တပ်မှူးတပ်သား ပြောစကား (၀၅၀)
ဒီကနေ့ မြန်မာ့တပ်မတော်မှာ အမိန့်မနာခံလိုတော့တဲ့ ဒုတိယအတွေး (second thought) ဝင်သွားခဲ့ကြသူ အရာရှိတွေထဲက၊ ဝန်ကြီးချုပ်ရုံးဝန် ကြီးဌာနကနေ နှုတ်ထွက်လာခဲ့သူ ပြင်ပအသံလွှင့်ဆောင်းပါးရှင် ဗိုလ်မှူးဟောင်းဦးမြတ်နိုး နဲ့ မြန်မာစစ်အစိုးရရဲ့ နျူးကလီးယားလျှို့ဝှက်စီမံကိန်း ဆိုင်ရာ သတင်းအချက်အလက်တချို့ကို ယူဆောင်ပြီး ပြည်ပကို ထွက်လာခဲ့တဲ့ ဗိုလ်မှူးဟောင်းစိုင်းသိန်းဝင်းတို့ရဲ့ အတွေ့အကြုံပြောစကားတွေ ကို ဒီသီတင်းပတ်ရဲ့ “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ တင်ပြထားပါတယ်။ ဦးရော်နီညိမ်းက “စစ်တပ် နှင့် အမိန့်နာခံမှု - အပိုင်း (၇)” ခေါင်းစဉ်နဲ့ စီစဉ် တင်ဆက်ထားပါတယ်။
ဦးရော်နီညိမ်း။ ။ ပြင်ပအသံလွှင့် ဆောင်းပါးတွေ ရေးသားနေတဲ့ ဗိုလ်မှူးဟောင်း ဦးမြတ်နိုးကို ကျနော်တို့သိထားတာက၊ ဝန်ကြီးချုပ်ရုံးမှာ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးခင်ညွှန့်လက်ထက်မှာ နိုင်ငံတကာဆက်ဆံရေးဌာနမှာ တာဝန်ထမ်း ဆောင်နေရာကနေ ပြီးတော့မှ တပ်မတော်ကနေ ထွက်ခွါလာတယ်။ နိုင်ငံ့ဝန်ထမ်း အဖြစ်ကနေ ထွက်ခွါလာတယ် ဆိုတော့ ….
ဦးမြတ်နိုး။ ။ ကျနော်တို့ အဲဒီ ဝန်ကြီးချုပ်ရုံး လက်အောက်မှာရှိတဲ့ International Affairs and Public Relation ဆိုတဲ့ section လေး ကတော့ ဗျာ၊ အဲဒီတုန်းက ရည်ရွယ်ချက်ကောင်းကောင်းနဲ့ ဖွဲ့စည်းခဲ့တာပါ။ နိုင်ငံတကာကို ကျနော်တို့ ပိုပြီး ပွင့်ပွင့်လင်းလင်း ဆက်ဆံမယ်။ သတင်းစာရှင်းလင်းပွဲတွေ ကျနော်တို့ လုပ်မယ်။ အဲဒီကနေ ပိုပြီးတော့ သတင်းအချက်အလက်တွေ ထုတ်ပြန်နိုင်မယ်။ ပွင့်ပွင့်လင်းလင်း ဆက် ဆံနိုင်မယ်။ နိုင်ငံတကာနဲ့ ပိုပြီး တိုးမြှင့် ဆက်သွယ်ဖို့ အနေအထားမျိုးနဲ့ တိုးချဲ့ဖွဲ့စည်းခဲ့တာပါ။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အဲဒီတော့ ဗိုလ်ကြီးစိုင်းဝင်းကျော်ကတော့ ရှစ်လေးလုံးကာလမှာ သူဟာ ဒုတိယအတွေး ဝင်သွားစေတဲ့ breaking point ကို သူက ရောက်သွားတယ်။ ကိုယ်ပါဝင်နေတဲ့ အဖွဲ့အစည်းအပေါ်မှာ ယုံကြည်မှု ကျိုးပေါက်ပျက်စီးပြီးတော့ သူ အဲဒီမှာ ဒုတိ ယအတွေး second thought ဝင်သွားတယ်။ ဗိုလ်မှူးဟောင်း ဦးမြတ်နိုးက ရှစ်လေးလုံးကာလမှာ အဲဒီအချိန်တုန်းကတော့ အေးချမ်းတဲ့နယ်မြို့ လေးတစ်မြို့မှာ ရှိနေတဲ့အတွက်ကြောင့်မို့ breaking pointကို မရောက်ခဲ့ဘူး။ second thought လည်းမဝင်ခဲ့ဘူး။ ကျနော်တို့က second thought ကို ဘာ့ကြောင့်ပြောရသလဲဆိုတော့ second thought က သိပ်ကြောက်ဖို့ ကောင်းတယ်။ second thought ဝင်သွားပြီးရင် ဘယ် လိုမှ first thought ကိုပြန်မလာဘူး။ ဒါကို သုတေသန လုပ်ထားချက်တွေအရ တွေ့ရတယ်။ အဲဒါကိုလည်း ဒီ leadership အကြောင်းကို နား လည်တဲ့ စစ်ခေါင်းဆောင်တွေ အကုန်လုံးက သိတယ်။ သူတို့ကလည်း အဲဒါကို သိပ်ကြောက်တယ်။ သူတို့ လက်အောက်ငယ်သားတွေ second thought ဝင်သွားမှာကို။ အဲဒီတော့ second thought ဝင်သွားပြီးဆိုရင်၊ နောက်ထပ် တတိယအတွေးလည်း မလာဘူး။ ပထမအ တွေးကိုလည်း ပြန်မလှည့်ဘူး။ အဲဒီ ဒုတိယအတွေးဟာ အလွန် ခိုင်မာတယ်။ အဲဒီဟာကို သိပ်ကြောက်တယ်။ အဲဒါကြောင့်မို့ ဗိုလ်မှူးဟောင်း ဦးမြတ်နိုး ဘယ်လို second thought ရပါသလဲ ဆိုတာ ကျနော် သိချင်ပါတယ် ခင်ဗျ။
ဦးမြတ်နိုး။ ။ ဟုတ်ကဲ့၊ မထင်မှတ်ဘဲနဲ့ ဘာဖြစ်သလဲဆိုတော့ ၂၀၀၃ မေလမှာ ဒီပဲယင်း အရေးအခင်းဖြစ်ခဲ့တယ်။ ဒီပဲယင်း အရေးအခင်း ဖြစ် ခဲ့တော့ စစ်အစိုးရအနေနဲ့ နိုင်ငံတကာကို ပြန်ပြီး ဖာဖာထေးထေး လုပ်တဲ့အနေနဲ့၊ သူတို့ ရှေ့ဆက်သွားမယ့်လမ်းပြမြေပုံ ထုတ်ပြန်လိုက်ရတယ်။ မထုတ်ပြန်ခင် သူတို့ လာပြီး preparation လုပ်ကတည်းက ကျနော်ကြည့်လိုက်ရတဲ့ အချက်အလက်တွေ ပေါ့ဗျာ၊ ဗိုလ်ချုပ်ကြီးခင်ညွန့် တရား ဝင်မကြေညာခင် အဲဒီထဲက အချက် အလက်တွေ ကျနော် သိနေခဲ့တာရှိတယ် ခင်ဗျ။
ဦးရော်နီညိမ်း။ ။ တခု ဖြတ်ပြီး ကျနော်မေးချင်တာက၊ လမ်းပြမြေပုံ(၇)ချက်က ဒီပဲယင်း မဖြစ်ခင်တုန်းကတော့ မရှိဘူးပေါ့။ ဒီပဲယင်းဖြစ်တော့ မှ ဗိုလ်မှူးတို့ရုံးကို ဒီကိစ္စ ကောက်ကာငင်ကာ ရောက်လာတာလား ခင်ဗျ။ အဲဒါ သိချင်ပါတယ်။
ဦးမြတ်နိုး။ ။ ကျနော် သိသလောက် ဒီပဲယင်း မဖြစ်ခင်တုန်းက အဲဒီအစီအစဉ် ကျနော်မကြားမိဘူး ခင်ဗျ။ ဒီပဲယင်း မဖြစ်ခင်တုန်းက သူတို့ ရသလောက် ဆက်ထိန်းထားဖို့ သူတို့ အကြံအစည် ရှိချင်ရှိမယ်။ ဒီပဲယင်းဖြစ်ပြီးတော့ နိုင်ငံတကာကို ဒါမျိုး ထုတ်ဖော်ပြောပြဖို့ လိုတဲ့အချိန်ကျ တော့ ဒီ အစီအစဉ်က ပေါ်လာတယ်လို့ ကျနော် ယူဆပါတယ်။ ဗိုလ်ချုပ်ကြီးခင်ညွန့် တရားဝင်မကြေညာခင် ကတည်းက အဲဒီ(၇)ချက်က ဘာ တွေဆိုတာ ကျနော်တို့က သိနေပြီ။ သူတို့ပြောမယ့် အချက်တွေကို ကျနော်တို့ အဲဒီတုန်းကတည်းက တီးတိုးဝေဖန်မှုတွေ ရှိနေခဲ့တယ်။ ဒီဥစ္စာ ကိုလည်း ကျနော်တို့ သဘောမကျဘူး။ ဒါ အဖြေမှန် မဟုတ်ဘူးဆိုတာလည်း ကျနော်တို့ သိတယ်။ လမ်းပြမြေပုံ(၇)ချက် ကြေညာပြီးတော့ ကျနော်တို့ section ဌာနလေးလည်း ဝန်ကြီးကိုင်ထားတဲ့ ဥစ္စာကလည်း၊ ကျနော်တို့ကို သီးခြား တာဝန်ပေးတာတွေ ရှိတယ်။ နိုင်ငံတကာနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ပြည်တွင်းနဲ့ပတ်သက်တဲ့ သတင်း အချက်အလက်တွေ ပေးလာတာ ရှိတယ်။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အဲဒီတုန်းက ဝန်ကြီးချုပ်ရုံး ဝန်ကြီးက ဘယ်သူပါလဲ ခင်ဗျ။
ဦးမြတ်နိုး။ ။ အဲဒီတုန်းက ဦးတင်ဝင်း ပါ ခင်ဗျ။ အမေရိကန်မှာ သံအမတ်ကြီးလုပ်သွားတဲ့ ဦးတင်ဝင်း ပါ။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အလုပ်သမား ဝန်ကြီးဌာနလည်း ကိုင်တယ်။
ဦးမြတ်နိုး။ ။ ဟုတ်ကဲ့ ခင်ဗျ၊ နှစ်ခုတွဲပြီး ကိုင်တာ ခင်ဗျ။
ဦးရော်နီညိမ်း။ ။ အဲဒီတော့ သူက အဲဒါတွေ လုပ်ရတယ်ပေါ့၊ အဲဒါ ပြောပါဦး။
ဦးမြတ်နိုး။ ။ သူ တိုက်ရိုက်ကိုင်တာခင်ဗျ။ အဲဒီအချိန်မှာ တိုင်းပြည်မှာ ပြဿနာတွေဖြေရှင်းမယ့် အဖြေမှန်မဟုတ်ဘူးဆိုတာ ကျနော်တို့ခံစား မိတယ်။ သူတို့ အစိုးရအဖွဲ့ပိုင်းထဲက တချို့လူကြီးတွေ အပါအဝင် ပြည်သူလူထုကလည်း ယုံကြည်လက်ခံမှု မရှိဘူးဆိုတာ ကျနော်တို့ သိတယ်။
ဦးရော်နီညိမ်း။ ။ ဒီဟာကို မပြောခင်မှာ အငြင်းပွါးမှုတွေ မရှိဘူးလား။ ဒီ ဥစ္စာကြီးက ဝါဒဖြန့် သက်သက်ပဲဆိုတာ။
ဦးမြတ်နိုး။ ။ အဲဒီ ဝါဒဖြန့်သက်သက်ကလည်း ကျနော်တို့ အဲဒီတုန်းက ဖွဲ့ထားတဲ့အဖွဲ့က ခုန ကကလှမ်း (ကာကွယ်ရေးဝန်ကြီးဌာန တပ်မ တော်ထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံး) အဖွဲ့တွေရယ်၊ နောက် တက္ကသိုလ်ဘက်က အဖွဲ့တွေ နောက် ကျနော်တို့တပ်ဘက်က စာရင်းအချက် အလက်အဖွဲ့တွေ၊ ဒါ အကုန်ပေါင်းပြီးလုပ်တာ။ ဒီလို ဝေဖန်မှုနဲ့ က အချင်းချင်း ဝေဖန်မှုအဖြစ်ပဲ ရှိပါတယ်။ တရားဝင် သူတို့ကို ထောက်ပြပြောဆို ပြီး ဝေဖန်နိုင်တဲ့ အနေအထားတော့ အဲဒီတုန်းက မရှိဘူး။ ရှိရင်လည်း အဲဒီတုန်းက ချက်ချင်း အရေးယူခံရမှာပါ။ ဒါပေမယ့် ကျနော်တို့ ဘာလုပ် ခဲ့သလဲဆိုတော့ သူတို့ လုပ်ခဲ့တဲ့ဥစ္စာကို ကျနော်တို့ အယုံအကြည် မရှိဘူး။ မရှိတဲ့အတွက် နောက်ပိတ်ဆုံး ဝန်ကြီးရုံးက ပေးလာခဲ့တဲ့ ကျနော် တို့နဲ့ပတ်သက်တဲ့ တာဝန်တွေကို ကျနော်တို့က မထမ်းဆောင်နိုင်ဘူးဆိုပြီးတော့ ငြင်းဆိုလိုက်တဲ့အတွက် ဝန်ကြီးက အလုပ်ထုတ်လိုက်တယ်။
ဦးရော်နီညိမ်း။ ။ အဲဒါက ဗိုလ်မှူးအနေနဲ့ ဒီပဲယင်းကိစ္စနဲ့ ပတ်သက်ပြီး လမ်းပြမြေပုံ(၇)ချက်ကို ဗိုလ်မှူးတို့ရဲ့ရုံးကနေ လာပြီးတော့ စီစဉ်ပြီး တော့၊ လူရှေ့မှာ ဗိုလ်ချုပ်ခင်ညွန့် ထွက်ပြောရမယ့် အခြေအနေရောက်လာတဲ့ အချိန်မှာ ဗိုလ်မှူးရဲ့ ဒါ ဒုတိယအတွေး ရောက်ရှိသွားတာပေါ့ နော်။ ဒါက second thought ဝင်သွားတယ်။ ဗိုလ်ချုပ်ခင်ညွန့် လူရှေ့ထွက်ပြီး လာပြောရတဲ့အချိန် ဦးမြတ်နိုးတို့ ရှိပါသေးလား။
ဦးမြတ်နိုး။ ။ ရှိပါတယ်ခင်ဗျ။ ကျနော်တို့က အဲဒီမှာ တာဝန်ကျတဲ့လူအနေနဲ့ပဲ ရှိပါတယ်။ ဒါပေမယ့် အဲဒီမတိုင်ခင်ကတည်းက ကျနော်တို့ သတိထားမိတာ သူတို့ မျက်နှာမကောင်းပါဘူး။
ဦးရော်နီညိမ်း။ ။ မျက်နှာမကောင်းဘူးဆိုတာ ဒီဟာကို လာပြီးတော့ ဒီကိစ္စကို လမ်းပြမြေပုံ(၇)ခုကို လုပ်ဖို့ ပထမပိုင်းမှာ တာဝန်ပေးအပ်လို့ စီစဉ်နေရတဲ့ ကကလှမ်းက လူတွေ ကိုယ်နှိုက်ကိုက၊ သဘောမတွေ့တာမျိုးကို တွေ့ရတာ လား။
ဦးမြတ်နိုး။ ။ ဘာလို့လဲဆိုတော့ ကျနော်တို့မှာ တချို့သူငယ်ချင်းတွေရှိတယ် သူတို့အနားမှာ။ အဲဒီလူတွေ ကိုယ်တိုင်က သိပ်ဟက်ဟက်ပက် ပက် မရှိဘူး။ မျက်နှာမကောင်းဘူး။ ဒါ ကျနော်တို့ တွေ့ပါတယ်။ ကျနော်တို့ ပထမ ကြားတဲ့ဥစ္စာမှာ ကျနော်တို့က ဒါ အကုန် တွေ့ဆုံဆွေးနွေးရ မယ့် တိုင်းရင်းသားအရေး ဖြစ်တယ်။ အားလုံးပြေလည်အောင် ဖြေရှင်းရမယ်။ အကုန်လုံး စားပွဲဝိုင်းမှာဆွေးနွေးပြီးတော့ ပြေလည်အောင်ဖြေရှင်း မယ်။ ပြီးရင် ဒါ တိုင်းပြည် စီးပွါးရေး၊ ပညာရေး၊ ကျန်းမာရေး တိုးတက်အောင် အကုန်ဝိုင်းဝန်း လုပ်ဆောင်ရမယ့် စနစ်မျိုး ချမှတ်ဖော်ဆောင်ရ မယ် ဆိုပြီးတော့၊ အဲလိုသွားမယ့် အသံမျိုးထွက်လာတော့ လူတွေက အကုန် ဝမ်းသာကြပါတယ်။ ဒါပေမယ့် တကယ်တမ်း ထွက်လာတဲ့ အချိန် မှာ သူတို့ ရှေ့ဆက် ကိုင်သွားမှာမျိုးနဲ့ပဲ လုပ်ပြီးတော့၊ အဲဒီမှာ အမျိုးသားညီလာခံ ပြန်စတာပေါ့ဗျာ။ အဲဒီတော့ ဒီဇာတ်လမ်းအရှည်ကြီးက ပြန် ဖြစ်လာပြီး၊ အခု ဒီ ၂၀၁၁ မှာ ဘာတွေ ဖြစ်လဲဆိုတာ မြန်မာပြည်သူလူထုကော အစိုးရ အရာထမ်းအမှုထမ်းတွေကော မြင်ပြီးနေပါပြီ။ အခုဆိုရင် အဖြေက ပေါ်သွားပါပြီ ခင်ဗျ။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အဲဒီတော့ ဗိုလ်မှူးတို့ အဲဒီတုန်းက လမ်းပြမြေပုံ(၇) ချက်ဆိုတာမျိုးကြီးနဲ့လုပ်လာတာကို သဘောမတွေ့လို့ ဝန်ကြီး ချုပ်ရုံးရဲ့ ဝန်ကြီးရုံးကနေပြီးတော့ ထွက်စာတင်တဲ့အခါမှာ၊ ဘာများ အခက်အခဲ တွေ့ရပါ သလဲ။ ဘာများ အရေးယူခံရတာမျိုး ရှိပါသလဲ ခင်ဗျ။
ဦးမြတ်နိုး။ ။ ကျနော့်ရဲ့ ကိုယ်ပိုင်ခံစားချက်နဲ့ ကျနော်က အဲဒီတုန်းက သူတို့ပေးတဲ့ တာဝန်ကို သဘောမကျဘူး။ မထမ်းဆောင်နိုင်ဘူး။ မထမ်းဆောင်နိုင်တဲ့အတွက် တာဝန်ကို ငြင်းဆိုတယ်။ ငြင်းဆိုတော့ ဝန်ကြီးက ခေါ်တွေ့တယ်။ ခေါ်တွေ့ပြီးတော့ သူ့နှုတ်မိန့်နဲ့ ထုတ်ပစ်လိုက် တယ်။ (လမ်းပြမြေပုံ) ကို အယုံကြည် မရှိဘူးဗျ။ အယုံကြည်မရှိတာက အဓိကပေါ့ဗျာ။ နောက် second thought ဝင်လာတယ်။ second thought ဝင်လာပြီးတော၊့ ကျနော် ဒီပေးတဲ့ တာဝန် မထမ်းဆောင်နိုင်ပါဘူးလို့ ပြောတဲ့အချိန်မှာ “အေး မင်း မထမ်းဆောင်နိုင်ရင် ထုတ်တယ်” ဆိုပြီးတော့ ထုတ်ပစ်လိုက်တယ်။ ဒါပါပဲ ခင်ဗျ။
ဦးရော်နီညိမ်း။ ။ ဗိုလ်မှူးစိုင်းသိန်းဝင်းကတော့ ဒီ ရှစ်လေးလုံး လူထုအုံကြွမှုကြီး ဖြစ်တဲ့အချိန်မှာ ကျနော်တို့ သိထားရသလောက် အလယ် တန်း ကျောင်းသားငယ်လေး တစ်ယောက်ပဲ ရှိနေသေးတဲ့အတွက်၊ ဗိုလ်ကြီးစိုင်းဝင်းကျော်တို့ ဗိုလ်မှူးဟောင်း ဦးမြတ်နိုးတို့လို ဒီလိုမျိုး မကြုံခဲ့ရ ဘူးပေါ့ နော်။ ဒါပေမယ့် ဗိုလ်မှူးစိုင်းသိန်းဝင်းမှာ ထူးခြားတာက၊ RITဆင်းအင်ဂျင်နီယာအရာရှိတွေဟာ အရပ်သားတွေက လာတာမို့ မယုံကြည် ရတဲ့အတွက်ကြောင့်၊ ပိုပြီး ယုံကြည်ရတဲ့ လူငယ်လေးတွေ ဆယ်တန်းအောင်ကာစလေးတွေကနေပြီး စုဆောင်းပြီးတော့မှ၊ recruitလုပ်ပြီးတော့ မှ အင်ဂျင်နီယာ အရာရှိတွေ မွေးထုတ်မယ် ဆိုပြီး ထောင်ခဲ့တဲ့ DSTA (Defence Services Technical Academy) ပထမဆုံးအပတ်စဉ်က နေ ဗိုလ်သင်တန်းဆင်းတဲ့ အရာရှိ ဖြစ်နေတယ်။ အဲဒီ ထူးခြားချက်ရှိတယ်ပေါ့နော်။ ဒါပေမယ့်လည်း ဗိုလ်မှူးစိုင်း သိန်းဝင်းမှာလည်း ခုန ဗိုလ်ကြီး စိုင်းဝင်းကျော်တို့လို ဦးမြတ်နိုးတို့လို second thought ဝင်သွားခဲ့တာ၊ ကျနော်တို့ တွေ့ရတယ်။ ကိုယ့်ခေါင်းဆောင်တွေ အပေါ်မှာ မယုံကြည်မှု၊ ကိုယ်ပါဝင်နေရတဲ့ တပ်မတော်ဆိုတဲ့ အဖွဲ့အစည်းပေါ်မှာ ယုံကြည်မှု ပျက်ပြားသွားရတဲ့ ဒုတိယအတွေးကို ဖြစ်ပေါ်စေတဲ့စေ့ဆော်မှုဟာ ဘာဖြစ် တယ်လို့ အခုအချိန်မှာ ပြန်ပြီး သုံးသပ်လို့ ရပါသလဲခင်ဗျ။
ဗိုလ်မှူးဟောင်းစိုင်းသိန်းဝင်း။ ။ အဲဒါကတော့ အလုပ်ပဲဗျ။ ကျနော် အတွေးအခေါ်ပြောင်းတာကတော့ အလုပ်ထဲ စရောက်ကတည်းကိုက ပြောင်းတယ်လို့ပဲ ကျနော် ပြန်တွေးမိတယ် ခင်ဗျ။ ကျနော် အလုပ်ထဲကို ရောက်သွားတဲ့ အချိန်မှာ အရာရှိဖြစ်လာတဲ့ အခါကျတော၊ ပိုပြီးတော့ ထဲထဲဝင်ဝင် သိလာတာပေါ့ဗျာ။ ကျနော့် mother unit ကပစ (၃) (ကာကွယ်ရေးပစ္စည်းစက်ရုံ - အမှတ် ၃) မှာ တာဝန်ကျတဲ့အချိန် စက်ရုံတရုံ လုံးမှာ သွားနေတဲ့ လုပ်ငန်းအဆင့်ဆင့်ကို လိုက်ပြီး စစ်ဆေးရတာလေးတွေ ရှိတယ်။ ပြီးတော့ စက်ရုံပြင်ပမှာ တွေ့နေတာလေးတွေလည်း ရှိ တယ်။ စက်ရုံပြင်ပမှာ ဘာတွေ့သလဲဆိုတော့ လ္ဘက်ရည်ဆိုင်မှာ သံထိုင်ခုံလေးတွေ၊ နောက်ပြီးတော့ စက်ဘီးက အပိုပစ္စည်းလေးတွေကို ကျနော်တို့တပ်က ရဲဘော်တွေက တပ်ထဲက သံတွေ ခိုးပြီးတော့ အဲဒီလိုမျိုး လုပ်ပေးနေတာပေါ့ဗျာ။ outside money ပေ့ါ။ ဆိုတော့၊ ကျနော် သိထားတာက ကျနော်တို့ မြန်မာနိုင်ငံမှာ အဲဒီအချိန်ကတည်းကိုက sanction က ရှိနေပြီကိုး။ လက်နက်နဲ့ပတ်သက်တာ အားလုံးက ဘာမှ ဝယ်လို့မရဘူး။ အကုန်လုံး ဈေးကြီးပေး ဝယ်နေရတယ်။ မှောင်ခိုဈေးကနေ ဝယ်နေရတယ်။ Fritz Warner (၁၉၆၂ ခုနှစ်က စပြီး၊ ကပစ စက်ရုံ များအတွက် လိုအပ်သမျှ ဆောင်ရွက်ပေးသည့် ဂျာမန်ကုမ္ပဏီ) ကလည်း၊ မြန်မာပြည်က ထွက်သွားပြီ။ တတိယနိုင်ငံကနေ ကြားခံပွဲစားတွေနဲ့ ခက်ခက်ခဲခဲ ဝယ်လာခဲ့ရတဲ့ ဒီ material တွေကို၊ အဲဒီလို အလွဲသုံးစားလုပ်တယ်ဆိုတော့၊ ကျနော် တော်တော်ကို စိတ်ပျက်သွားတာပေါ့။ ပြီး တော့ အဲဒီရဲဘော်တွေကိုလည်း ကျနော်က လိုက်ဖမ်းတယ်ဗျ။ ဒီရဲဘော်တွေက ဒါ ဖြုန်းတီးတယ်ပေါ့။ ဒါ အလေအလွင့်ပဲ ဆိုပြီး လိုက်ဖမ်းတဲ့ အချိန်မှာ၊ ရဲဘော်တွေကလည်း သူတို့က ချမ်းသာအောင်ဆိုပြီးတော့ လုပ်နေတာ မဟုတ်ဘူးဗျ။ စားမလောက်လို့ ဒါ လုပ်နေရတဲ့ ဥစ္စာ၊ သူတို့ အဲဒီလို ခိုးဝှက်နေတာတောင်မှ သူတို့ဘဝမှာ စားမလောက်ဘူး။ သူတို့ရဲ့ အခြေအနေတွေကို ကျနော် သွားမြင်တဲ့အခါကျတော့ ဒါကို ကျနော် လက်မခံနိုင်ဘူးပေါ့ ဗျာ။ ဘာလို့ ဒီလို ဖြစ်နေရတာလဲ ဆိုတာပေ့ါ။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီတုန်းက ဗိုလ်မှူးက ဒီဟာတွေ မြင်ရတဲ့ အခါမှာ၊ ကိုယ်သိထားတဲ့ အသိနဲ့ လွဲချော်နေတာကို တွေ့ရတဲ့ အချိန် မှာ ဗိုလ်သင်တန်းဆင်းပြီးကာစ ဆိုတော့၊ အသက်အားဖြင့် ဘယ်လောက်လောက် ရှိနေပြီလဲ။
ဗိုလ်မှူးဟောင်းစိုင်းသိန်းဝင်း။ ။ ကျနော်က အဲဒီတုန်းက ၂၂ နှစ်ရှိပြီ အဲဒီတုန်းက။ Lieutenant စဖြစ်တဲ့အချိန်မှာ။
ဦးရော်နီညိမ်း။ ။ အဲဒီတော့ ဗိုလ်သင်တန်းဆင်းပြီးကာစ အသက်(၂၀)ကျော်လောက်မှာပဲ ဒုတိယအတွေး ဝင်တော့မယ့် အလားအလာတွေ ရှိလာနေပြီပေါ့ နော်။ ဒီလိုမျိုးတွေ ကြုံလာတယ်။ ဒါပေမယ့် ဗိုလ်မှူးက ထူးချွန်သူဖြစ်တဲ့ အတွက်ကြောင့်မို့ ရုရှနိုင်ငံကို ပထမဆုံးအကြိမ် ပညာ သင်ကြားဖို့ စေလွှတ်ခြင်းခံရတဲ့ အရာရှိတဦးလည်း ဖြစ်ခဲ့တယ်။ ဆိုတော့ ခုနက ကျနော်တို့ပြောတဲ့ ဒုတိယအတွေး ဝင်လာရာကနေပြီးတော့ breaking point ကို ဘယ်အချိန်မှာ ရောက်သွားလဲခင်ဗျ။ လုံး၀ တခါတည်းကို ဒီအဖွဲ့အစည်းနဲ့ ကိုယ်နဲ့ စခန်းပြတ် လမ်းပြတ် ဘယ်အချိန်မှာ ရောက်သွား သလဲခင်ဗျ။ ဘာအကြောင်းကြောင့် ရောက်သွားပါသလဲ။
ဗိုလ်မှူးဟောင်းစိုင်းသိန်းဝင်း။ ။ breaking point ကိုရောက်တယ်ဆိုတာလည်း တဖြည်းဖြည်းနဲ့ pressure ဖြစ်လာတာပေါ့ဗျာ။ ကျနော်က ဒါကို လက်ခံလို့ မရဘူး။ ကိုယ်ကိုယ်တိုင်ကလည်း အဲဒီလို outside money ဆိုတာမျိုးကို လုံး၀ စိတ်လည်းမဝင်စားဘူး။ ရဖို့အတွက်လည်း ကြိုးလည်း မကြိုးစားခဲ့ဖူးဘူး။ ပြီးတော့ နိုင်ငံက ဆင်းရဲနေတယ်ဆိုတာကို ကျနော်က မြင်တယ်။ တဖြည်းဖြည်းချင်းပေါ့ ဗျာ၊ အခု ဖြစ်လာတာ ပြည်သူတွေက ငတ်ပြတ်လာတဲ့အခါ အဲဒီ ပြည်သူတွေထဲမှာ ဘယ်သူတွေပါလဲဆိုတော့ ကျနော့် မိဘတွေ ပါတယ်။ ကျနော့် ညီအစ်ကိုမောင်နှမ တွေပါနေတယ်။ ကျနော့်အမ အကြီးဆုံးဆိုရင် သူ့လစာ မလောက်မငှနဲ့ ကလေးသုံးယောက်နဲ့ သူ ကိုယ့်ကိုယ်ကို သတ်သေသွားတယ်ဗျာ။ ကျနော့်မှာ လစာကောင်းတယ်။ ကျနော် ထောက်ပံ့ထားရင်ကော မဖြစ်နိုင်ဘူးလားဆိုတော့ ဒါ အဓိပ္ပါယ်မရှိဘူးဗျ။ တိုင်းပြည်တပြည်မှာ လူတွေ အားလုံးက သူ့လုပ်ခ၊ သူ့လစာနဲ့သူ စားလောက်နေရမယ်။ အဲဒါကို စီမံခန့်ခွဲပေးနိုင်ခြင်း မရှိရင် ဘာလို့ ဒီအာဏာကို ယူထားဦးမှာလဲ ဆိုတဲ့ဥစ္စာ ကို၊ ကျနော်က စဉ်းစားမိတာပေါ့ဗျာ။ နောက်ဆုံးမှာ ဒီ nuclear စီမံကိန်းဆိုတဲ့ ဥစ္စာကြီးကလည်း အဓိပ္ပါယ်မရှိ လိမ်ညာထားတဲ့ ဥစ္စာတွေ၊ ကျနော်အများကြီး သွားတွေ့တယ်။
ဦးရော်နီညိမ်း။ ။ သောတရှင်များ ခင်ဗျာ။ စစ်တပ်နှင့် အမိန့်နာခံမှု အပိုင်း (၈) ကိုတော့ နောက်သီတင်းပတ် စနေ နေ့ မနက်နဲ့ ညနေခင်း ဗီအိုအေ မြန်မာပိုင်းအစီအစဉ် “တပ်မှူးတပ်သား ပြောစကား” ကဏ္ဍမှာ ဆက်ပြီး ထုတ်လွှင့်ပေး သွားမှာ ဖြစ်ပါတယ်။ စောင့်မျှော် နားဆင်ကြပါ။ ကျနော် ရော်နီညိမ်း ပါ။