သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျပ်ငွေလဲနှုန်း ပေါက်ဈေးနဲ့အညီ အရှင်ထားတော့မည်


မြန်မာနိုင်ငံမှာ မှောင်ခို ငွေလဲဈေးကွက် ပပျောက်အောင်နဲ့ ငွေလဲနှုန်း တမျိုးတည်း ဖြစ်အောင် ပေါင်းစည်းဖို့ ရည်ရွယ်ချက်နဲ့ လာမယ့် ဘဏ္ဍာရေးနှစ်ကစပြီး - ငွေလဲလှယ်နှုန်းတွေကို ဈေးကွက်ပေါက်ဈေးအတိုင်း နှုန်းအရှင် ထားရှိတော့မယ်လို့ သိရပါတယ်။ ဒါပေမဲ့လည်း အဲ့ဒီလို လုပ်ဆောင်တဲ့နေရာမှာ လက်ရှိ ငွေလဲနှုန်း ထားအတိုင်း အတည်ပြု သတ်မှတ်သွားမယ်ဆိုရင် နိုင်ငံခြားပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ အခက်အခဲရှိနိုင် တယ်ဆိုပြီး ဘဏ်လုပ်ငန်းရှင်တွေနဲ့ စီးပွားရေးပညာရှင်တွေက ပြောဆိုနေတာပါ။

မြန်မာနိုင်ငံမှာ ဘဏ်ငွေကြေးဈေးကွက် ဖွံ့ဖြိုးဖို့နဲ့ ဧပြီလ ၂၀၁၂ - ၂၀၁၃ ဘဏ္ဍာရေးနှစ်ကို စတင်တဲ့အခါ - ငွေလဲလှယ်နှုန်းကို လက်ရှိပေါက်ဈေးအတိုင်း နှုန်းအရှင် ထားရှိတော့မယ်ဆိုတဲ့အကြောင်း - မြန်မာနိုင်ငံ တော် ဗဟိုဘဏ်ရဲ့ အထောက် အထားကို ကိုးကားပြီး ရိုက်တားစ် သတင်းမှာ ရေးသားထားပါတယ်။ အဓိက ကတော့ - မြန်မာနိုင်ငံမှာ အမျိုးမျိုး ဖြစ်နေတဲ့ နိုင်ငံခြားငွေ လဲလှယ်မှုကို တပေါင်းတစည်းတည်း ဖြစ်အောင် ဒီလကုန် နောက်ဆုံးထား လုပ်ဆောင်သွားဖို့ ပြင်ဆင်နေတဲ့အကြောင်း ဗဟိုဘဏ် အကြီးအကဲ တဦးကနေ ပြောဆိုထားတာပါ။ ဒီအခြေအနေနဲ့ပတ်သက်ပြီး - မြန်မာနိုင်ငံ ဗဟိုဘဏ် ဥက္ကဌဟောင်း လည်းဖြစ် - လက်ရှိ အစိုးရရဲ့ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန အကြံပေးအဖွဲ့ခေါင်းဆောင်လည်းဖြစ်တဲ့ ဦးသန်းလွင် ကတော့ -

“သူတို့အနေနဲ့တော့ လဲလှယ်နူန်းကို သတ်မှတ်မယ်လို့တော့ပြောပါတယ် နောက်ဘက်ဂျက်က ဧပြီလဆိုတော့လည်း ကျနော်တို့ ဒါမဖြစ်ဘူးလို့တော့ မပြောတတ်ဘူး ဖြစ်နိုင်ပါတယ်။ ငွေလဲနူန်း ကတော့ တည်ငြိမ်မူတခုရှိရင်တော့ ပိုပြီးတော့မှ အဆင်ပြေမယ်လို့ထင်ပါတယ်။ စီးပွားရေး လုပ်ငန်းရှင်တွေက ကျတော်တို့တည်တည်ငြိမ်ငြိမ်ဆိုရင် ဘယ်လောက်နဲ့ငွေလဲလှယ်ပြီးတော့ အလုပ်လုပ်ရမယ် ကုန်ထုတ်ရမယ် ကုန်သွင်းရမယ် စသည်အားဖြင့် တွက်ခြေကို အနီးစပ်ဆုံး တွက်လို့ရမယ်။ သို့သော် လက်ရှိ ရှိနေတဲ့ ငွေဈေးလောက်ကို ကြိုက်ပြီလို့လည်း သတင်းတခု ထွက်တဲ့အတွက် တကယ်လို့ အဲ့ဒါကြိုက်ပြီလို့ပြောတာက တာဝန်ရှိသူတွေအပိုင်းကကြိုက်တာလား အစိုးရပိုင်းက ကြိုက်တာလားဆိုတာ ကျတော်တို့က တိတိကျကျ မပြောတတ်သေးပါဘူးခင်ဗျာ။”

မြန်မာနိုင်ငံရဲ့ တရားမဝင် ငွေလဲနှုန်း မှောင်ခိုဈေးကွက်မှာ ၁ ဒေါ်လာကို ၈၀၀ ဝန်းကျင်ပေါက်နေချိန် - လက်ရှိ မြန်မာအစိုးရရဲ့ တရားဝင် ငွေလဲနှုန်းက ၁ ဒေါ်လာကို ၆ ကျပ်သာသာပဲရှိနေတာပါ။ အစိုးရအနေနဲ့ ဒီလို မှောင်ခိုငွေလဲဈေးကွက် မရှိတော့အောင် - ဘဏ်တွေမှာ တရားဝင် ပေါက်ဈေးအတိုင်း လဲလှယ်နိုင် အောင် - ဘဏ်ငွေကြေးဈေးကွက် ခိုင်မာအောင်လို့ စီစဉ်နေပေမဲ့ စီးပွားရေးလုပ်ငန်းကတော့ - အစိုးရရဲ့ နှုန်းကို ပြင်သင့်တယ် - လက်ရှိ ဈေးအတိုင်း သွားရင် စီးပွားရေး လုပ်ငန်းရှင်တွေ အခက်အခဲ ဖြစ်နိုင်တယ် ဆိုပြီး ပြောဆိုနေတာပါ။

“ဒီအခုလက်ရှိ ရှိနေတဲ့ ၈၁၀ - ၈၁၅ ကျပ်လောက်နဲ့ လဲလှယ်နိုင်လောက်တဲ့ ဈေးလောက်နဲ့ နေမယ် ဆိုရင်တော့ လုပ်ငန်းတွေရဲ့ အနေအထားနဲ့ ငွေတန်ဖိုးနဲ့ ဆိုရင်တော့ လုပ်ငန်းရှင်တွေ လုပ်ငန်း လုပ်ဖို့ အခက်အခဲရှိနိင်တယ် မတိုးတက်နိုင်ဘူး ကျနော်တို့က ကျနော်တို့ မှန်းထားတာ တော့ ၉၅၀ နဲ့ အထက်နဲ့ လဲလှယ်နူန်းနဲ့ရဖို့ ရေထွက်လုပ်ငန်းနဲ့ပတ်သတ်တော့ ကျနော်တို့ ရေထွက်ပစ္စည်းတွေ ကို နိုင်ငံခြား အိပ်စပို့ ပို့တယ် ပြန်ပြီးတော့ မြန်မာငွေနဲ့ လဲတယ်ဆိုရင် ကျနော်တို့က ၉၅၀ လောက် အောက်ခံရမှ ကျတော်တို့ရဲ့ ကုန်ထုတ်လုပ်မူက ပျမ်းမျ နည်းနည်း အဆင်ပြေတဲ့ သဘောရှိပါတယ်။ အဲဒီ့ထက် နိမ့်မယ်ဆိုရင် ကျနော်တို့ လုပ်ငန်းတွေကို လုပ်ရတာ အခက်အခဲဖြစ်ပါတယ် ခင်ဗျာ။”

မြန်မာနိုင်ငံ ဗဟိုဘဏ် ဥက္ကဌဟောင်း ဦးသန်းလွင် ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ တက်လာပြီး တဲ့နောက်ပိုင်း - စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင်အတွက် တချို့အပိုင်းတွေမှာ ပြုပြင်ပြောင်းလဲမှု တွေကို တော်တော်များများ လုပ်ဆောင်လာနေတာပါ။ မြန်မာနိုင်ငံမှာက နိုင်ငံခြားငွေကိုလည်း အရင်က တရားဝင် ကိုင်ဆောင်ခွင့် မပြုခဲ့သလို - နိုင်ငံခြားငွေနေရာ အစားထိုးသုံးတဲ့ FEC (ခေါ်) နိုင်ငံခြားငွေလဲ လက်မှတ်တွေသာ အသုံးပြုခွင့်ရခဲ့တာပါ။ ဒါပေမဲ့ FEC ကိုလည်း ပယ်ဖျက်တော့မယ်ဆိုတဲ့ သတင်းတွေ မကြာသေးခင်က ထွက်ပေါ်နေသလို နိုင်ငံခြားငွေ တရားဝင် ကိုင်ဆောင်ခွင့် ပြုတဲ့သဘောနဲ့ ပြီးခဲ့တဲ့လ ကစပြီး - မြန်မာနိုင်ငံက နိုင်ငံခြားငွေလဲ ကောင်တာတွေ ဖွင့်ထားတဲ့ ဘဏ်တိုင်းမှာ ဘယ်သူမဆို စာရွက် စာတမ်း ပြစရာမလိုဘဲ အမေရိကန် ဒေါ်လာ တစ်သောင်းအထိ လဲခွင့် ပြုလိုက်တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ အခုလို ငွေလဲနှုန်းအပါအဝင် ဘဏ္ဍာရေးလုပ်ငန်းတွေမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ ရည်ရွယ်ပြီး မနှစ်ကစလို့ IMF နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ကြီးကနေ နည်းပညာ ဆိုင်ရာနဲ့ အကြံဉာဏ်ပေးတဲ့အပိုင်းတွေမှာ အကူအညီပေးခဲ့တာရှိ သလို - ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေး ဘဏ်တို့နဲ့လည်း ချိတ်ဆက်လုပ်ဆောင်လာနေတာဖြစ်ပါတယ်။

XS
SM
MD
LG