင့်ဆွေက အတည်ဖြစ်လောက်တဲ့အထိ ဖြစ်သွားပြီ ခင်ဗျ။ ဖြစ်သွားပြီးတော့မှ အဲဒီမှာ လွှတ်တော်ခေါ်နေတုန်းပဲ ထင်ပါတယ်ခင်ဗျ၊ အဲဒီလိုအချိန်မှာ ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ ဒါနဲ့ပတ်သက်ပြီးတော့ ဗိုလ်ချုပ်စန်းယုက တင်ပြလာတာ ရှိတယ်ခင်ဗျ။ သူ့ရဲ့ဆန္ဒကတော့ ဗိုလ်ချုပ် ကျော်ထင်ကို ပေးချင်တယ်ဆိုတဲ့ သဘော။ ဗိုလ်မှူးကြီးတင့်ဆွေကိုတော့ လောလောဆယ်မှာ မပေးချင်သေးတဲ့ သဘောပေါ့။ အဲဒီလို ဖြစ်တယ် ခင်ဗျ။ အဲဒီအခါမှာ ဒါနဲ့ပတ်သက်လို့ ကျနော်ကတော့ ဗိုလ်မှူးကြီးတင့်ဆွေကိုပဲ ပေးချင်တယ်ဆိုပြီးတော့၊ တော်တော်လေးပဲ ပြောတာရှိတယ်။ သို့သော် နောက်ပိုင်းကျတော့ ဘယ်လိုဖြစ်သွားလဲ ဆိုတော့ကာ၊ ဒါနဲ့ပတ်သက်ပြီးတော့ ဒါဟာ ကျနော်တို့ ဒီ No. 1 ကြီး (ဦးနေဝင်း) ပေါ့ ဗျာ၊ သူ့ရဲ့ သဘောဆန္ဒအတိုင်းလုပ်ဖို့ ကောင်းတယ်။ သို့သော်လည်းပဲ မနစ်နာရအောင် ဒီလိုလုပ်ရင် ကောင်းမယ်ဆိုပြီး အကြံတခုပေးတယ် ခင်ဗျ။ အဲဒီအကြံက ဘယ်သူပေးလဲဆိုတော့ကာ၊ ဗိုလ်မှူးကြီးကြည်မောင်က ပေးတယ်ခင်ဗျ။ ဒါကလည်း သူတို့ အောက်မှာ ပြောပြီးဆိုပြီး ထင်ပါတယ် ခင်ဗျ။ ဗိုလ်မှူးကြီးကြည်မောင်က “ဒီလိုလုပ်ပါလား ကာကွယ်ရေး ဒုဝန်ကြီးဟာလည်းပဲ အဆင့်မြင့်တာပဲ။ အဲဒီတော့ သူ့ (ဗိုလ်မှူးကြီးတင့်ဆွေ) ကို ဒုဝန်ကြီးပေးလိုက်ပြီးတော့ ဗိုလ်ချုပ်ကျော်ထင်ကို ဒုကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဖြစ်မယ် ဆိုပြီး ပြောလိုက်တဲ့အခါမှာ အားလုံးက ကောင်း သားပဲ ဆိုပြီးတော့ လက်ခံလိုက်ပြီးတော့ အဲဒီလို တင်လိုက်တယ် ခင်ဗျ။ ဒါပေမယ်လို့ နောက်ဆုံး ထွက်လာတဲ့အခါကျတော့ ဗိုလ်မှူးကြီးတင့် ဆွေ မပါ လာပြန်ဘူး ခင်ဗျ။ မပါလာဘူးဆိုတာက ဗိုလ်မှူးကြီးတင့်ဆွေဟာ ဒုဝန်ကြီးအဖြစ်နဲ့ကို မပါလာဘူး။ အဲဒီအခါမှာ ကျနော် တော်တော် လေးပဲ စိတ်ထိခိုက်တာနဲ့ ဝန်ကြီးချုပ်ဗိုလ်ချုပ်စိန်ဝင်း (အငြိမ်းစားဗိုလ်မှူးချုပ် ဦးစိန်ဝင်း)ကို ကျနော်က သွားပြောတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ သောတရှင်များ ခင်ဗျာ၊ ‘စစ်တပ်နှင့် အမိန့်နာခံမှု အပိုင်း(၆)’ ကိုတော့ နောက်သီတင်းပတ် စနေနေ့ မနက်နဲ့ ညနေပိုင်းတွေ မှာ ဗီအိုအေ မြန်မာပိုင်းအစီအစဉ်ရဲ့ ‘တပ်မှူးတပ်သား ပြောစကား” ကဏ္ဍကနေ ဆက်ပြီး ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါတယ်။ စောင့်မျှော်နားဆင် ကြပါ။ ကျနော် ရော်နီညိမ်းပါ။

XS
SM
MD
LG