သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု ကော့မှူး ဒုတိယအကြိမ် ပါတီစည်းရုံးရေးဆင်း


ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့ကို ပါတီစည်းရုံးရေး ဒီကနေ့ သွားခဲ့ပြီး ဒါဟာ ဒုတိယအကြိမ်မြောက် ခရီးစဉ်လည်း ဖြစ်ပါတယ်၊

မြန်မာနိုင်ငံမှာ ပြည်သူကို အားကိုးတဲ့ အစိုးရတရပ်ပေါ်ပေါက်လာဖို့ လိုသလို အစိုးရကောင်းတရပ် ရရှိဖို့အတွက် လူထုမှာ တာဝန်ရှိတယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ဟာ ကြားဖြတ်ရွေးကောက်ပွဲမှာ သူယှဉ်ပြိုင်မယ့် ကော့မှူးမဲဆန္ဒနယ်ထဲကို ဒီကနေ့ သွားခဲ့စဉ် လုူထုကို အခုလို ပြောလိုက်တာပါ၊ ဒီသတင်းကိုတော့ မသင်းသီရိက ဆက်ပြောပြပေးပါလိမ့်မယ်၊

++++

ဒီကနေ့ ဖေဖော်ဝါရီ ၂၁ ရက် အင်္ဂါနေ့မနက်က ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့ကို ပါတီစည်းရုံးရေး သွားခဲ့ပြီး ဒါဟာ ဒုတိယအကြိမ်မြောက် ခရီးစဉ်လည်း ဖြစ်ပါတယ်၊

ပထမဆုံးကော့မှူးမြို့နယ်နဲ့ တွံတေးမြို့နယ်အစပ်နားက အဖျောက်ဆိုတဲ့ ရွာနဲ့အတူ ကော့မှူးမြို့နယ်ထဲက ဝါးဘလောက်သောက် ဆိုတဲ့ ရွာ ၂ရွာကို သွားပြီး ဒေသခံလူထုနဲ့ တွေ့ဆုံပါတယ်၊ မြန်မာနိုင်ငံမှာ လူထုဘဝတွေကို ကိုယ်စားပြုတဲ့ အစိုးရ တရပ် ပေါ်ပေါက်လာရေးဟာ အရေးကြီးသလို အစိုးရကောင်းတရပ်ရအောင်လည်း လူထုက ကြိုးစားရမှာ ဖြစ်တယ်လို့ ဒေသခံကော့မှူးလူထုကို ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြပါတယ်၊

“ ရိုးရိုးလေး စဉ်းစားကြည့်ပါ။ ကိုယ့်ကို မအားကိုးဘူး၊ ကိုယ့်ကို တန်ဖိုးမထားဘူး၊ ကိုယ့်ကို အလေးမထားဘူး ဆိုရင် ကိုယ့်ရဲ့ အကျိုးကို ထမ်းဆောင်ပါ့မလား။ ဒီတော့ ကိုယ့်ကို အလေးထားမှ ကိုယ့်ကို အားကိုးမှ အစိုးရများဟာ ပြည်သူတွေရဲ့ အကျိုးကို ထမ်းဆောင်မှာ ဖြစ်ပါတယ်။ ပြည်သူတွေမှာလည်း တာဝန်ရှိတယ် ဆိုတာကတော့ ကျမ သတိပေးပါရစေ။ စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်အောက်မှာဆိုရင် ပြည်သူလူထုတွေက မိမိတို့တွေရဲ့ ဘဝကို မြှင့်တင်နိုင်မယ့် အခွင့်အရေးတွေ အများကြီး ဖန်တီးပေးလို့ရမယ်။ ဒါပေမဲ့ ပြည်သူတွေကလည်း ကြိုးစားရမယ်။ ကျမတော့ ချည်းပြီး ကြိုးစားလို့ မရဘူး။ ကျမ အမြဲဘဲ ပြောပါတယ်။ အခွင့်အရေးနဲ့ တာဝန်ဆိုတာ အမြဲ ဒွန်တွဲနေတယ်။ ကျမတို့ ဒီမိုကရေစီ အရ ပြည်သူမှာ အခွင့်အရေးတွေ ရှိတယ်။ ဒါပေမဲ့ တာဝန်တွေလည်း ရှိတယ်။ အခွင့်အရေးတော့ လိုချင်ပါတယ်။ တာဝန်တော့ မယူချင်ဘူးဆိုရင်တော့ မဖြစ်ဘူး။”

ဒါကတော့ ဝါးဘလောက်သောက်ရွာမှာ လူထုကို ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ မိန့်ခွန်းထဲက တစိတ်တပိုင်း ပါရှင်၊ ဒါ့အပြင် ကော့မှူးမြိူနယ်ထဲမှာ ဆင်းရဲသူများပြီး အလုပ်အကိုင် ရှားပါးတဲ့သူ များတာမို့ အလုပ်အကိုင်ရရှိရေး ပညာရေး နဲ့ ကျန်းမာရေး ကဏ္ဍတုးိတက်လာရေးအပြင်၊ ဒီလို မဖွံဖြိုးတဲ့ ဒေသကို ကိုယ်စားပြုပြီးတော့ သူအနေနဲ့ ကော့မှူး မဲဆန္ဒကနေ ဝင်ပြိုင်ဖို့ စီစဉ်ခဲ့တယ် ဆိုတာတွေနဲ့ NLD ပါတီရဲ့ရပ်တည်ချက် တွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြခဲ့ပါသေး တယ်၊ ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့နယ်ထဲက ဝါးဘလောက်သောက်ရွာကို မလာခင် လမ်းမှာ ကော့မှူးနဲ့ တွံတေးမြို့နယ်အစပ်နားက အဖျောက်ရွာကိုလည်း ဝင်ခဲ့သေးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေး အရာရှိ ဦးခွန်သာမြင့်က ပြောပါတယ်၊

“ကော့မှူးမြို့နယ်ထဲကပဲ ပရဟိတ ကျောင်းတစ်ကျောင်းကို သွားပါတယ်။ ကျောင်းကိုသွားပြီးတော့ အဲဒီက ကျောင်းသားတွေကို တွေ့ပြီး သံဃာတော်တွေကို ဖူးတယ်။ သင်္ကန်းကပ်တယ်။ နောက် ခလေးတွေကို မိန့်ခွန်းပြောတယ်ပေ့ါ။ နောက် ခုနက အဖျောက်ရွာကို သွားတယ်။ အဖျောက်ရွာမှာလည်း အဖျောက်ရွာ ဘုန်းကြီးကျောင်း သံဃာတော်တွေကို ကန်တော့ပါတယ်။ နောက် အဖျောက်ရွာက သက်ကြီးရွယ်အိုတွေကို လက်ဆောင်တွေ ပေးတယ်။ ကန်တော့တယ်ပေ့ါ။ အဲဒါပြီးတော့ မှ ခုနက အဖျောက်ကွင်းထဲမှာ ဟောတာပါ။"

လာမယ့် ဖေဖော်ဝါရီ ၂၃ နဲ့ ၂၄ ရက် နေ့တွေ မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ကချင်ပြည်နယ်ထဲကို ပါတီစည်းရုံးရေးသွားမှာလည်း ဖြစ်ပါတယ်၊

“ကချင်ကတော့ ၂၃ ရက်နေ့ပေါ့။ သဘက်ခါ မနက် ထွက်မယ်။ မနက်ထွက်ပြီးတော့ ကျနော်တို့ …ဟိုရောက်တာနဲ့ မြစ်ကြီးနားမြို့ ထဲကို မဝင်ဘူးပေ့ါ။ မိုးကောင်းကို တန်းသွားမှာပါ။ မိုးကောင်းသွားပြီး လမ်းမှာ မိုးကောင်း မြို့နယ်ထဲက မုန်းကြီး ဆိုတဲ့ဲ့ ရွာမှာ ဟောပါမယ်။ ပြီးတော့ မိုးကောင်းမြို့မှာ ဟောပါမယ်။ ပြီးရင် မြစ်ကြီးနားမှာ ညပြန်အိပ်မယ်ပေ့ါ။ ၂၄ ရောက်သွားတော့ မနက်မှာ ကချင်မနောကွင်းထဲမှာ မြစ်ကြီးနား လူထုကို ဟောပါလိမ့်မယ်။ မြစ်ကြီးနားနဲ့ ကချင်ပြည်သူလူထု ကို ဟောပါလိမ့်မယ်။ အဲဒါ ပြီးတာနဲ့ ကျနော်တို့ ဂျေလွယ်နဲ့ ဗန်းမော်ကို သွားပါမယ်။ ဗန်းမော်မှာ ဗန်းမော်လူထုကို ဟောပါမယ်။ ဟောပြီးလို့ရှိရင် အဲဒီ တခြားလုပ်စရာရှိတဲ့ ကိစ္စလေးတွေ လုပ်ပြီးရင် ဗန်းမော်ကနေ မြစ်ကြီးနားပြန်ပါမယ်။ မြစ်ကြီးနားကနေ ရန်ကုန်ကို တိုက်ရိုက် လေယာဉ်ပျံနဲ့ ပြန်ပါမယ်။ အခုအချိန်အထိတော့ အဲဒီ ကချင်ပြည်နယ် ခရီးစဉ်ကတော့ မနေ့ကတုန်းက သူတို့ ပြည်နယ်စည်းကို ခေါ်ပြီးတော့ ပြည်နယ် ကော်မရှင်ကနေ အားလုံး ခွင့်ပြုလိုက်တယ် ဆိုတာ ပြောပါတယ်။ ကျန်တဲ့ အခက်အခဲကတော့ နေရာ အခက်အခဲကတော့ ကျနော်တို့ မသိပါဘူး။ မန္တလေးလည်း တက်ရဦးမယ်။ ကလော၊ အောင်ပန်း၊ ဟဲဟိုး အဲဒီဟာတွေမှာတော့ သွားတောင်းရင် ဘာဖြစ်ဦးမလဲတော့ မသိသေးပါဘူး။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိ ဦးခွန်သာမြင့် ပြောပြခဲ့တာပါရှင်။ ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ကောမှူး မဲဆန္ဒနယ် ကနေ အခုဒေါ်အောင်ဆန်းစုကြည် ဝင်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်း အဖြစ် လျှောက်ထားပေမဲ့ ကန့်ကွက်တဲ့သူ ရှိတာကြောင့် ကိုယ်စားလှယ်လောင်း အတည်ပြုစာရင်း ခုချိန်ထိ မထွက်သေးပါဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခု နယ်ခရီးစဉ်တွေဟာ ပါတီစည်းရုံးရေး အတွက်သာ ဖြစ်ပြီး မကြာမီ ရက်သတ္တပတ်များမှာလည်း ရှမ်းပြည်နယ် မန္တလေးတိုင်းနဲ့ အတူ လစ်လပ် မဲ ဆန္ဒနယ်မြေတွေ အကုန်လုံးကို စည်းရုံးရေးသွားနိုင်ဖို့ အတွက် အန်အယ်လ်ဒီ NLD ပါတီက စီစဉ်နေတယ်လ့ိုလည်း ပြောပါတယ်ရှင်။

XS
SM
MD
LG