ဒီနေ့ နေ့လည် မွန်းတည့်ချိန်လောက်က ထိုင်းမြန်မာနယ်စပ် တပ်ခ်ခရိုင်ထဲက လူဦးရေ သောင်းနဲ့ ချီ ပြီးရှိတဲ့ အုန်းဖြန် ဒုက္ခသည်စခန်းက ရပ်ကွက် ၄ ခု လောက် မီးလောင်ခဲ့တဲ့ အတွက် ဒုက္ခသည် ထောင်နဲ့ ချီပြီးတော အိုးမဲ့အိမ်မဲ့ ဖြစ်သွားကြပါတယ်။ ဒီအကြောင်းကို ဗီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာ ကသတင်းပေးပို့ထားပါတယ်။
ထိုင်းမြန်မာနယ်စပ် တပ်ခ်ခရိုင်ထဲက ဒုက္ခသည် စခန်း တစ်ခုဖြစ်တဲ့ အုန်းဖြန် စခန်းမှာ ဖေဖေါ်ဝါရီလ ၂၃ ရက် နေ့လည် ၁၂ နာရီကျော်အချိန်က စပြီး မီးစတင်လောင်ခဲ့တဲ့အတွက် ရပ်ကွက် ၄ ခုမှာ အိမ်တွေ မီးလောင် သွားခဲ့ရပါတယ်။
ဒုက္ခသည် တစ်ဦးပြောပြတာက “စုံကြည် ရပ်ကွက် ကိုး၊ ရပ်ကွက်မှူးအိမ်က စဖြစ်တာတဲ့။ ဂက်စ်အိုး စပေါက် တာတဲ့။ ကုန်းအမြင့်ဆုံးကနေ လောင်ပြီးတော့ အောက်ကို စွဲသွားတာ။ စွဲသွားပြီးတဲ့ အခါ ညီမ တို့နားမှာ ကျတော့ စမ်းချောင်းရှိတယ်လေ။ အဲဒီ စမ်းချောင်းအတိုင်းကို လိုက်သွားတဲ့ အခါကျတော့ ဒီဘက်တွေကို တော့ မကူးဘူးပေ့ါ။ ဟိုဘက် အခြမ်းတွေက အကုန်ပါသွားတယ်။ အကုန်ပါသွားတယ် ဆိုတာ အဲဒီ ၇ ရပ်ကွက်၊ ၆ ရပ်ကွက်၊ ၁၀ ရပ်ကွက် အကုန်ပါသွားတယ်လေ။ အခုလောလောဆယ် မီးသတ်ကား ရောက် လာပြီးတော့၊ အခုဘဲ ရောက်တယ်လေ။ အခုရေဖြန်းနေတယ်။ မီးကြွင်းမီးကျန်က ထထ တောက်ပြီးတော့ ဒီမှာက ရေလည်း မရှိဘူး၊ သဲကလည်း မရှိဘူး။ အဲဒီတော့ တော်တော်များများ လောင်သွားတာ။”
ဒုက္ခသည်စခန်းဟာ နယ်စပ်မှာဖြစ်တဲ့တွက် မီးသတ်ကားတွေလာရောက်ဖို့ အချိန်မမှီတဲ့အတွက် မီးလောင်ပြီး ၂ နာရီ ကျော်ကြာတဲ့ အချိန်ကျမှ မီးသတ်ကားတွေ ရောက်လာနိုင်ခဲ့ပါတယ်။
မီးစတင်လောင်တဲ့ အချိန်ကစပြီး ရသမျှရေတွေနဲ့ ပက်ဖျန်းတာ နောက်ထပ် မီးမကူးစက်အောင် ဒုက္ခသည် တွေကဘဲ ကြိုးစား လုပ်ဆောင်ခဲ့ရတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
“အခုက မီးသေတယ် ဆိုပေမဲ့လည်းလေ အဲဒီလို ထထ ဖောက်တယ်။ ဂက်စ်အိုးတွေ ဟိုဒင်းလေ ဓာတ်ဆီပုံး တွေကလား မသိဘူး ထထဖောက်တယ်။ ဝိုင်းတော့ အကုန်လုံး လုပ်ကြပါတယ်။ အိမ်တွေ လည်း တော်တော် များများ ဖျက်ထားပါတယ်။ ကျန်တဲ့ အိမ်တွေလည်း လေ။ အမိုးတွေ လိုက်ဖျက် ထား။ နီးစပ်ရာ ရေနဲ့တော့၊ ရေခွက်လေးကတော့ မဖြစ်စလောက် အိမ်တွေ လိုက်ဖြန်း၊ ဘာညာ အဲဒီလိုမျိုး အရန်သင့်တော့ လုပ ်ထားကြတယ်။ မီးက မသေသေးဘူးဆိုတာ ရေမရှိဘူးလေ။ ရေအား မကောင်းတဲ့အတွက် မီးကြွင်း မီးကျန်တွေက ဝါးတွေ ဟိုဒင်းတွေဆိုတော့ ထထပြီးတောက်လို့။ ရေက ARC က ပေးတာဘဲ ကျနော်တို့ သုံးစွဲတယ်လေ။ တချို့ ကျတော့ လည်း အဲဒီ တောင်ကုန်းပေါ်မှာ ကျင်းတူးပြီးတော့ စုပေါင်း စပ်ပေါင်းပြီး တော့ နံရံကပ်လေးတွေ နဲ့ ဝေမျှပြီးတော့ သုံးနေရတယ်။ အခု နွေဘက်ကျတော့လေ ရေက မရှိသလောက် ဘဲ လေ။ ရေက တော်တော်ရှားပါနေတဲ့ အချိန်ကျတော့ နေကလည်း အရမ်းပူတယ်လေ။ ညဘက်ဆို အရမ်း အေးပြီး နေ့လည်ဘက် ဆို အရမ်းပူတယ်ဆိုတော့ အဲဒါ အခုရေက အခုတော့ မရှိဘူး။ မရှိရဲ့သားနဲ့ အခု နီးစပ်ရာ အကုန်လုံးဘဲ လုပ်နေတာ။ အဓိက ကတော့ ဖျက်အားပေ့ါ။ အိမ်တွေ ဖျက်တာကို အဓိက ထား လုပ်တယ်။ ရေက မနိုင်ဘူးလေ။ ရေ နဲ့ သဲက မနိုင်ဘူး။ အိမ်တွေ ဖျက်တယ်။ အဲဒီလို မျိုး။ ”
ရပ်ကွက် ၄ ခု စလုံးက အိမ်ခြေ ထောင်နဲ့ ချီပြီး မီးလောင် သွားတဲ့အတွက် လူဦးရေ ထောင်နဲ့ချီ အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။
မီးလောင်မူအတွင်းကလေးတွေပျောက်ဆုံးမူတွေ ရှိနေ တယ်လို့ ဒုက္ခသည်တွေက ဆိုပါတယ်။ ညနေပိုင်း အထိ မီးသတ်ကားများက မီးတွေကို ငြိမ်းသတ်နေဆဲ ဖြစ်ပါတယ်။
ဒုက္ခသည်တွေကို အိမ်ဆောက်ဖို့အတွက် သက်ကယ်နဲ့ ဝါးများ၊ သစ်များ ပေးထားတဲ့ အချိန်ဖြစ်တဲ့ အတွက် အိမ်ဆောက်ဖို့ ပစ္စည်းတွေ ဆုံးရှုံးမှုတွေ ဖြစ်ရတယ်လို့လည်း ဒုက္ခသည်တွေက ပြောပါတယ်။