သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံ့အရေးမှာအားလုံးပါဝင်ဖ့ို သမ္မတဦးသိန်းစိန်တိုက်တွန်း


အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ တိုင်းရင်းသားတွေ ပါဝင်နိုင်မှုဟာ အရေးအကြီးဆုံး ဖြစ် တယ်လို့ သမ္မတဦးသိန်းစိန်က ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့ တနှစ်အတွင်း အစိုးရရဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းမှုတွေမှာ အောင်မြင်မှုတွေရှိသလို စိန်ခေါ်မှုတွေကိုလဲ ရင်ဆိုင်ခဲ့ရတယ်လို့ ပြည်ထောင်စု လွှတ်တော်မှာ ဒီကနေ့ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ သမ္မတ ဦးသိန်းစိန်က ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနှစ်တာ ကာလအတွင်း အစိုးရအဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေ၊ ရှေ့ဆက်ဆောင်ရွက်ရမဲ့ ကိစ္စတွေကို လွှတ်တော်ကတဆင့် ပြည်သူတွေသိရှိအောင် ပြောကြားတဲ့ သမ္မတရဲ့ မိန့်ခွန်းနဲ့ ပါတ်သက်လို့ အပြည့်အစုံကို မစုမြတ်မွန်က ဆက်ပြောပြပါမယ်။

လက်ရှိအစိုးရရဲ့ မူဝါဒတွေ၊ ကုန်ခဲ့တဲ့ ၁ နှစ်အတွင်း အစိုးရရဲ့ ဆောင်ရွက်ချက်တွေ၊ ရှေ့ဆက်လုပ်မဲ့ ကိစ္စတွေ ကို အများပြည်သူသိရှိစေဖို့ ပြည်ထောင်စုလွှတ်တော်ကနေတဆင့် သမ္မတဦးသိန်းစိန်က ဒီကနေ့ မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အသွင်ကူပြောင်းမှုအပေါ်မှာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ နားလည်မှု တွေကို မြင့်မားလာနေတဲ့အတွက် ဒီထက် ပိုပြီး ယုံကြည်မှုတွေကို ရရှိအောင် လုပ်သွားရမယ်ဆိုတာကို သမ္မတဦးသိန်းစိန်က မိန့်ခွန်းအစပိုင်းမှာ ပြောကြားပါတယ်။

“ဒီကနေ့ အချိန်မှာ ကျနော်တို့ အနေနဲ့ စစ်မှန်ခိုင်မာတဲ့ ဒီမိုကရေစီနဲ့ လောကပါလ တရားများ ထွန်းကားတဲ့ နိုင်ငံတော်သစ် တည်ဆောက်နိုင်ပြီလား လို့ပေးရင် ကျနော်တို့ အများကြီး ကြိုးစားရဦးမှာ ဖြစ်ပါတယ်။ ကျနော်တို့ ရှေ့ဆက်ပြီး ခြေလှမ်းပေါင်းများစွာ လျှောက်လှမ်းရဦး မှာဖြစ်ပါတယ်။ ဒါဟာ ဒီမိုကရေစီ မြန်မာ့ လူဘောင်ကို တည်တံ့ ခိုင်မာ ရှင်သန်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရမယ့် ရေရှည်လုပ်ငန်းစဉ်ကြီး တရပ်လည်း ဖြစ်ပါတယ်။”

တည်ငြိမ်အေးချမ်းစွာနေထိုင်လိုတဲ့ ပြည်သူတွေရဲ့ ဆန္ဒကို အခြေခံပြီးတော့ အမျိုးသားပြန်လည် စည်းလုံးညီလွတ်ရေး၊ ထာဝရငြိမ်းချမ်းရေး ရရှိအောင်ဆောင်ရွက်နေတဲ့အကြောင်းတွေကိုလဲ မိန့်ခွန်းထဲမှာ ပြောသွားပါတယ်၊ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်မှာ တိုင်းရင်းသားတွေ ပါဝင်နိုင်ဖို့က အရေးအကြီးဆုံးဖြစ်ပါတယ်လို့ ဆိုပါတယ်၊

“ကျနော်တို့ နိုင်ငံဟာ ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံ ဖြစ်တာနဲ့ အညီ ဒီနိုင်ငံရေး လမ်းစဉ်မှာ တိုင်းရင်းသား တွေ အားလုံး တန်းတူ ရည်တူ ပါဝင်ခွင့်ရရှိဖို့ မဖြစ်မနေ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါဟာ ကျနော်တို့ သွေးရင်းညီအစ်ကို တိုင်းရင်းသားတွေရဲ့ ခေတ်အဆက်ဆက် အကောင်အထည် မဖော်ခဲ့တဲ့ အိပ်မက် လွင့်ပြယ် ပျောက်ပျက်ခဲ့ရတဲ့ အိပ်မက်တွေလည်းဖြစ်ပါတယ်။ တဖက်နဲ့ တဖက် ထိတွေ့ဆက်ဆံမှုတွေ ကင်းဝေးပြီး အထင်အမြင် လွှဲမှားခဲ့တာတွေ ကျနော်တို့ အစိုးရ လက်ထက်မှာ အဆုံးသတ် ပေးနိုင်ဖို့ လိုပါတယ်။ ”

အမျိုးသား ပြန်လည်ပေါင်းစည်း ညီညွတ်ရေးမှာ တဖက်နဲ့ တဖက် ယုံကြည်မှုဟာ အရေးကြီးတယ်ဆိုတာကို သူ့ရဲ့ အစိုးရက သဘောပေါက်ကြောင်းကိုလဲ သမ္မတက မိန့်ခွန်းထဲမှာ ပြောသွားပါတယ်။

“ကျနော် အခိုင်အမာ သံန္ဓိဋ္ဌာန်ချထားပါတယ်။ ကျနော်တို့ အစိုးရ လက်ထက်မှာ ဒီလို မယုံမရဲဖြစ်နေတဲ့ စိုးရိမ်မှုတွေ မပျောက် ပျောက်အောင် ဖြောက်ဖြစ်ရပါမယ်။ ဒါဟာ ကျနော်တို့ အစိုးရရဲ့ ခံယူချက်လည်း ဖြစ်ပါတယ်။ ကျနော်တို့ တိုင်းရင်းသားတွေ ခံစားနေကြရတဲ့ ခါးသီးတဲ့ ဒဏ်ရာတွေ စူးနစ်တဲ့ အတွေ့အ ကြုံတွေ ပျောက်ဆုံးနေတဲ့ အိပ်မက်တွေ ကျနော်တို့ အားလုံးဖြည့်ဆည်းပေးဖို့ တာဝန်ရှိပါတယ်။”

ကချင်ပြည်နယ်ဖက်မှာ ဆက်ရှိနေတဲ့ တိုက်ပွဲတွေရပ်သွားဖို့နဲ့ ပါတ်သက်လို့တော့ ၂ ဖက် အပစ်အခတ် ရပ်ဆဲဖို့ ခိုင်မာတဲ့ အာမခံချက်တွေလိုတယ်လို့ သမ္မတက ဆိုပါတယ်။ ငြိမ်းချမ်းရေးလိုချင်တဲ့ တိုင်းရင်းသား တွေ သိက္ခာရှိရှိ ရပ်တည်နိုင်ဖို့အတွက်ကိုတော့ အားလုံး ပူးပေါင်းဆောင်ရွက်ပေးဖို့ကို သမ္မတက တိုက်တွန်း ပါတယ်။

“သေနတ်ကိုင်ခဲ့တဲ့ ကျနော်တို့ တိုင်းရင်းသားလူငယ်တွေ Laptop ကိုင်ပြီး ထည်ထည်ဝါဝါ ရပ်တည်နေနိုင်ဖို့ ကျနော်တို့ အားလုံး ဝိုင်းဝန်းကြိုးပမ်းသွားကြရမှာ ဖြစ်ပါတယ်။ ဒီလို ကြိုးပမ်းကြတဲ့ နေရာမှာ ပြည်တွင်း ပြည်ပ ရင်းနှီးမြုပ်နှံမှုတွေ ထောက်ပံ့ ကူညီမှုတွေ ဖိတ်ခေါ်ကြိုဆိုပြီး ဘက်စုံ ထောင့်စုံ ဖြည့်ဆည်းနိုင်အောင် ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ”

နိုင်ငံတော် စီမံကိန်းတွေမှာ တိုင်းရင်းသား လူငယ်တွေ ပါဝင်နိုင်ဖို့ ဆောင်ရွက်ရမယ်လို့ လဲ ဆိုသွားပါတယ်။ လက်ရှိအစိုးရအဖွဲ့ထဲမှာ သဘောထားပျော့ပြောင်းသူ၊ သဘောထားတင်းမာသူရယ်လို့ မရှိပါဘူးဆိုတာကိုလဲ သမ္မတက ပြည်ထောင်စုလွှတ်တော်မှာ ပြောတဲ့မိန့်ခွန်းထဲမှာ ခုလို ပြောပါတယ်။

“ကျနော်တို့ အစိုးရဟာ ဒီကနေ့ အများပြောနေကြသလို ခေါင်းမာဂိုဏ်း နဲ့ အပျော့ဂိုဏ်း ဆိုပြီး ကွဲပြားနေတာ မရှိပါဘူး။ လူတစ်ဦး ချင်းစီရဲ့ ဗီဇ စရိုက် အမူအကျင့်တွေ ပေါ်မှာ မူတည်ပြီး စီမံခန့်ခွဲမှု ကွဲပြားခြားနားတာက လွဲလို့ ကျနော်တို့ အစိုးရရဲ့ မူဝါဒကို ကျနော်တို့ အားလုံး မမှိတ်မသုန် ယုံကြည်စွာ ဆောင်ရွက် နေကြတာ ဖြစ်ပါတယ်။ ”

အစိုးရဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ ခိုင်မာဖို့ လိုအပ်တဲ့အကြောင်းနဲ့ ခေတ်ပြောင်း စနစ်ပြောင်းမှာ ပညာပေးသင့်တာပေး၊ စည်းရုံးသင့်တာ စည်းရုံး၊ အသိပေး၊ သတိပေး အရေးယူတာတွေ သင့်သလိုလုပ်နေတဲ့အကြောင်းတွေကိုလဲ သူ့ရဲ့ မိန့်ခွန်းထဲမှာ ပြောသွားပါတယ်။ ရပ်ကွက် ကျေးရွာ အဆင့်အထိ အုပ်ချုပ်ရေး ယန္တရားကို ပြင်ဆင်ဖွဲ့စည်းနေတဲ့နေရာမှာ ခေတ်အဆက်ဆက် စူးဝင်နေတဲ့ ဆူးတွေကို ဖယ်နိုင်ဖို့ ခိုင်မာတဲ့ ဥပဒေ၊ နည်းဥပဒေတွေနဲ့ တည်ဆောက်နေတယ်လို့ ဆိုပါတယ်။ ဝန်ထမ်းတွေ လစာတိုးမြှင့်ရေးကိစ္စနဲ့ ပါတ်သက်လို့ လက်ရှိ နိုင်ငံတော်ရဲ့ ငွေကြေးအခြေအနေ၊ ပြည်ပချေးငွေ တွေအပေါ် မူတည်ပြီး သင့်ရင် သင့်သလို လစာတိုးရေးကို ကြိုစားသွားမယ်လို့ ပြောပါတယ်။ ဒါပေမဲ့

“လစာတိုးပေးရေး ဆွေးနွေးမှုတွေ ကြောင့် အရပ်ရပ် ကုန်ဈေးနှုန်းတွေ ရုတ်တရက် တက်လာတာကိုလည်း တွေ့ရှိရပါတယ်။ ကျနော်တို့ ဝန်ထမ်းတွေ လစာတိုးမြှင့်ပေးလိုက်လို့ ခံစားရမယ့် အစိုးရ ဝန်ထမ်းမဟုတ်တဲ့ ၅၈ သန်းသော ပြည်သူတွေဟာ ဒီ နောက်ဆက်တွဲ အကျိုးဆက်ကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ယန္တရား တစ်ရပ်ထဲကို ဘဲ အလေးပေး စဉ်းစားလို့ မဖြစ်တဲ့ အခြေအနေမှာ ကျနော်တို့ အနေနဲ့ လစာ သို့မဟုတ် ထောက်ပံ့ကူညီမှုတွေကို တိုးမြှင့်နိုင်ဖို့ ခြုံငုံစဉ်းစား ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။”

စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ပြုပြင်ပြောင်းလဲမှုတွေလုပ်နေတာတွေကိုလဲ ဒီမိန့်ခွန်းမှာ ထည့်ပြော သွားပါတယ်။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လာဖို့အတွက်ကိုလဲ သမ္မတဦးသိန်းစိန်က မိန်းခွန်းထဲ ကနေတ တဆင့် ဖိတ်ခေါ်ပါတယ်။ နိုင်ငံတကာ ဆက်ဆံရေးနဲ့ ပါတ်သက်လို့လဲ

“နိုင်ငံတကာဆက်ဆံရေး နယ်ပယ်မှာ အရှေ့အနောက် ခွဲခြားခြင်းမရှိဘဲ ကမ္ဘာ့နိုင်ငံအားလုံးနဲ့ ရင်းနှီးချစ်ကြည် စွာ ဆက်ဆံသွားမှာဖြစ်သလို နိုင်ငံတကာမိသားစုရဲ့ အားပေးကူညီမှုတွေ ပူးပေါင်းဆောင်ရွက်မှုတွေ ရင်းနှီး မြုပ်နှံမှုတွေ ထောက်ပံ့ကူညီမှုတွေကို နွေးထွေးစွာ လက်ကမ်းကြိုဆိုသွားမှာဖြစ်ပါတယ်။”

စစ်အစိုးရရနေ အရပ်သားအစိုးရအဖြစ် အသွင်ပြောင်းခဲ့ပြီးနောက်မှာ အစိုးရရဲ့ ဆောင်ရွက်ချက်တွေ၊ ရှေ့ဆက်လုပ်မယ့် ကိစ္စတွေကို သမ္မတက ပထမဆုံး ပြည်သူကို အသိပေးပြောကြားတဲ့ မိန့်ခွန်းလဲ ဖြစ်ပါတယ်။

XS
SM
MD
LG