ဆိုမားလီးယားနိုင်ငံက ဆယ်စုနှစ်ပေါင်းများစွာ တာရှည်တဲ့ နိုင်ငံမတည်ငြိမ်မှုတွေနဲ့ ပတ်သတ်ပြီး အတူတကွ ပူးပေါင်း ကူညီနိုင်ဖို့ ရည်ရွယ်တဲ့ ညီလာခံတရပ်အတွက် ကမ္ဘာ့ခေါင်းဆောင်တွေ ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်မှာ စုဝေး ရောက်ရှိ နေကြပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Hillary Clinton နဲ့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Ban Ki-moon တို့ အပါအဝင် နိုင်ငံ (၄၀) က ကိုယ်စားလှယ်တွေ ဒီညီလာခံကို တက်ရောက်ကြမှာ ဖြစ်ပါတယ်။ နိုင်ငံမှာ တည်ငြိမ်မှုရှိခဲ့တဲ့ အစိုးရ ၁၉၉၁ ခုနှစ်က ပြုတ်ကျသွားပြီးကတည်းက နှစ်ပေါင်း (၂၀) ကျော် ပြည်တွင်းစစ်ရဲ့ ဒဏ်တွေ၊ ဆင်းရဲမွဲတေမှုတွေနဲ့ ကြုံနေရတဲ့ ဆိုမားလီးယားနိုင်ငံအတွက် နိုင်ငံတကာရဲ့ ထောက်ပံ့ကူညီမှု တွေရရှိရေးအတွက် ကမ္ဘာ့ခေါင်းဆောင်တွေက ဒီတရက် တာ ညီလာခံမှာ ဆွဲဆောင်စည်းရုံးကြမှာဖြစ်ပါတယ်။
လတ်တလော ဆုံးရှုံးမှုအကြီးအကျယ်ဖြစ်နေရတဲ့ ငတ်မွတ် ခေါင်းပါးမှုနဲ့ ဒေသလုံခြုံရေးကို အန္တရာယ်ပေးနေတဲ့ ပင်လယ်ဓါးပြနဲ့ အစ္စလာမ်သူပုန်တွေ ပြဿနာကို ကိုင်တွယ် ဖြေရှင်းဖို့ လက်ရှိအသွင်ကူးပြောင်းလဲရေးအစိုးရက မနည်းကြိုးစားနေရတာပါ။ ဆိုမားလီးယား အသွင်ကူးပြောင်းရေး အစိုးရကို အနောက်နိုင်ငံတွေက ကျော ထောက် နောက်ခံပေးနေရဖြစ်ပါတယ်။