တပ်မှူးတပ်သား ပြောစကား (၁၀၁)
လာမယ့် မတ်လ(၃)ရက်နဲ့ (၄)ရက်နေ့တွေမှာ မန္တလေးမြို့ကို သွားရောက်စည်းရုံးမယ့်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူထုနဲ့ထိတွေ့ဟောပြောပွဲဟာ၊ ၁၉၈၈ သြဂုတ်လ(၂၆)ရက်နေ့ ရန်ကုန်မြို့ ရွှေတိဂုံ ဘုရားအလယ်ပစ္စယံမှာ ဟောပြောခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူထုအစည်းအဝေး ပွဲကြီးနောက်ပိုင်း၊ မြန်မာနိုင်ငံမှာ အကြီးမားဆုံးသော နိုင်ငံရေးစည်းရုံးဟောပြောပွဲကြီး ဖြစ်လာဖို့ ရှိနေပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လာမယ့် မန္တလေးမြို့ခရီးစဉ်အပါအဝင်၊ ကျန်ရှိနေတဲ့ ခရီးစဉ်တွေရဲ့ လုံခြုံရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး၊ အမျိုးသားဒီမိုက ရေစီအဖွဲ့ချူပ်ရဲ့ နာယက အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးကို၊ ဦးရော်နီညိမ်းက မေမြန်းဆွေးနွေးပြီး၊ ဒီသီတင်း ပတ်ရဲ့ “တပ်မှူးတပ်သား ပြောစကား” ကဏ္ဍကို တင်ဆက်ထားပါတယ်။
ဦးရော်နီညိမ်း ။ ။ အန်ကယ်တို့ အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့နယ်လှည့်ခရီးစဉ်တွေကို သွားတဲ့အခါမှာ၊ အန်ကယ် ကိုယ်တိုင်ကလည်း ကာကွယ်ရေးဦးစီးချုပ် တာဝန်ကို ထမ်းဆောင်ခဲ့တာဆိုတော့၊ လုံခြုံရေးအခြေ အနေက၊ အန်ကယ် ဘယ်လို မြင်ပါသလဲ ခင်ဗျ။ NLDက တာဝန်ရှိသူတွေကတော့ သူတို့မှာ တာဝန်ရှိတဲ့ အတိုင်း လုပ်ဆောင်နေကြမှာပါပဲ။ ဒါပေမဲ့ အန်ကယ့်အနေနဲ့ စစ်သားမျက်စေ့နဲ့ အခုသွားလာနေတဲ့ ခရီးတွေ မှာ၊ ဘယ်ခရီးစဉ်မှာ ဘယ်လိုများ မြင်မိပါသလဲ။
ဦးတင်ဦး ။ ။ အခု သွားလာနေတဲ့ တလျှောက်မှာတော့၊ ကျနော်တို့ အရင်တုန်းက သွားခဲ့တာတွေထက် လူထုက ပို များတယ် ခင်ဗျ။ ပိုပြီးတော့ ထုထည်က များလာတယ်။ တောနေအုံကြားက လူထုတွေ ဆင်းရဲ တဲ့လူတွေကလည်း၊ စု ဆောင်းပြီးတော့မှ၊ သူတို့တတ်နိုင်တဲ့ ယာဉ်တွေနဲ့ လာကြတာပဲ ဗျ။ အဲဒီတော့ NLD ကနေပြီးတော့ လုပ်ကြကိုင်ကြ သွားနေကြတဲ့ လူတွေကလည်း အတွေ့အကြုံတွေ ရနေကြတယ်။ နောက်ပြီး သွားရမယ့်နေရာကို ထပ်တလဲလဲ သွားတယ်ဗျာ၊ အသားကျတဲ့အထိ အကြိမ်ကြိမ်လွှတ်ပြီးတော့မှ၊ အနေအ ထားတွေကို သေချာတွက်ချက်ပြီးတော့မှ (ဒေါ်အောင်ဆန်းစုကြည်) သက်သက်သာသာနဲ့ဝင်နိုငိ မယ့် ဟောနိုင်ပြောနိုင်မယ့် နေရာရောက်ဖို့၊ အဒီဟာကိုတော့ ဂရုစိုက်ပြီး စီစဉ်ရတာပဲ ခင်ဗျ။ ခုသွားနေတဲ့ တလျှောက်မှာတော့ လူထုက လမ်းမှာ ကြိုတာပြုတာတွေကိုတော့ တား ဖို့ရာ မတတ်နိုင်ဘူးလေ။ ဒါပေမယ့် ဟောတဲ့ပြောတဲ့နေရာမှာ ကြိုတင်ပြီးစီမံမယ့် အဖွဲ့တွေကလည်း၊ ကြိမ်ဖန်များစွာ သွားပြီးတော့ လုပ်ကိုင်ထားကြတော့ အခု နည်းနည်းပိုပြီး စနစ်တကျရှိလာတော့၊ နည်းနည်းစိတ်ချရတာတော့ ဖြစ်လာ ပါတယ်လေ။ ဒါပေမယ့်လည်း လူအုပ်က ကြောက်ခမန်းလိလိ များတော့ကာ၊ ပွဲပြီးသွားပြီဖြစ်စေ ပွဲမစခင်ပဲ ဖြစ်စေ၊ ပွဲရဲ့အလယ်မှာ ဖြစ်ဖြစ် လူအုပ်ရဲ့ထုက သိပ်များတော့ကာ တားနိုင်ဆီးနိုင်ရုန်းနိုင်အောင် အင်မတန်ထုကောင်းတဲ့ ဒေသခံလူငယ်ကွန်ရက် အဖွဲ့တွေကော၊ ဒီက (NLD ဗဟိုက) သွားတဲ့ လူငယ်ကွန် ရက်အဖွဲ့တွေကော၊ ဒီလို ဖိဖိစီးစီး စီမံထားပေမယ့်လည်း၊ အခုလုပ်တာတွေမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ် တိုင်ကလည်း အတော်လေးသတိထားပြီး တော့ ကြီးမားတဲ့သတိထားပြီးတော့၊ ဆောင်ရွက်တဲ့သဘော သက်ရောက်တယ်ခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ အခုလိုသွားမယ့်နေရာတစ်ခုကို၊ သူကကြိုတင်ပြီး နှစ်ခေါက် သုံးခေါက်လောက် လူလွှတ်ပြီး သူ့နည်းသူ့ဟန်နဲ့ တွက်ချက်တယ်၊ နောက်ဆုံး သူသွားတဲ့အခါမှာ လွယ်ကူနေအောင် အန္တရာယ်ကင်းအောင် နောက်ပြီးတော့ လူအုပ်နဲ့ ထပ်ပြီး ဒုက္ခမရောက်ရအောင်၊ ဆိုတဲ့ လမ်းရွေးပုံရွေးနည်း နေရာရွေးပုံရွေးနည်း၊ အဲဒါတွေကို ကြိုပြီး ပြင်ဆင်မှုလုပ်တယ်၊ အဲဒါကို ကျနော်က သဘောကျတယ်။ အရင်တုန်းက ကျနော်တို့ သွားတာတွေမှာ လူအုပ်နဲ့ တန်းတိုးပြီးတော့မှ လူအုပ်ထဲ တိုး ရတာ လူအုပ်ကို ဖြဲရတာတွေ ဆိုတဲ့ အရင်တုန်းက အတွေ့အကြုံတွေကို မူတည်ပြီးတော့၊ (ဒေါ်အောင်ဆန်း စုကြည်) ပင်ပန်းဆင်းရဲနွမ်းနယ်မှုကို ရှောင်နိုင်အောင် လုပ်တဲ့နည်းလမ်းတွေကို အတွေ့အကြုံအရ အတော်လေးလုပ် ထားကြတဲ့ပုံပါပဲ။ ဥပမာ ကျနော်တို့ လှည်းကူးသွားတုန်းက ဆိုရင်၊ လူအုပ်ကြီးက သူ့ဟာ သူ ကွင်းပြင်ရဲ့အပေါက်ဝမှာ ရှိပေမယ့်လည်း၊ လူအုပ်က တခြား ဒေါ်အောင်ဆန်းစုကြည်အတွက် လွတ် လွတ်လပ်လပ်နဲ့ ဝင်လာပြီးတော့မှ လူအုပ် နဲ့ မတိုးနိုင်အောင်၊ ထိန်းထားတဲ့ lanes (လမ်းကြောင်း) တွေ security lanes (လုံခြုံရေးလမ်းကြောင်း)တွေ၊ အဲဒီလို မျိုးတွေကို သွားပြီးလုပ်ကိုင်နေကြတဲ့ လူငယ်တွေက အတော်သတိထား ဆောင်ရွက်ပေးကြတာကြောင့်၊ လှည်းကူးမှာ ချောချောမောမော လုပ်ကိုင်နိုင်ခဲ့ကြတာ ကို၊ ကျနော် သတိထား ကြည့်မိခဲ့ပါတယ်။ ကျနော်ကလည်း ရောက်သွားရင် အရင်ဆုံး (လုံခြုံရေးရှုထောင့်) ကနေ ကြည့်တာပဲ။ (ဒေါ်အောင်ဆန်းစုကြည်) ဘယ်လို ဝင်မလဲ ဘယ်လို ထွက်မလဲ၊ ဘယ်လို လမ်းကနေ ဝင်လမ်းထွက်လမ်းကို ယူမလဲ၊ အကုန်ကြည့်တယ်။ အခုဟာက အဝင်ပဲ ကျနော်တို့က သတိထားရ တာ။ ပြောဟောပြီး နောက်ဆုံး လူထုကို နှုတ်ဆက်လိုက်တာနဲ့ တပြိုင်နက်ပဲ၊ လူအုပ်ကြီးက တခဲနက် ပဲ ကြွေးကြော်ပြီးတော့ အော်ဟစ်ပြီးတော့ ဟောပြောခဲ့တာကို ချီးကျုးပြီး ကျန်းမာပါစေ ချမ်းသာပါစေ ဆုတောင်းပြီးတော့ သူ့အတွက် အောင်မြင်စေဖို့ သူ့နံမည်ခေါ်ပြီး ဆုတောင်းမေတ္တာပို့ပြီးကြတာနဲ့၊ တပြိုင်ထဲ လူအုပ်ကြီးကလည်း သူ့ဟာသူပဲ လူစုတွေ ခွဲသွားကြတာဗျ။
ဦးရော်နီညိမ်း ။ ။ လာမယ့် မတ်လ(၃)ရက်နဲ့ (၄)ရက်နေ့ မန္တလေးမြို့ခရီးစဉ်အတွက်၊ နောက်ဆုံးမှာတော့ မန္တလေး မြို့တော်ဝန် အငြိမ်းစားဗိုလ်မှူးချုပ် ဦးဖုန်းဇော်ဟန်ရဲ့အကူအညီနဲ့၊ NLDကလည်း သဘောကျ ပြီးရွေးချယ်ခဲ့တဲ့ မန္တလေးမြို့ စည်ပင်သာယာရေး ကော်မီတီပိုင် ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ် ရပ်ကွက်၊ (၅၁)လမ်းနဲ့ အောင်ဇေယျလမ်းထောင့်က၊ လူပေါင်း လေးသိန်းလောက်ဆန့်တဲ့ မြေကွက် ကွင်းပြင် ကြီးထဲမှာ၊ ဒေါ်အောင်ဆန်းစု ကြည် စည်းရုံးဟောပြောဖို့ နေရာရရှိသွားပြီ လို့ ဦးတင်ဦးက ပြောပါတယ်။
ဦးတင်ဦး ။ ။ အခုကျနော်တို့ တစ်ခုတွေ့တာကတော့ မန္တလေးပေါ့။ မန္တလေးကတော့ သိတဲ့အတိုင်းပဲ၊ အရင်ကတည်းက စပြီးတော့ လူထုကြီးက ထုကြီးတယ်လေ။ ထုကြီးတဲ့အပြင် နေရာက တော်ကြာကျ ဟို ဥစ္စာကိုတော့ မရဘူး၊ ဒီဥစ္စာကိုတော့ မရဘူးတွေ ဖြစ်နေတော့၊ လူတွေက ဘယ်လိုဖြစ်လာလဲဆိုတော့၊ တချို့ကလည်း ဒေါ်အောင်ဆန်းစုကြည် ဟောတာပြောတာကို နားထောင်ရမှ ပြန်မယ်ဆိုပြီးတော့၊ ဘုန်းကြီးကျောင်းတွေထဲ ရပ်ကွက်တွေထဲက အသိ တွေထဲ အကွက်အကွင်းရှိတဲ့ နေရာတွေထဲမှာ၊ ညအိပ် ပြီးတောင် စောင့်ကြတယ် ခင်ဗျ။ တချို့ နှစ်ရက်သုံးရက်တောင် စောင့်ကြတယ်။ မြို့နီးချုပ်စပ်တွေက လူတွေက အုပ်လိုက်အုပ်လိုက် ကားတွေနဲ့ မော်တော်ဆိုင်ကယ်တွေရော ဘိုင်စ ကယ်တွေရော လာနေကြ တာ တော်တော်များမယ် ဗျ။ အခုတော့ မန္တလေးမှာ ကွင်းရပြီ။ ချမ်းမြသာစည်ရပ်ကွက် လမ်းမကြီးနှစ်ခုရှိ တဲ့ ထောင့်ချိုးအကွေ့နားမှာ၊ ဘောလုံးကွင်းနှစ်ကွင်းစာလောက် ကွင်းကြီးတစ်ခုရှိတယ်။ တကယ့် သပ်သပ် ရပ်ရပ် ကွင်းကြီးပေါ့ဗျာ။ ပထမဆုံး သူတို့ပြတဲ့ကွင်းတွေကို ကျနော်တို့က မကြိုက်ဘူး၊ နောက်ဆုံး အဲဒီကွင်း ကို သူတို့ကလည်း လိုက်ပြတယ်။ လိုလိုလားလားနဲ့ ဒီကွင်းကို ပေးတယ်။ ကျနော်တို့ဘက်ကလည်း ဒီကွင်း ကို သဘောကျ တယ်။ အဲဒါကြောင့် ကွင်းအနေအထားကတော့ အဆင်ပြေသွားပြီ။
ဦးရော်နီညိမ်း ။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်တွေကို NLDဘက်က လုံခြုံရေးဆောင်ရွက်တာတွေ မှာ၊ ကြိုတင်သွားရေက်လေ့လာတယ် ဆိုတာက၊ တပ်မှာဆိုရင် Recce (တိုက်ပွဲဆင်မည့် နေရာကို ကြို တင်သွားရောက် စူးစမ်းလေ့လာခြင်း) ထွက်သလို လုပ်ကြတာမျိုးပေါ့။ အဲဒါအတွက် ဝမ်းသာပါတယ်။
ဦးတင်ဦး ။ ။ ဟုတ်ပါတယ်၊ Recce ထွက်သလို မျိုးပါပဲ။
ဦးရော်နီညိမ်း ။ ။ အခုလို လူထုခေါင်းဆောင် လူထုကြားထဲ သွားလာလှုပ်ရှားတာကို အုတ်အုတ်ကျက် ကျက်နဲ့ ကြို ကြဆိုကြတာကို ဝမ်းသာပေမယ့်၊ ဝမ်းသာနေရတဲ့အဖြစ်ကနေ မမျှော်လင့်ပဲနဲ့ ဝမ်းနည်းရတဲ့ အဖြစ်မျိုးကြုံရမှာ ကျနော်တို့က စိုးရိမ်နေကြတော့၊ အန်ကယ်ကိုယ်တိုင်လည်း ဒီခရီးစဉ်တွေထဲမှာ ပါတဲ့ အခေါက်တွေလည်း ရှိနေတော့၊ အစိုးရနဲ့ NLD တို့ ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုတဲ့ လမ်းကြောင်းပေါ်မှာ သွားနေတာကြောင့်၊ အရင်က ဒီပဲယင်းလို ဖြစ်မှာကိုတော့ ကျနော်တို့က မစိုးရိမ်ပါဘူး။ ဒါပေမယ့် သက်ဆိုင် ရာ တိုင်းတပ်မတွေရဲ့ တပ်ရင်းတပ်ဖွဲ့တွေ ရှိနေတဲ့နေရာ တွေမှာ သူတို့ကိုကော တရားဝင် ဒီလိုမျိုးလုံခြုံရေး ကိစ္စတွေကို တတ်နိုင်သမျှကူညီဆောင်ရွက်ပေးဖို့ ဆိုတာအမျိုး၊ အန်ကယ်တို့က အကြောင်းကြားဆက် သွယ် မေတ္တာရပ်ခံတာမျိုးကော မရှိဘူးလား။ အခု မန္တလေးခရီးစဉ်မျိုးဆိုရင် ဒီခရီးစဉ်မှာ ဖြစ်ပျက်လာနိုင်တဲ့ ကိစ္စအ၀၀ကို ကြိုတင်ကာကွယ်တားဆီးဖို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တို့၊ သူ့ရဲ့အထက်က ကာကွယ်ရေး ဝန်ကြီးဌာနစစ်ဆင်ရေးအထူးအဖွဲ့ (၁) (ကစထ-၁)တို့၊ နောက်တခါ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့တို့က၊ ဘယ်လောက်စဉ်းစားပြီး ဘယ်လောက်လုပ်ထားကြသလဲ။ ကျနော်ဆိုလိုတာက NLD တစ်ခုထဲကို မဟုတ် ဘူး၊ တခြားပါတီတွေလည်းရှိတယ်၊ အာဏာရနေတဲ့ ပြည်ခိုင်ဖြိုးပါတီတင်မက တစည (တိုင်းရင်းသားစည်း လုံးညီလွတ်ရေးပါတီ) တို့ ဘာတို့လည်း ရှိတယ်၊ ဘယ်ပါတီဘယ်သူ့ပွဲပဲ ဖြစ်ဖြစ် ဒီလိုပွဲတွေမှာ မဖြစ်တန်တာ မဖြစ်ရအောင် လုပ်ဖို့၊ သူတို့မှာတာဝန်ရှိတယ်ဆိုတဲ့ အနေအထားနဲ့ လုပ်ကိုင်ဆောင်ရွက်ပေးနေတဲ့ သဘော မျိုးတွေ ရှိပါသလား ခင်ဗျ။
ဦးတင်ဦး ။ ။ အဲဒီဟာကတော့ သူတို့နည်းသူတို့ဟန်နဲ့ လုပ်ကိုင်ဆောင်ရွက်ပေးရမယ့် တာဝန်ရှိတဲ့ အတိုင်း၊ တာဝန်အရ ကျေပြွန်အောင် လုပ်ကြလိမ့်မယ်လို့ အောက်မေ့မိတာပဲလေ။ ဒီဟာနဲ့ပတ်သက်လို့ လွတ်လွတ်လပ်လပ်သွားနိုင်ခွင့်တို့ လုံခြုံရေးရှိရမယ်ဆိုတာတို့၊ ကျနော်တို့ တောင်းဆိုထားတာတွေ ကတော့ ပြင်းပြင်းထန်ထန် ကျနော်တို့ ပြောဆိုထားပြီးပြီ။ အခုလည်းပဲ နိုင်ငံတကာအနေနဲ့လည်းပဲ ဒီကိစ္စ နဲ့ပတ်သက်လို့၊ အားလုံးကို (ဒေါ်အောင်ဆန်းစုကြည်) သွား တာလာတာ လုပ်တာကိုင်တာတွေမှာ လုံခြုံ စွာဖြစ်အောင် လုပ်ပေးရမယ်ဆိုတဲ့ တိုက်တွန်းမှုတွေကလည်း ရှိနေတယ် ဆိုတော့၊ သူတို့မှာလည်း ပြင်းပြင်း ထန်ထန်နဲ့ ဂရုတစိုက်လုပ်ကိုင်ပေးရမယ့် တာဝန်တွေ ရှိနေပြီလေ။ အဲဒီလိုတော့ သတ်မှတ်ထားတာပေါ့။
ဦးရော်နီညိမ်း ။ ။ အန်ကယ့်အနေနဲ့ကော စစ်သားမျက်စေ့နဲ့ကြည့်ရင်၊ နောက်ခရီးစဉ်တွေအတွက်ရော ဘယ်လိုရှိပါ သလဲ။ အခု နေပြည်တော်က ပုဗ္ဗသီရိမဲဆန္ဒနယ်မှာ NLD ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးဇေယျာသော်အတွက် ဒေါ်အောင်ဆန်းစုကြည်က စည်းရုံးရေးခရီးသွားတာမှာ စိတ်ချလုံခြုံမှု ဘယ်လောက်ရှိတယ်လို့ ယူဆပါသလဲ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်ကယ် အပါအဝင် ခေါင်းဆောင်တွေရဲ့ လူပုဂ္ဂိုလ်လုံခြုံရေးကိစ္စအပါအဝင် အားလုံးသော ကိစ္စတွေအတွက်၊ ပိုပြီးကောင်းအောင်လို့ လုံခြုံရေးကိစ္စကို ဘယ်လိုများမွမ်းမံပြင်ဆင်မလဲ၊ အခုလည်း ရှစ်လေးလုံးမျိုး ဆက်ခေါင်းဆောင်တွေ ဆိုရင်လည်း ခရီးတွေ သွားနေကြတယ်၊ သူတိုရဲ့ခရီးစဉ်တွေအတွက် လုံခြုံရေးကိစ္စလည်း ရှိ နေတယ်။ ကျနော်တို့က အားလုံးကို ခြုံငုံပြီးတော့မှ ကြည့်မိတာပါ။
ဦးတင်ဦး ။ ။ ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်က လေးမြို့နယ်လုံးကို သူသွားမယ်။ မန္တလေးကို အရင်သွား ပြီးမှ နေပြည်တော်က နောက်ဆုံးနားမှာမှ သူသွားမယ်။ NLDအတွက် အားနည်းနေတဲ့နေရာတွေ ကို သူ အရင်သွားဦး မယ်။ စစ်ကိုင်းတို့ မကွေးတို့လည်း ကျန်သေးတယ်။ အဲဒါက သပ်သပ်သွားရဦးမှာ ဗျ။ ပြည်သူလူထုနဲ့ တွေ့တဲ့အခါမှာ၊ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းရင်းနှီးနှီး နီးနီးကပ်ကပ် အဖြစ်နိုင် ဆုံးနဲ့ မြင်နိုင်တယ် ကြားနိုင်တယ်၊ သူပြောတာ ဟောတာကို ပြည်သူလူထုက တုန့်ပြန်တာကိုလည်း (ဒေါ်အောင်ဆန်းစုကြည်) ကောင်းကောင်းသိအောင် လုပ်ပေးရမယ်၊ ဒါမျိုးတွေကို ပွင့်ပွင့်လင်းလင်း ထင်ထင်လင်းလင်း ထင်သာမြင်သာအောင် လုပ်နိုင်ရမယ်ဆိုတဲ့ နေရာမျိုးတွေကို ရွေးပါတယ်။ လုံခြုံရေးကို သတိထားပြီးတော့မှ ဝင်လမ်းထွက်လမ်း ဝင်ပေါက်ထွက်ပေါက်တွေဟာ နံဘေးမှာရှိနေတဲ့ လူနေရပ် ကွက်တွေနဲ့ အထူးသဖြင့် ရှုပ်ရှုပ်ထွေးထွေးမဖြစ်နိုင်အောင် သပ်သပ်ရပ်ရပ် လုပ်နိုင်ကိုင်နိုင်အောင် လွတ် လွတ်ကင်းကင်းဖြစ်အောင်၊ အဲဒါမျိုးတွေကိုလည်း ကြည့်ကြရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက် ထဲအနေနဲ့ အမြန်ဆုံးနည်းနဲ့ လေယာဉ်ပျံနဲ့ ထွက်တဲ့နေရာကို ထွက်တယ်၊ ကားနဲ့မှ သွားရမယ့်နေရာကို သွားတယ်ပေါ့နော်။ သူက NLD အားနည်းတဲ့နေရာတွေ ရွေးကောက်ပွဲလုပ်တဲ့နေရာတွေမှာ အားနည်းနေ တယ်ထင်တဲ့နေရာတွေမှာ၊ သူက ထုနဲ့ ဖိပြီးတော့ သွားတယ်။ တခါ တိုင်းရင်းသာားတွေရှိတဲ့ ကချင်ပြည် နယ်ကို သွားတယ်။ ရှမ်းပြည်နယ်ဘက်ကျတော့ သိပ်မရှိဘူး၊ ရှမ်းပြည်နယ်တောင်ပိုင်းက ကလောမှာ (NLD ဝင်ပြိုင်မယ့်မဲဆန္ဒနယ်) တစ်နေရာရှိတယ်။ ကလောက တော့ သိပ်ပူပန်စရာ မရှိပါဘူး။ ကလောမှာ ရမယ့်နေရာကလည်း ကျယ်တယ် သွားရလာရတာ အဆင်ပြေတယ်ဆို တော့ အဲဒီဘက်ကတော့ အေးချမ်း ပါတယ်။ သွားဖို့ကျန်နေတဲ့ နေရာတွေက ဘယ်လိုဖြစ်မလဲဆိုတော့ စစ်ကိုင်းဘက် ကိုသွားရင် သတိထား ရမယ်၊ အဲဒီလိုတော့ ရှိတယ်။ ချင်းပြည်နယ်ကိုတော့ သွားးစရာ သိပ်မရှိသေးဘူး။ ရခိုင်ပြည်နယ်မှာလည်း လစ်လပ်တဲ့မဲဆန္ဒနယ်မရှိတော့ သွားမယ်မထင်ဘူး။ ကျန်တာတွေကတော့ အားနည်းနေတဲ့နေရာတွေ ထပ် ပြီး သွားချင်သွားမယ်ပေါ့။ အဲဒါတော့ရှိတယ်။
ဦးရော်နီညိမ်း။ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ရဲ့ နာယကကြီး အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးကို၊ ဆက်သွယ် မေးမြန်း တင်ဆက်ခဲ့တာပါ ခင်ဗျာ။