သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြားဖြတ်ရွေးကောက်ပွဲ လွတ်လပ်မျှတမှုရှိုရင် အီးယူူဒဏ်ခတ်မှု ရုတ်သိမ်းမည်


မြန်မာနိုင်ငံမှာ ကျင်းပဖို့ရှိတဲ့ ကြားဖြတ် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရား မျှတမှုရှိမယ်ဆိုရင် အရေးယူ ဒဏ်ခတ်မှု တွေကို ရုတ်သိမ်း ပေးမယ်လို့ ဒီကနေ့ ရန်ကုန်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း အာဆီယံနိုင်ငံများနဲ့ ဆက်ဆံရေး ဥရောပပါလီမန်ရဲ့ ကိုယ်စားလှယ်အဖွဲ့ က ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေ တစုံတရာ တိုးတက်လာတာကို မြင်တွေ့ရပေမဲ့ လုပ်ဆောင် စရာတွေ အများကြီး ကျန်နေသေးတယ်လို့လည်း ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံမှာ ငါးရက်ကြာ ခရီးစဉ်အဖြစ်နဲ့ ရောက်ရှိနေတဲ့ ၁၁ ဦးပါ အာဆီယံနိုင်ငံများ နဲ့ ဆက်ဆံရေး ဥရောပပါလီမန်ရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။ ဒီသတင်းစာ ရှင်းလင်းပွဲအတွင်း ဥရောပပါလီမန် အမတ်တွေက မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ သတင်း မီဒီယာ လွတ်လပ်မှု၊ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက် လာတာမျိုး၊ တိုင်းရင်းသားလက်နက်ကိုင် တွေနဲ့ အပစ်အခတ် ရပ်စဲရေး လုပ်လာတာ မျိုးတွေလို ထူးခြားတဲ့ အပြောင်းအလဲ တချို့ကို မြင်တွေ့ခဲ့ပေမဲ့ နိုင်ငံရေး အကျဉ်းသားအကုန် မလွတ်မြောက်သေးတာ ဒါတွေကို ပြီးစီးအောင်လုပ်ဆောင်ဖို့ ကချင်ပြည်နယ်တွင်း မှာလည်း တိုက်ပွဲတွေ အနည်းငယ် ဖြစ်နေသေးပြီး အဲဒီလို လက်နက်ကိုင် ပဋိပက္ခဖြစ်တဲ့ နေရာတွေမှာ အဓမ္မ လုပ်အား ပေးခိုင်းစေတာ၊ အမျိုးသမီးတွေအပေါ် အဓမ္မပြုကျင့်မှုလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ ရှိနေဆဲဖြစ်တဲ့အတွက် ဒီအခြေအနေတွေကို တိုးတက်အောင် လုပ်ဖို့လည်း လိုအပ် တယ်လို့ ပြောဆိုခဲ့ပါတယ်။ လက်ရှိ အခြေအနေမှာတော့ လူ့အခွင့်အရေး ရှုထောင့်ကနေ ပြောမယ်ဆိုရင် အရေးယူ ဒဏ်ခတ်မှုတွေကို ရုတ်သိမ်းသင့် မသင့် ပြောဖို့ရာ အချိန်မတန်သေးဘူးလို့ အခုလို ပြောခဲ့ပါတယ်။

“လူ့အခွင့်အရေး ရှုထောင့်ကနေ ပြောရမယ်ဆိုရင်တော့ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဖယ်ရှားရေး မဖယ်ရှားရေး ဆိုတာ ပြောဖို့ စောလွန်းပါသေးတယ်။ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ် လာဖို့အတွက် အီးယူက အလေးအနက် ထောက်ခံမှု ပေးနေပါတယ်။ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင် လာတဲ့အထဲမှာ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ပေါ်ပေါက်လာတာဟာ ထင်ရှားတဲ့ မှတ်တိုင်တခုပါပဲ။ ဒါပေမဲ့လည်း နောက်ထပ် ဒီ့ထက်ပိုပြီး လုပ်ဆောင်ဖို့ လိုအပ်ပါသေးတယ်။”

ဒါ့အပြင် မကြာခင်ကျင်းပဖို့ရှိတဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာတော့ လွတ်လပ်ပြီး တရားမျှတမှုရှိခဲ့မယ်ဆိုရင် - ဒီအရေးယူ ဒဏ်ခတ်မှုတွေကို ရုတ်သိမ်းဖို့နဲ့ပတ်သက်လို့ သံသယဖြစ်စရာ မရှိဘူးလို့လည်း ဥရောပသံတမန်တဦးက အခုလို ပြောခဲ့ပါသေးတယ်။

“ကြားဖြတ်ရွေးကောက်ပွဲက တရားမျှတပြီး လွတ်လပ်ဖို့ ဆိုပြီး ဒီ ရွေးကောက်ပွဲ ရလဒ်ရဲ့ မြန်မာပြည်သူ လူထုရဲ့ တကယ့် ဆန္ဒအမှန်ကို ထင်ဟပ်တဲ့ ဆန္ဒအမှန်ဖြစ်ရပါမယ်။ ဒဏ်ခတ်ပိတ်ဆို့မှု ကို နောက်ပိုင်းမှာ ဖယ်ရှားပေးမယ် ဆိုတာကတော့ သေချာပါတယ်။ အီးယူရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေက ဒီ ဧပြီ ၂၃ ရက်နေ့မှာ ဒါနဲ့ ပတ်သက်ပြီး ဆွေးနွေးကြဖို့ရှိပါတယ်။ ကျနော်တို့ ဒီမြန်မာနိုင်ငံ ခရီးစဉ်ကနေပြီးတော့ ရတဲ့ အကဲဖြတ်ချက်တွေကို အကြံပြုချက်ပေးပို့သွားမှာပါ။ လာမယ့် လပိုင်းတွေ အတွင်းမှာ ပိုပြီးတော့ ဖြစ်ပေါ်တိုးတက်မှုတွေ ရှိမယ်လို့ မျှော်လင့်ပါတယ်။ အစိုးရ အနေနဲ့ ပြီးပြတ်အောင် လုပ်ဆောင်ရမယ့် လုပ်ငန်းတွေက အများကြီး ရှိသေးပါတယ်။ စိန်ခေါ်ချက်တွေကလည်း အများကြီး ရှိပါတယ်။ နောက် ငါးနှစ်ကြာတောင်မှ လွယ်လွယ်ကူကူနဲ့ ဖြေရှင်းနိုင်ဦးမှာ မဟုတ်ပါဘူး။ ”

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ EU ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူဒဏ်ခတ်မှုတွေကို ရုတ်သိမ်းဖို့ကိစ္စကို ဧပြီလ ၁ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲ ပြီးတဲ့အထိ စောင့်သင့်တယ်လို့ ဗုဒ္ဓဟူးနေ့ကပဲ ပြောဆိုထားတာပါ။ အီးယူက အရေးယူဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့အထဲက မြန်မာအရာရှိတွေကို ခရီးသွားလာခွင့် တားမြစ်ထားတာကို မကြာသေးခင်ကပဲ ပြန်လည်ရုတ်သိမ်းပေးခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကနေ မတ်လ ၂ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်တဲ့ ငါးရက်ကြာခရီးစဉ်အတွင်း အာဆီယံနိုင်ငံများနဲ့ ဆက်ဆံရေး ဥရောပပါလီမန်အဖွဲ့ဟာ သမ္မတ ဦးသိန်းစိန်နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း အပါအဝင် အစိုးရတာဝန်ရှိသူတွေနဲ့လည်း သမ္မတ အိမ်တော်မှာ တွေ့ဆုံခဲ့သလို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပြင် အမျိုးသားလူ့အခွင့်အရေးကော်မရှင်နဲ့လည်း တွေ့ဆုံခဲ့တာပါ။ မနက်ဖြန်မှာတော့ နိုင်ငံရေးပါတီတချို့နဲ့ တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။

XS
SM
MD
LG