သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ် နှင့် အမိန့်နာခံမှု - အပိုင်း (၆)


တပ်မှူးတပ်သား ပြောစကား (၀၄၉)

မြန်မာ့တပ်မတော်ရဲ့ ဒုတိယကာကွယ်ရေးဦးစီးချုပ်(ကြည်း) နဲ့ ကာကွယ်ရေး ဒုတိယဝန်ကြီး ခန့်အပ်ရေး အတွက် ၁၉၇၄ ပထမ အကြိမ်ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အခြေအတင်ဖြစ်ရပုံ၊ ၁၉၈၈လူထုအုံကြွမှု ကာလမှာ တပ်မတော် (လေ)က တပ်မတော်(ကြည်း)ရဲ့အမိန့်ကို မနာခံပဲ နေခဲ့ပုံ၊ ဒီကနေ့ လစ်ဗျားတပ်မတော် မှာ အမိန့်မနာခံတော့တဲ့ ‘ဒုတိယအတွေး’ (second thought) ဝင်သွားခဲ့ပုံ၊ စတာတွေကို အငြိမ်းစားဗိုလ်ချုပ် ကြီး သူရဦးတင်ဦး၊ တပ်မတော်(လေ) အရာရှိဟောင်းတဦးနဲ့ ဗိုလ်ကြီးဟောင်းစိုင်းဝင်းကျော်တို့က ဒီသီတင်း ပတ်ရဲ့ “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ ပြောပြထားပါတယ်။ ဦးရော်နီညိမ်းက “စစ်တပ် နှင့် အမိန့်နာခံမှု - အပိုင်း (၆)” ခေါင်းစဉ်နဲ့ စီစဉ် တင်ဆက်ထားပါတယ် ။

ဦးတင်ဦး။ ။ အဲဒီ ဝန်ကြီးချုပ် (အငြိမ်းစား ဗိုလ်မှူးချုပ်) ဗိုလ်ချုပ်စိန်ဝင်းကို ဒါနဲ့ပတ်သက်တာ အားလုံးက တော့ မဖြစ်သင့်ဘူး။ ကျနော် လက်မခံနိုင်ဘူးလို့ သွားပြောတော့၊ ကျနော် တော်တော်လေးပြောဆိုပြီးတော့ ဝန်ကြီးချုပ်က ကျနော်ပြောတာကို လက်ခံလိုက်တယ်။ လက်ခံလိုက်တော့ အဲဒီမှာ လွှတ်တော်အစည်းအဝေး က စနေပြီ ခင်ဗျ။ လွှတ်တော် သဘာပတိက ကယားပြည်နယ်ဥက္ကဌ ခင်ဗျ။ လွှတ်တော်အစည်းအဝေးကို (၁၅) မိနစ်လောက် ဆိုင်းငံ့လိုက်ပြီးတဲ့နောက်၊ ပြန်ပြီးတော့ နောက်ထပ် ကျနော်တို့ ကျကျနနပြန်တင်လိုက် တဲ့ အခါကျတော့၊ ဗိုလ်မှူးကြီးတင့်ဆွေက ကာကွယ်ရေးဒုဝန်ကြီးပဲ ပြန်ဖြစ်သွားပြီးတဲ့နောက်၊ အဲဒါကို နောက်ဆုံး အဆိုတင်လိုက်ပြီး ဆုံးဖြတ်ချက် ကျသွားတာပဲ ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ပထမ list မှာ ဒုဝန်ကြီးက ဗိုလ်မှူးကြီးတင့်ဆွေ ပါမလာဘူးဆိုတော့ ဘယ်သူ က ပါလာပါသလဲ ခင်ဗျ။

ဦးတင်ဦး။ ။အဲဒါ သူတို့ မဆလ ဘက်ကနေပြီးတော့ ပါတီဌာနချုပ်ကနေ တယောက်ထည့်လိုက်သေး တယ်။ ပုဂ္ဂိုလ်တယောက် ထည့်လိုက်သေးတယ်။ နာမည်တော့ ကျနော် သိတယ်။ မပြောတော့ပါဘူးဗျာ။ ထား ပါတော့။ သူတို့ကို အောက်ကနေ ပါတီကနေပြီးတော့ faction ရိုက်လိုက်သလား မသိဘူးလေ။ ညှပ်ပြီးထည့် လိုက်ပြီးတော့ ကပ်ပါသွား တာ။ ကျနော် တော်တော် စိတ်ဆိုးတယ်၊ အဲဒီတုန်းက။ ဒီလို ခင်ဗျားတို့ ဒီလိုလုပ် လို့ ဘယ်ဖြစ်မလဲဗျ လို့၊ မူလက ကျနော်တို့ ဒီအဖွဲ့က ဆုံးဖြတ်ပြီးသားကို ဟိုဘက်ကနေဝင်ပြီး ဒီလို ထိုးတာ တော့ ကျနော် လက်မခံနိုင်ဘူးပြောတော့၊ နောက်ဆုံး ဝန်ကြီးချုပ်ကလည်း ကျနော်ပြောတာကို သဘောတူ တယ်။ ကျနော် တဆင့် လျှော့ပေးလိုက်ပြီးပြီလေ။ ပြီးတော့ ဒီ ကိစ္စမှာလည်း သူက senior အဖြစ်ဆုံးပဲဗျ။ (မြန်မာ့တပ်မတော်တွင် ပထမဆုံး တည်ထောင်ခဲ့သော အမှတ် (၇၇) ခြေမြန်တပ်မ) တပ်မမှူး အရင်ဆုံးဖြစ်တဲ့ လူပါ။ အကျင့်စာရိတ္တမှာ အစစအရာရာ လုပ်ရည်ကိုင်ရည်လည်း ရှိတယ်။ အဲဒါကြောင့် ကျနော်က သူ မပါ လာရင် မဖြစ်ဘူး ဆိုပြီး တင်တော့၊ ရသွားတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ဗိုလ်မှူးကြီးတင့်ဆွေကို ဒုဝန်ကြီးအဖြစ် nominateလုပ်ဖို့ဟာ ဗိုလ်မှူးကြီးကြည် မောင်က အဆိုတင်သွင်းတယ် ဆိုတော့၊ အဲဒီ ဗိုလ်မှူးကြီးကြည်မောင်က အင်္ဂလန်သံအမတ်ကြီး လုပ်သွားပြီး ကျန်းမာရေးဝန်ကြီး လည်း လုပ်သွားတဲ့ အဲဒီအချိန်က စစ်ဦးစီးဗိုလ်မှူးကြီး (ကြည်း) လုပ်နေတဲ့ ဗိုလ်မှူးကြီးကြည်မောင်ပေါ့နော်။ NLD ဦးကြည်မောင် မဟုတ်ဘူးပေါ့။

ဦးတင်ဦး။ ။ ဟုတ်ပါတယ်။ ခင်ဗျားပြောတဲ့အတိုင်း သံအမတ်လုပ်သွားပြီး၊ ပထမ Colonel GS လုပ်ခဲ့တဲ့ ဗိုလ်ကြည် မောင်ပါ ခင်ဗျ။ ဒီဟာနဲ့ပတ်သက်လို့ one and half ဗိုလ်မှူးကြီးတင်ဦး (နံပါတ်တစ် ခေါင်းဆောင် ဦးနေဝင်း နှင့် နံပါတ်နှစ်ခေါင်းဆောင် ဦးစန်းယုတို ကြားမှာ နေရာဝင်ယူထားသောကြောင့်၊ နိုင်ငံခြားမီဒီယာ တွေက one and half ဟု အမည်ပေးထားခဲ့သော တပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေးမှူး နှင့် ပါတီ တွဲဘက်အတွင်းရေးမှူး ဖြစ်ခဲ့သူ ကွယ်လွန်သူ ဗိုလ်မှူးချုပ်ဟောင်းတင်ဦး) က ယူလာတာပဲလေ။ သူက ဒီလို ပြောလိုက်တယ်လို့ ပြောတာကိုး။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ထောက်လှမ်းရေးညွှန်ကြားရေးမှူးပေါ့ နော်။

ဦးတင်ဦး။ ။ သိတယ်နော်။ ထောက်လှမ်းရေးကပါ။ နောက်တော့ ဗိုလ်မှူးချုပ်တင်ဦး၊ ဦးနေဝင်းရဲ့အနားမှာ တောက်လျှောက် အတူတကွ လုပ်ဆောင်နေတဲ့ လူဆိုတော့၊ သူ့ဆီက ဒီဟာက signal ပါလာတယ်ပေ့ါ ဗျာ။ အဲဒီဟာ ပါလာတယ်ဆိုပြီးတော့ ဖြစ်တာကနေ၊ ပြန်ဆွေးနွေးကြပြီးတော့ ဒီလို ဖြစသွားကြတာပဲ လေ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဒါ အန်ကယ်တို့ အရင်တုန်းကလည်း ဒီလိုပဲ ဖြစ်ခဲ့တယ်။ အန်ကယ်က ဒုချုပ် (ကြည်း)ကို အများဆန္ဒအရ ဗိုလ်မှူးကြီးတင့်ဆွေကို ဖြစ်စေချင်တယ်။ ဒီလိုမျိုး ဖြစ်သင့်တယ်လို့ အများက လည်း ယူဆထားပေမယ့် အာဏာရှင်က ဒါဖြစ်စေဆို အကုန် လိုက်ဖြစ်ရတာကို၊ အန်ကယ် ဘယ်လိုမြင်ပါ သလဲ။

ဦးတင်ဦး။ ။ ဟိုတုန်းကတော့ ကေဒါမြှုပ်နှံရေးမူဆိုပြီးတော့ (ပါတီ)ဗဟိုကနေ ထည့်ပြီး မြှုပ်နှံလိုက်တယ်။ မထူးပါဘူး။ ခုလည်း အရင်ပုံစံအတိုင်း သွားတာပါပဲ။

ဦးရော်နီညိမ်း။ ။ ၁၉၈၀ခုနှစ် နောက်ပိုင်းနှစ်တွေမှာလည်း ဒုတိယကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်ကြီးအေးကိုဟာ အငြိမ်းစားယူပြီးတော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဖြစ်သွားတဲ့ အချိန်မှာ၊ လစ်လပ်သွားတဲ့ ဒုချုပ်(ကြည်း) နေရာကို ထောက်လှမ်းရေးညွှန်ကြားရေးမှူးဟောင်း ဖြစ်တဲ့ ပါတီရဲ့တွဲဘက်အတွင်းရေးမှူး ထောက်လှမ်းရေးဗိုလ်မှူးချုပ်တင်ဦးက ဗိုလ်ချုပ်တင်စိန်ကိုပေးဖို့ စီစဉ်ခဲ့ ပေမယ့်၊ တိုက်ခိုက်ရေးတပ်ကစစ်ခေါင်းဆောင်တွေက လက်မခံကြလို့ မြန်မာ့တပ်မတော်ရဲ့ဒုတိယအကြီးအကဲ ဖြစ်တဲ့ ဒုချုပ်(ကြည်း)ရာထူးနေရာမှာ လပေါင်းများစွာ လစ်လပ်နေပြီးတော့၊ နောက်ဆုံးမှာမှ အခြေအနေအား လုံးကို စောင့်ကြည့်နေတဲ့ ဦးနေဝင်းက၊ အခုအခါ တစည (တိုင်းရင်းသားစည်းလုံးညီညွတ်ရေး) ပါတီဥက္ကဌ၊ ထိုစဉ်ကတော့ ဒုတိယဗိုလ်ချုပ်ကြီးထွန်းရီကို ဒုတိယကာ ကွယ်ရေးဦးစီးချုပ်(ကြည်း)အဖြစ် ခန့်အပ်ခဲ့တာကို တွေ့ခဲ့ရပါတယ်။ ၁၉၈၈ ခုနှစ် လူထုအုံကြွမှု အရေးတော်ပုံကာလမှာ တပ်မတော်(လေ)မှာ အမိန့်မနာခံဘဲ ဖြစ် ခဲ့ရတဲ့ ဖြစ်စဉ်တခုကတော့၊ အခုအခါမှာ လစ်ဗျားနိုင်ငံက ဗိုလ်မှူးကြီး မွမ်မာကဒါဖီ Moammar Gadhafi ရဲ့ ဆန္ဒပြလူထုကို ဗုံးကြဲတိုက်ခိုက်ဖို့ ပေးတဲ့အမိန့်ကို မနာခံတဲ့ လစ်ဗျားလေတပ်က ဖြစ်စဉ်နဲ့ ဆင်တူလွန်းလှ တယ်လို့၊ တပ်မတော်(လေ) အရာရှိဟောင်းတဦးက ပြောပြခဲ့ပါတယ်။

တပ်မတော်(လေ) အရာရှိဟောင်း။ ။ ကျနော်တို့ အဲဒီ အဖြစ်အပျက်ကလေးကတော့ ဖြစ်ခဲ့တာပဲ လေ။ မြောက်ဥက္ကလာပမှာ တပ်မတော်(လေ)က တိုက်လေယာဉ်တွေနဲ့ အပေါ်ကနေ အနည်းဆုံးပေါ့လေ၊ ပစ်ဖို့လို့ ဗုံးကြဲဖို့လို့ အဲဒီလို အမိန့်ထွက်လာတဲ့ အခါကျတော့၊ ပထမတုန်းကတော့ အဲဒီလို ပစ်ဖို့ အမိန့်မဟုတ်ဘူး ဗျ၊ အနည်းဆုံးတော့ အပေါ်ကနေ ဗုံးအတုချဖို့ ပေါ့၊ အဲဒီလို ပြောတော့ အဲဒီမှာ တချို့အရာရှိတွေက အပေါ်က လေယာဉ်ကနေ ဘာပဲပစ်ချချ အောက်ကို တခုခု ကျသွားရင်၊ ဗုံးမဟုတ်သော်လည်း လေတပ်က ဗုံးချတယ် ဆိုပြီးတော့ ပြဿနာ တက်နိုင်တယ်။ သူတို့ မလုပ်နိုင်ဘူး ဆိုပြီးတော့ ငြင်းကြတယ်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ခင်ဗျ။ အဲဒီတော့ (ဒုတိယ)ကာကွယ်ရေးဦးစီးချုပ်(လေ)ဖြစ်တဲ့ဗိုလ်ချုပ်တင်ထွန်း ကို တပ်မတော်(ကြည်း)က ပေးတဲ့အမိန့်ကို၊ တခါ ဗိုလ်ချုပ်တင်ထွန်းက တပ်မတော်(လေ)ကို ဘယ်လိုပြန်ပြီး အမိန့်ပေးပါသလဲခင်ဗျ။ စစ်ဦးစီးဗိုလ်မှူးကြီး(လေ) ကနေ တဆင့် ပေးတာလား ဒါမှမဟုတ် မင်္ဂလာဒုံက (၅၀၂) လေတပ်စခန်းကို တိုက်ရိုက်ပေးတာပါလား ခင်ဗျ။

တပ်မတော်(လေ) အရာရှိဟောင်း။ ။ တိုက်ရိုက် အမိန့်ပေးပုံရတယ် ခင်ဗျ။ အဲဒီလို တိုက်ရိုက်အမိန့်ပေး တာကို အောက်က လေသူရဲအရာရှိတွေက နေပြီးတော့၊ မလိုက်နာနိုင်ပါဘူး ဆိုပြီးတော့၊ သူတို့ကနေပြီး တချို့အရာရှိတွေက လက်မှတ်ထိုးပြီးတော့ ထွက်တော့မယ်ပေါ့။ ကျနော်တို့ကို ဒီလိုအမိန့်ပေးလာရင် မလုပ် နိုင်ဘူး၊ လက်မှတ်ထိုးပြီး ထွက်မယ်ပေါ့။ နောက်တခါ ကျနော်တို့ လေယာဉ်တွေမှာ ဗုံးတွေ တပ်ဆင်ပေးတဲ့ အခါကျတော့၊ အရာရှိမဟုတ်တဲ့ အခြားအဆင့်ရဲဘော်တွေက လက်နက်တို့ ဗုံးတို့ တပ်ပေးရပါတယ်။ အဲဒီလို တပ်ပေးရတဲ့အခါ၊ သူတို့ကလည်း ဘာဖြစ်လို့ ဒီလို လက်နက်တွေဗုံးတွေ တပ်ရတာလဲ ဆိုပြီးတော့ သံသယ ရှိတယ်။ အဲဒီလို သံသယရှိလာပြီး သူတို့ကလည်း လေယာဉ်ဘေးနားမှာ တခါထဲ၊ လေယာဉ်မှာ ဗုံးတပ်ဖို့ကို မလုပ်တော့ဘူးဗျ။ မတပ်ကြတော့ဘူး။ လက်နက်တပ်ဖို့ ဗုံးတပ်ဖို့ကို သူတို့ မတပ်ကြတော့ဘူး။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အဲဒီတုန်းက (၅၀၂) လေတပ်စခန်း စခန်းမှူးက ကျနော်တို့ သိထားတာကတော့ ဗိုလ်မှူးချုပ်မောင်မောင် ပေ့ါနော်။ စစ်တက္ကသိုလ် ဗိုလ်သင်တန်း အပတ်စဉ် (၁)ကပဲ၊ ဆင်းပါတယ်။ အဲဒီတော့ ဒီ ဗိုလ်မှူးကြီးမောင်မောင်က၊ အဲဒီအချိန်မှာ တန်းစီပြီးတော့ လေသူရဲတွေကို ဒီအမိန့်ကို ပေးတာလား ခင်ဗျ။

တပ်မတော်(လေ) အရာရှိဟောင်း။ ။ ဟုတ်တယ်ဗျ။ သူလည်း အဲဒီတုန်းက အထက်က အမိန့်ကြောင့်ထင် တယ်။ အားလုံးကို “မင်းတို့ ဒီလို လုပ်ကြ” ဆိုပြီးတော့ အမိန့်ပေးတဲ့ သဘောပဲ။ ဒါပေမယ့် ခုနက ပြောသလို ပေါ့၊ ရဲဘော်တွေကလည်း မနာခံ၊ အရာရှိတွေကလည်း မနာခံတဲ့အခါကျတော့၊ သူတို့ မလုပ်တော့ မလုပ်ဖြစ် ပါဘူး။ အဲဒီအချိန်က ဖြစ်နေတာကတော့ တပ်မတော်ကလည်း ဘယ်ဘက်လိုက်ရမှန်း မသိဘူးဗျ။ သို့သော် လည်းပဲ အမှန်အတိုင်းပြောရရင် တပ်မတော်သားတွေကလည်း အဲဒီအချိန်ကဖြစ်နေတဲ့ အခြေအနေ၊ လက်ရှိ သူတို့ ခံစားနေရတဲ့အခြေအနေကို သူတို့ ကျေနပ်ကြတာတော့ မဟုတ်ဘူး။ ဘယ်ဘက်လိုက်မယ် ညာဘက် လိုက်မယ်တော့ မဟုတ်ဘူး။ သို့သော် မတရားတာက မတရားတာပဲ ပေါ့။ ကိုယ့်တိုင်းသူပြည်သားတွေကို လေယာဉ်ပျံပေါ်ကနေ ဗုံးကြဲချပြီးတော့ ပစ်သတ်ရမယ်ဆိုတာကတော့ အဓိပ္ပါယ်မရှိဘူး လေ။ အဲဒါကြောင့်မို့ ဘယ်သူမှ ဒီအမိန့်ကို မလိုက်နာဘဲနဲ့၊ အဲဒီအချိန်မှာတော့ အနည်းဆုံးတော့ သူတို့တွေရဲ့ ယုံကြည်မှုကို သူတို့ တကယ် ပြနိုင်ခဲ့တယ်။ ကျနော်တို့ကို ဒီလိုအမိန့်နဲ့ အာဏာနဲ့ ခိုင်းလာရင် ကျနော်တို့ မလုပ်နိုင်ဘူး၊ ကျနော် တို့ ထွက်မယ်ဆိုပြီး တချို့အရာရှိတွေက လက်မှတ်ထိုးပြီး ထွက်စာတင်တဲ့အထိ ဖြစ်ခဲ့တာ ကျနော်တို့ သိခဲ့ရ ပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အဲဒီတော့ တပ်မတော်(လေ)(၅၀၂)လေတပ်စခန်းက လေသူရဲတွေက၊ ဒီအလုပ် ကို မလုပ်နိုင်ဘူးဆိုပြီး အမိန့် မနာခံတဲ့အခါမှာ၊ တပ်မတော်(ကြည်း)က ဘာများ ဆက်လက်အရေးယူ ဆောင် ရွက်တာ ရှိပါသလဲ ခင်ဗျ။ ဧရာဝတီရေတပ်စခန်းဆိုရင် လုံခြုံရေးအကြောင်းပြပြီး၊ အပြင်ကနေပြီးတော့ army တပ်ရင်းတရင်းနဲ့ ဝိုင်းထားသလို (၅၀၂) လေတပ်စခန်းကိုရော တပ်မတော်(ကြည်း)က တပ်ရင်းတပ်ဖွဲ့တွေက အပြင်က ဝိုင်းထားတာ ရှိပါသလား ခင်ဗျ။

တပ်မတော်(လေ) အရာရှိဟောင်း။ ။ အဲဒီလိုတော့ မရှိခဲ့ပါဘူး။ ဒါပေမယ့် ကျနော်တို့ကို အပေါ်ကနေ အနည်းဆုံးတော့ စာကြဲချဖို့ အမိန့်ပေးတဲ့ အတွက်ကြောင့် “လူစုခွဲပါ။ လူစုမခွဲရင် ပစ်မယ်” ဆိုတဲ့ စာပေ့ါနော်။ အဲဒီဟာမျိုးတွေ ကျနော်တို့ ကြဲချခဲ့ရပါတယ်။

ဦးရော်နီညိမ်း။ ။ "စစ်တပ် နှင့် အမိန့်နာခံမှု" ကို လေ့လာနေစဉ်မှာပဲ မျက်မှောက်မှာ ဖြစ်ပေါ်နေတဲ့ အကောင်းဆုံး နမူနာဥပမာကတော့ လစ်ဗျားနိုင်ငံရဲ့ အခြေအနေပါပဲ။ စစ်တပ်ကြီးကို ထူထောင်လာခဲ့တဲ့ လစ်ဗျားခေါင်းဆောင် ဗိုလ်မှူးကြီးမွမ်မာကဒါဖီရဲ့ အမိန့်ကို မနာခံဘဲ တော်လှန်ပုန်ကန်ကြပြီးတော့၊ ဆန္ဒပြ လစ်ဗျားပြည်သူလူထုနဲ့ ပူးပေါင်းသွားကြတဲ့ အခြေအနေတွေကို မြန်မာ့တပ်မတော် အရာရှိဟောင်းတွေ ဖြစ် ကြတဲ့ ဗိုလ်ကြီးဟောင်း စိုင်းဝင်းကျော်၊ အသံလွှင့်ဆောင်းပါးရှင် ဗိုလ်မှူးဟောင်း ဦးမြတ်နိုး၊ ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်၊ ဗိုလ်မှူးဟောင်း ဦးစိုင်းသိန်းဝင်း တို့နဲ့လည်း လစ်ဗျားစစ်တပ်ရဲ့ အမိန့်မနာခံမှု အခြေအ နေကို၊ ဆက်သွယ်မေးမြန်း ဆွေးနွေးကြည့်ခဲ့ပါတယ်။

ဦးရော်နီညိမ်း။ ။ ဒီ လစ်ဗျားကို ကြည့်လိုက်ရင်၊ အကုန်လုံးက ကဒါဖီ ပေးကျွေး ထောက်ပံ့မှုနဲ့ ကြီးထွား လာတဲ့ စစ်ခေါင်းဆောင်တွေချည့်ပဲ၊ အခု သူ့ကို အကုန်လုံး အမိန့်မနာခံကြဘူး ဖြစ်နေတာ။ အဲဒီတော့ ဒါက ကြည့်လိုက်လို့ရှိရင် breaking point လို့ ခေါ်တာပေါ့နော်။ ဒီ ကျိုးပေါက် ပျက်စီးသွားနိုင်တဲ့ point (ဆုံမှတ်) တစ်ခုကို ရောက်သွားတဲ့အချိန်မှာတော့မရဘူး။ ဘယ်လိုမှ သူတို့ ဆက်ပြီး သစ္စာမခံနိုင်ဘူးဆိုတဲ့ breaking point ကို ရောက်သွားတာ ကျနော်တို့ တွေ့ရတယ်။ အဲဒီ breaking point က ဘာလဲဆိုတော့ ရက်ပိုင်းလေး အတွင်းမှာ လူတွေကို ရာနဲ့ထောင်နဲ့ ချီပြီးတော့ အကုန်လုံး ပစ်ခတ်သတ်ဖြတ်လိုက်တာကို လုပ်လာတဲ့အခါ မှာ၊ မကြိုက်တဲ့ သဘောမတွေ့တဲ့ တပ်မှူးတပ်သားတွေ အကုန်လုံး ကဒါဖီကို အာခံကြတယ်။ မြန်မာပြည်မှာ ဒီလိုမျိုးအခြေအနေတွေ ဖြစ်ပေါ်လာလို့ ပစ်ခတ်ဖြိုခွင်းရတဲ့ အခါမှာ second thought ပေါ့၊ ဒုတိယအတွေး ဖြစ်တဲ့ “ငါတို့ မှားနေပြီလား ? ငါတို့ခေါင်းဆောင်တွေ မှားနေပြီလား ?” ဆိုတဲ့ အဲဒီ second thought ကို တွေးသွားလိုက်နိုင်တဲ့ အခြေအနေကို၊ တွန်းပို့မယ့် breaking point ကို တပ်မှူးတပ်သားတွေ ကျော်ဖြတ်နိုင် ပါ့မလား၊ ဘယ်လို မြင်ပါသလဲ ခင်ဗျ။ ပထမဦးဆုံး ဦးစိုင်းဝင်းကျော်က ပြောပြပေးပါလားခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ သိပ်ဖြစ်နိုင်ပါတယ် ခင်ဗျ။ breaking point သူတို့ ရောက်လာတဲ့ အချိန်ကျရင် တော့၊ သူတို့ကိုယ်တိုင်ဆုံးဖြတ်ချက်ချပြီးတော့မှ မျဉ်းတစ်ခုကို သူတို့ ရဲရဲဝံ့ဝံ့ပြတ်ပြတ်သားသား ကျော်ဖြတ် လိမ့်မယ်၊ ကူးပြောင်းလာလိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ် ခင်ဗျ။ အခြေအနေတွေကလည်း အဲဒီလိုမျိုး ဖြစ်လာဖို့အတွက် တောင်းလည်း တောင်းဆိုနေတယ်။ အဲဒီလိုမျိုး ဖြစ်လာဖို့ အလားအလာတွေကလည်း အများကြီး ရှိပါတယ်။ အခုအချိန်မှာ အမှန်တရားကို သိနားလည်တဲ့ အင်အားစုတွေကလည်း၊ တပ်မတော်ထဲ မှာ အများကြီး ဖြစ်နေပါပြီ။ အတိုင်းအတာ ကာလတခုအထိ၊ အဆုံးအဖြတ်ပေးရမယ့် အဲဒီ ကာလကိုရောက် လာပြီး မျဉ်းတစ်ခုကို ဖြတ်ကျော်မယ်ဆိုရင် အဓိက ကတော့ ကိုယ့်ကိုယ်ကို ယုံကြည့်မှုရှိဖို့ လိုပါတယ် ခင်ဗျ။ နောက်ပြီးတော့ ကိုယ့်တာဝန်ကိုယ် သတ္တိရှိရှိနဲ့ ယူရဲဖို့ လို တယ်။ ကိုယ့်သမိုင်းကို ကိုယ် ရေးဖို့လိုတယ်၊ အဲဒီ ကိုယ်ရေးတဲ့ သမိုင်းဟာလည်း အမှန်တရားဘက်ကို ရပ်တည်တဲ့ သမိုင်းဖြစ်မယ်ဆိုရင်၊ အဲဒီအမှန်တရားက နောင်တချိန်မှာ စကားပြောလာပါလိမ့်မယ် ခင်ဗျ။ အဓိက ကတော့ ကိုယ့်ရဲ့ ရပ်တည်ချက်က ဘာလဲဆိုတာ၊ တိတိကျကျ ဝေဖန် ဆန်းစစ်ဖို့ အချိန်ရောက်ပါပြီ။ အရေးကြီးတဲ့ ဆုံးဖြတ်ချက်ကို လုပ်ရမယ့် ကာလတခုကို ရှေ့အနာဂတ်မှာ ရောက်ချင်လည်း ရောက်လာမှာပါ။ ရောက်လာမယ်ဆိုရင် လိမ္မာပါးနပ်စွာ နဲ့ မျဉ်းတစ်ခုကို သတ္တိရှိရှိ ယုံကြည်မှု အပြည့်အဝနဲ့ ဘယ်လိုကူးဖြတ်မလဲ ဆိုတာ သမိုင်းက တောင်းဆိုနေပါတယ်။ မတရား မှုတွေ အားလုံးရဲ့ နောက်ဆုံးနိဂုံးဟာ ပြန်ပြီးတော့မှ တွန်းလှန်တဲ့ အနေအထားနဲ့ နိဂုံးချုပ်သွားလိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ အဓိကကတော့ ကျနော်တို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့ လိုပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ သောတရှင်များ ခင်ဗျာ၊ ရှေ့သီတင်းပတ် စနေနေ့ မနက်နဲ့ ညနေခင်းတွေမှာတော့ ဗီအိုအေ မြန်မာပိုင်းအစီအစဉ် “တပ်မှူးတပ်သား ပြောစကား” ကဏ္ဍမှာ “စစ်တပ် နှင့် အမိန့်နာခံမှု အပိုင်း (၇)” ကိုဆက်ပြီး ထုတ်လွှင့်ပေးသွားပါမယ်။ စောင့်မျှော်နားဆင်ကြပါ။ ကျနော် ရော်နီညိမ်းပါ။

XS
SM
MD
LG